Monday, May 9, 2016

လျှပ်စစ်မီးပြတ်တောက်မှု လျှပ်စစ်ပစ္စည်းများ အရည်သွေး ညံ့ဖျင်းမှုကြောင့်ဟု ပညာရှင်ဝေဖန်

အာကာ


ရန်ကုန်မြို့အပါအဝင် တနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ လျှပ်စစ်မီးပြတ်တောက်တဲ့ ဖြစ်စဉ်တွေဟာ ရာသီဥတုအပူလွန်ကဲတာနဲ့ လက်ရှိလျှပ်စစ်ပစ္စည်းတွေရဲ့ အရည် အသွေးအားနည်းချက်တွေ ပါဝင်နေတယ်လို့ လျှပ်စစ်ပညာရှင်တဦးက ထောက်ပြ ပြောဆိုပါတယ်။

လျှပ်စစ်ပစ္စည်းအားလုံးဟာ အပူရှိန်လွန်ကဲမှုကို မခံနိုင်တဲ့အတွက် လက်ရှိ ရာသီဥတုဟာ ခုလိုလျှပ်စစ်ဓာတ်အား ပြတ်တောက်တဲ့ဖြစ်စဉ်မှာ အကြောင်းရင်းတခုအနေနဲ့ ပါဝင်နေတယ်လို့ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးအောင်ခိုင်က ပြောဆိုလိုက်တာပါ။

“ဒီပူပြင်းတဲ့ဒဏ်က လူတွေတင်မဟုတ်ဘူး။ ကျနော်တို့ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေ အဲ့ဒီမှာရှိနေတဲ့ လျှပ်စစ်ပစ္စည်းတွေလည်းပဲ ဘယ်စက်ပစ္စည်းမဆို အပူချိန်ကိုကြောက်ပါတယ်။ ဒီအပူချိန်တွေ အရမ်းမြင့်လာတဲ့အခါ စက်ပစ္စည်းတွေ တချို့ ချို့ယွင်းတယ်၊ ပျက်စီးတယ်ဆိုတဲ့ဟာတွေလည်း ဖြစ်ပါတယ်။ ဓာတ်အားခွဲရုံ ဓာတ်အားလိုင်းတွေမှာ ဒီအပူဒဏ်၊ မီးသုံးများလာတဲ့ဒဏ်မခံနိုင်လို့ ချို့ယွင်းပျက်စီးတဲ့ ဟာကြောင့် မီးပျက်တာတွေလည်းရှိပါတယ်။”

ဒါ့အပြင် လက်ရှိ မြန်မာတနိုင်ငံလုံးမှာ သွယ်တန်းထားတဲ့ ဓာတ်အားလိုင်း ဓာတ်အားခွဲရုံတွေရဲ့ ပစ္စည်းတွေကလည်း အရည်အသွေးအားနည်းချက်တွေ ရှိလာပြီလို့ ဆိုပါတယ်။

“အရည်အသွေး မမီတဲ့ပစ္စည်းတွေ အလုပ်ဖြစ်ရင်ပြီးရောဆိုပြီးတော့ သုံးခဲ့ရတာ တွေရှိပါတယ်။ ၀ယ်ပြီးသုံးခဲ့ရတာပေါ့။ ထိုနည်းလည်းကောင်းပဲ အရင်တုန်းကရှိနေတဲ့ပစ္စည်းတွေ မကောင်းတာတွေ အသစ်ဝယ်လဲဖို့အတွက်လည်း ရန်ပုံငွေလုံလောက်မှုမရှိတာတွေက တော်တော်လေးကြုံခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီပစ္စည်းတွေနဲ့ပတ်သက်လို့တော့ အရင် တုန်းကတော့ အရည်သွေးကို ဦးစားပေးမဟုတ်ပေမယ့် အခုနောက်ပိုင်းကိုတော့ ပိုပြီးစိတ်ချ ရတဲ့ ပစ္စည်းတွေသုံးနိုင်အောင်တော့ ဒီလိုတော့ ကျနော်တို့ ဆက်ပြီးတော့ စီစဉ်သွားဖို့ သင့်တယ်လို့ ပြောချင်ပါတယ်။”

ရန်ကုန်မြို့ဟာ တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှုရဲ့ ၅၀ ရာခိုင်နှုန်းကို အသုံးပြုနေပြီး နှစ်စဉ် ဓာတ်အားလိုအပ်ချက် ၁၅ ရာခိုင်နှုန်း တိုးတက်နေပါတယ်။

ဒီနှစ်မှာလည်း ရာသီဥတုပူပြင်းတာကြောင့် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲတာတွေ ရှိနေပါတယ်။ ဒါပေမယ့် ဧပြီလဆန်းကစပြီး လျှပ်စစ်မီးပြတ်တောက်တာတွေ နေ့စဉ်နီးပါး ဖြစ်နေပြီး အများပြည်သူရဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

No comments: