Tuesday, May 10, 2016

ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီရေးအဆို ပယ်ချခံရ

DVB


ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေကို အထောက်အပံ့တွေ အမြန်ဆုံး ကူညီနိုင်ရေး ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပယ်ချလိုက်ပါတယ်။

အဲ့ဒီအဆိုကို ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မေလ ၉ ရက်နေ့မှာ တင်သွင်းခဲ့တာဖြစ်ပြီး အရင်တင်သွင်းခဲ့တဲ့ အဆိုနဲ့ တူနေတာကြောင့် လက်မခံဘဲ ပယ်ချလိုက်တာလို့ ဒေါ်ခင်စောဝေက ဒီဗွီဘီ ကိုပြောပါတယ်။

“ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်ဘက်တွေမှာ ဒုက္ခသည် ၁၅၀၀ ကျော်လောက်ရှိလာနေပြီး အခုအချိန်ထိသတင်းအရကတော့ ၂၀၀၀ လောက်အထိ တိုးလာတာ ပေါ့လေ။ ဒါတွေကို လူမှုအသင်းအဖွဲ့တချို့ရယ်၊ ANP ပါတီရဲ့ကောက်ခံလို့ရတဲ့ အလှူငွေတချို့ရယ် တနိုင်တပိုင်နဲ့ ကူညီစောင့်ရှောက်ပေးနေတာပေါ့လေ။ ရေရှည်အတွက်ဆိုလို့ရှိရင်သူတို့အတွက် စားရေးသောက်ရေးက မလွယ်ဘူး။ ဒါကိုကူညီနိုင်ဖို့နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီတင်ခဲ့တဲ့ အဆိုကို ပြည်သူလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ်က အဆိုတခုကို တင်ပြီးသားဖြစ်တဲ့အတွက် ဒီအဆိုကို လက်ခံဆွေးနွေးဖို့ မဖြစ်နိုင်တော့ဘူးလို့ လွှတ်တော်ဥက္ကဋ္ဌပြောတယ်”

လွှတ်တော်ဥက္ကဋ္ဌက ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က ဦးဝေစိန်အောင်တင်သွင်းခဲ့တဲ့ အမျိုးသား လွှတ်တော်အဆိုမှာလည်း ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ တစိတ်တဒေသပါတာကြောင့် ပြည်သူ့ လွှတ်တော်ကို ထပ်မံပြီးတင်စရာ မလိုအပ်တော့ဘူးလို့ လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့မှုအပေါ် လုံးဝနား မလည်နိုင်တော့ဘူးလို့ သူမက ပြောပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌက အခုလိုပယ်ချလိုက်ကတော့ တိတိကျကျ လုံးဝ နားမလည်နိုင်တော့ဘူး။ ဆရာမတို့ ဒီနေ့ တင်တာကပြည်သူတွေအတွက် အဆိုဖြစ်ပါတယ်။ ပြည်သူတွေ ဒုက္ခ ရောက်နေကြတာကို ကူညီဖို့ အဆိုဖြစ်ပါတယ်။ လွှတ်တော်ရဲ့ဆောင်ပုဒ်ဟာလည်း ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ အဲ့ဒီလို ဆောင်ပုဒ်လေးတွေနဲ့အညီ ပြည်သူတွေ ရဲ့ အခက်အခဲတွေ ပြည်သူတွေကြုံတွေ့နေရတာတွေကို ဆရာမတို့ ဖက်က တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဧပြီ ၄ ရက်နေ့က ဦးဝေစိန်အောင် တင်သွင်းတဲ့အဆိုနဲ့ အခုဆရာမတို့ တင်သွင်းတဲ့အဆိုနဲ့က တခုမှ မဆိုင်ပါဘူး။ တခုမှလည်း မတူပါဘူး”လို့ပြောပါတယ်။

အခုလို လွှတ်တော်ဥက္ကဋ္ဌက ပယ်ချလိုက်တာနဲ့ပတ်သက်ပြီး ကျောက်ဖြူမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က “လွှတ်တော်ဥက္ကဋ္ဌအကြောင်းပြချက်နဲ့ ကျနော်တို့တောင်း ဆိုတဲ့အချက်နဲ့ တိုက်တိုက်ဆိုင်ဆိုင်တော့ မကျဘူးပေါ့့လေ။ ကျနော်တို့အနေနဲ့ကတော့ လွှတ်တော်ကနေတဆင့် အစိုးရအဖွဲ့ကို တိုက်တွန်းတာပေါ့လေ။ အစိုးရ အဖွဲ့ရဲ့ အကူအညီ လိုချင်တာပေါ့။ အစိုးရအဖွဲ့ကပဲ ကူညီနိုင်တာကပေါ့လေ။ လွှတ်တော်က ကူညီနိုင်တာမှ မဟုတ်တာ။ လွှတ်တော်က ကူညီပေးရမှာကတော့ ဒီအဆိုလွှတ်တော်ကို တင်ပြီးတော့ ဆွေးနွးခွင့်ပြုဖို့ ဆွေးနွေးခွင့်ပြုပြီးတော့ နိုင်ငံတော်အစိုးရကတော့ ဒီကိစ္စတွေကို အရေးယူ ဆောင်ရွက်ဖို့။ ကာယကံမြောက် ဆောင်ရွက်ပေးရမှာကတော့ နိုင်ငံတော်အစိုးရဖြစ်ပါ တယ်လို့ ပြောပါတယ်။ ဒါ့အပြင်လွှတ်တော်ကနေတဆင့် ပြောဆိုခွင့်မရှိရင်လဲ နိုင်ငံတော်အစိုးရသမ္မတနှင့် နိုင်ငံတော် အတိုင်အပင်ခံပုဂ္ဂိုလ်ကို အခုဒီကိစ္စနဲ့ပတ်သက်လို့ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆို သွားမယ်”လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်ပွားနေတာကို ချက်ချင်းရပ်စဲပြီး အေအေ ရက္ခိုင့်တပ်မတော်နှင့် နိုင်ငံရေးအရဆွေးနွေးပွဲ ဖိတ်ခေါ်သင့်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ က အမျိုးသားလွှတ်တော်အမတ် ဦးဝေစိန်အောင်က ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့ပေမယ့် မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား ဧပြီ ၁၆ ရက်နေ့ကနေ မေလ ၆ ရက်နေအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂၀၀၀ ကျော် ခိုလှုံနေကြ ရပါတယ်။

No comments: