Tuesday, May 17, 2016

လိပ်ကျွန်းလူသတ်မှု အယူခံဝင်ရန် အဆင်သင့်ဖြစ်

နန်းမြနဒီ


ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း (ခိုတောင်ကျွန်း)မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အယူခံဝင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ဒီအမှုမှာလိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

စာမျက်နှာ ၃၀၀ ကျော်ရှိမူရင်းအမှုတွဲကို အချိန်ယူ လေ့လာသုံးသပ်ပြီးတဲ့နောက် အယူခံလွှာ ရေးသားပြီးစီးသွားပြီဖြစ်တဲ့အတွက် လာမယ့်မေလ ၂၃ ရက်နေ့ ကော်ဆမွီ ခရိုင်တရားရုံးမှာ အယူခံဝင်မှာဖြစ်ပါတယ်။

မြန်မာလူငယ် ၂ ဦးလွတ်မြောက်ရေး လိုက်ပါဆောင်ရွက်ပေးနေသူ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ဦးစိန်ဌေးက “အယူခံလွှာကို ထိုင်းရှေ့နေများကောင်စီအဖွဲ့ကနေ ၅ လ လောက်အချိန်ယူပြီးတော့ ရေးသားခဲ့ရတယ်။ အခု အားလုံး အချောသပ်ပြီးစီးသွားပါပြီ။ စာမျက်နှာ ၂၀၀ လောက်ရှိပါတယ်။ အဲဒီမှာ မှုခင်းဆေးသိပ္ပံ ပညာရပ်ပိုင်းဆိုင်ရာမှာ နိုင်ငံခြားက ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်တွေ သုံးသပ်ချက်တွေ ရယူခဲ့ရတယ်။ ဘာသာပြန်ကိစ္စမှာလည်း တော်တော် ခက်ခဲတယ်။ မြန်မာအစိုးရက စေလွှတ်တဲ့ ပညာရှင် ၃ ဦးရဲ့ သုံးသပ်ချက်တွေလည်း ပါပါတယ်။ အခု အဲဒီအယူ ခံလွှာပြီးသွားပြီဆိုတော့ လာမယ့်အပတ် တနင်္လာ(မေလ ၂၃ ရက်)နေ့မှာ အယူခံလျှောက်ထားမယ်။ ထိုင်းရှေ့နေ ကောင်စီ အမှုလိုက်အဖွဲ့နဲ့အတူ ၀င်းနဲ့ ဇော်တို့ရဲ့ မိခင်တွေလည်း လိုက်ပါကြမယ်။”

လူသတ်မှုမှာ သက်သေမခိုင်လုံဘဲ သေဒဏ်အပစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၀င်းဇော်ထွန်း နဲ့ ဇော်လင်းတို့ ၂ ဦး လွှတ်မြောက်ရေးအတွက် ဒီအယူခံလွှာဟာ အလွန်အရေးကြီးကြောင်း ၊ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများကောင်စီဘက်ကလည်း တော်တော်အားစိုက်ပြီး ရေးသားထား တဲ့အတွက် တရားလွှတ်တော်ဆီ ဆက်လက်တင်ပြရာမှာ အားကောင်းစေပြီး အောင်မြင်မယ်လို့ ယုံကြည်ကြောင်း သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံ အစိုးရအနေနဲ့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကိစ္စကို ၀င်ရောက်စွက်ဖက်လို့ မရပေ မယ့် မိမိနိုင်ငံသား ၂ ဦးလွှတ်မြောက်ရေးအတွက် လက်တွေ့ကျတဲ့ ၀ိုင်းရံကူညီမှုကို မျှော်လင့် ကြောင်း ကိုစိန်ဌေးက ပြောသွားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း(လိပ်ကျွန်း)မှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး အဲဒီကျွန်းပေါ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူငယ် ၂ ဦးကို ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့ မှာ သေဒဏ်စီရင်ခဲ့ပါတယ်။

No comments: