Thursday, May 12, 2016

တိုက်ပွဲတွင်း အရပ်သားများ ထိခိုက်မှု ကန့်ကွက်ရှုတ်ချ

နန်းမြနဒီ


မြန်မာနိုင်ငံ အနောက်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ်သားတွေ အသတ်ခံရတာ၊ နေအိမ်မီးရှို့ခံရတာ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေကို ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။

ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းလက်နက်ကိုင်အဖွဲ့၊ လူမှုအခြေပြုအဖွဲ့တွေ အားလုံးပေါင်း ၈ ဖွဲ့ပါဝင်တဲ့ SSJAC အဖွဲ့ဟာ မေလ ၁၁ ရက် နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။

အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းမှာ ရွာမီးရှို့မှုတွေ၊ ရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေတဲ့အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချသလို အစိုးရသစ်လက်ထက် နိုင်ငံရေးဆွေးနွေးပွဲစတင်ဖို့၊ အပစ်ခတ်ရပ်ဖို့ ကြိုးစားစဉ် တိုက်ပွဲတွေ မဖြစ်သင့်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီအစိုးရသစ်လက်ထက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း မိုင်းဝီးဘက်မှာ ရွာမီးရှို့ခံရတာ၊ ရွာသားတွေ ဖမ်းဆီးခံရတာ၊ အသတ်ခံရတာတွေ ရှိတယ်။ တဘက်နဲ့ တဘက်စွပ်စွဲနေကြတာကိုတော့ မပြောတော့ဘူး။ အဓိကက ထိခိုက်နစ်နာတဲ့ လူထုတွေကိုပဲ အာရုံစိုက်တာ ဖြစ်တယ်။”
SSJAC အဖွဲ့ဟာ ကျောက်မဲမြို့နယ်နဲ့ နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသက စစ်ဘေးရှောင် ပြည်သူတွေအတွက် အလှူငွေ ကျပ်သိန်း ၁၀၀ စီ ပေးပို့ကူညီခဲ့တယ်လို့ သူက ဆက်ပြော ပါတယ်။

တိုက်ပွဲတွေ ရပ်တံ့ရေးအတွက် အမြန်ဆုံးတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းကြောင်း၊ အထူးသဖြင့် ရှမ်းပြည်နယ်က တီအန်အယ်လ်အေ နဲ့ အာစီအက်စ်အက်စ်တို့ကြား တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့လက SSJAC က RCSS ကို ညှိနှိုင်းသလို၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ကို ညှိနှိုင်းပြီး ကြားဝင်စေ့ စပ်ပေးခဲ့ပေမယ့် တွေ့ဆုံမယ်နေ့ရာနဲ့ ပတ်သက်ပြီး သဘောတူချက်မရခဲ့ဘူးလို့ ဦးစိုင်းညွန့်လွင်က ပြောသွားပါတယ်။

အရင်ဦးသိန်းစိန်အစိုးရနဲ့ တပြည်လုံး အပစ်ခတ်ရပ် လက်မှတ်မထိုးရသေးတဲ့ ရက္ခိုင့်တပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော်တို့ဟာ အစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ကလည်း အစိုးရတပ်နဲ့ရော အပစ်ခတ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ပါ တိုက်ပွဲတွေ ဖြစ်နေတာပါ။

အဆိုပါတိုက်ပွဲကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ေ တ်ာဘက်တွေမှာ စစ်ဘေးရှောင်ပြည်သူ ၁၅၀၀ ကျော်၊ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်မှာ ၁၀၀၀ ကျော်၊ နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသမှာ ရှမ်းရော ပလောင်ပါ စုစုပေါင်း ၁၀၀၀ ကျော် ဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

No comments: