Wednesday, May 11, 2016

ရိုဟင်ဂျာအသုံးအနှုန်း ဆက်သုံးမည်ဟု အမေရိကန်သံအမတ်ကြီး ပြော

ခွန်ဘသာ


ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဆက်သုံးသွားမယ်လို့ မေလ ၁၀ ရက်နေ့က ရန်ကုန်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာဆီရယ် (Scot Marciel) က ပြောလိုက်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ရှောင်ကြဉ်ဖို့ မြန်မာနိုင်ငံခြားရေးဌာန အရာရှိတွေက အမေရိကန်သံရုံးကို အကြောင်းကြားခဲ့တယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်သံအမတ်ကြီး ကိုယ်တိုင်ကတော့ သူတို့အစိုးရအနေနဲ့ ရပ်တည်ချက် ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“တကမ္ဘာလုံး အတိုင်းအတာမှာ ကျနော်တို့ချဉ်းကပ်တဲ့ပုံစံ၊ နိုင်ငံတကာ ကျင့်ဝတ်အရ ပြောမယ်ဆိုရင် ဘယ်မှာပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းတရပ်ဟာ သူတို့လိုချင်တဲ့ နာမည်၊ သူတို့ရွေးချယ်တဲ့ နာမည်အတိုင်းပဲ ကျနော်တို့က ခေါ်ဝေါ် သုံးစွဲသင့်ပါတယ်။ ဒါက အခြေခံကျတဲ့ နိုင်ငံတကာကျင့်ထုံး ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ လေးစားပါတယ်။ ဒါဟာ ကျနော်တို့ ချဉ်းကပ်တဲ့ပုံစံ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ဒီအတိုင်းပါပဲ။”

ပြီးခဲ့တဲ့လကုန်လောက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်း အနီးမှာ လှေမှောက် သေဆုံးသွားသူတွေအတွက် စိတ်မကောင်းဖြစ်ကြောင်း အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေညာချက်ထဲမှာပါတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မကျေနပ်တာကြောင့် သံဃာတွေနဲ့ လူတချို့ ပူးပေါင်းပြီး အမေရိကန်သံရုံးရှေ့ကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ အစိုးရတွေက ရိုဟင်ဂျာလို့ခေါ်တဲ့ မွတ်စလင်တွေ အများစုက ရခိုင်ပြည်နယ်မှာ ရှိနေပါတယ်။

အမေရိကန်သံအမတ်ကြီးက ရခိုင်ပြည်နယ်မှာ ဒေသအတွင်း ယုံကြည်မှု တည်ဆောက်ရေး အရေးတကြီး လိုအပ်နေကြောင်းလည်း ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ တိုးတက်လာဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုး ကောင်းမွန်လာအောင် တွန်းအားပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ပြီးတော့ လူမှုအသိုင်းအ၀ိုင်းတွေကြားမှာ ညှိနှိုင်းဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ဖို့၊ အရေးတကြီး လိုအပ်နေတဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့၊ တချို့ အသိုင်းအ၀ိုင်းတွေကို ချုပ်ချယ်ကန့်သတ်ချက်မှုတွေကြောင့် အခက်အခဲအမျိုးမျိုး ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။”

ရိုဟင်ဂျာအရေးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရခိုင်ပြည်နယ် အပါအ၀င် မြန်မာပြည် မြို့ကြီးတွေမှာ မငြိမ်သက်မှုတွေကို ဦးတည်စေခဲ့ပါတယ်။

အရင်အစိုးရခေတ်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို သူတို့ကို တိုင်းရင်းသားအဖြစ်ရော၊ နိုင်ငံသားအဖြစ်ပါ အသိအမှတ် မပြုခဲ့ပါဘူး။

No comments: