Tuesday, May 10, 2016

မန္တလေးတွင် လေးလအတွင်း ယာဉ်တိုက်မှုကြောင့် ၄၂ဦးသေဆုံး

အောင်ကိုဦး

မန္တလေးခရိုင်အတွင်းတွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလမှဧပြီလအကုန်ထိ ယာဉ်တိုက်မှုပေါင်း ၁၁၄ မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၄၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၄၃ ဦးရှိခဲ့သည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူး စိန်ထွန်းကပြောသည်။

"ယာဉ်အန္တရာယ်ကင်းရှင်းဖို့ အမြဲဆောင်ရွက်နေတယ်။အသိပညာပေးတာတွေ လက်ကမ်းစာစောင်ဝေတာတွေလုပ်နေတယ်။ယာဉ်တိုက်မှုလျှော့နည်းအောင် ဆင်ဆင်ခြင်ခြင်မောင်းနှင်ဖို့လိုပါတယ်။"ဟု ဒုရဲမှူးစိန်ထွန်းကပြောသည်။

ယာဉ်တိုက်မှုဖြင့်လူသေဆုံးမှုဖြစ်ပွားလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄(က)ဖြင့်အရေးယူနိုင်ပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းသိရသည်။

မန္တလေးခရိုင်အတွင်းတွင် ယာဉ်တိုက်မှုလျှော့နည်းစေရန်အတွက် လမ်းအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုနှင့်လမ်းအသုံးပြုသူများ စည်းကမ်းလိုက်နာရေး စသည့်အချက်များဖြင့် ဆောင်ရွက်လျှက်ရှိသည်။

မန္တလေးခရိုင်အတွင်းတွင် ၂၀၁၅ခုနှစ် ဇန်နဝါရီလမှ ဧပြီလအကုန်ထိ ယာဉ်တိုက်မှုပေါင်း ၁၀၇ မှုဖြစ်ပွားခဲ့ပြီး ၅၄ ဦးသေးဆုံးကာ ၉၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှထုတ်ပြန်ချက်အရသိရသည်။

No comments: