Thursday, May 12, 2016

ပျက်စီးမြေယာလျော်ကြေးရရှိရေးအတွက် တရုတ်ကုမ္ပဏီ CNPC ကို ကျောက်ဖြူတွင် ဆန္ဒပြတောင်းဆို

ကျော်ဝင်း (ကျောက်ဖြူ)


ဂတ်စ်ပိုက်လိုင်းစီမံကိန်းကြောင့် ရွှံ့ဖုံး၍ ပျက်စီးသွားတဲ့မြေယာများလျော်ကြေးရရှိရေးအတွက် ကျောက်ဖြူတွင် မေလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်က မလကျွန်းကျေးရွာအနီးရှိ တရုတ်ကုမ္ပဏီ China National Petroleum Corporation(CNPC) ရုံးရှေ့တွင် လယ်သမား (၈၀) ခန့်​ ဆန္ဒ တောင်းဆိုခဲ့ကြသည်။

ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ဖြူမြို့နယ် လိပ်ခမော်၊ ဂုံးချိန်၊ အုန်းတော စသည့် ကျေးရွာအုပ်စုတို့မှ လယ်သမား ၃၈ ဦးပိုင် လယ်ယာမြေ ဧက (၃၄ ဒသမ ၆၂)ကို ပြန်လည် ပြုပြင်ပေးရေးနှင့် လျော်ကြေးရရှိရေး အတွက် ဒေသခံလယ်သမားများမှ တောင်းဆို ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ် ဂုံးရှိန်ရွာမှ ဒေါ်ကြည်ကြည်နှင်းက “ ပိုက်လိုင်းဖြတ်သွားတဲ့ အတွက် ရွံ့တွေ ဖုန်းသွားတဲ့ လယ်တစ်ဧကို သီးနှံဖိုး အတွက် သူတို့ လျော်ကြေးပေးတဲ့ နှုန်းထားအတိုင်း တစ်ဧက သုံးသိန်းနဲ့ ၅ ဆ လျော်ကြေးပေးမယ်လို့ တရုတ်ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောတယ်။ ဒါဟာ နှစ်ပေါင်း သုံးဆယ်အတွက် ဖြစ်တယ်။ ကျွန်မတို့က လျော်ကြေးထက် ရွံ့ဖုံးနေတဲ့ လယ်တွေကို ပြန်လည် ဖော်ပေးဖို့နဲ့ မိုးတွင်း ပိုက်လိုင်းက ရွံ့နွံတွေ လယ်ထဲကို မစီးဆင်းဖို့ အတွက် ရေနှုတ်မြောင်းတွေ၊ အကာအရံတွေ လုပ်ပေးတောင်းဆိုတယ်။ ကျွန်မတို့ တောင်းဆိုတာကို မလိုက်လျောတဲ့ အတွက် ခုလို ဆန္ဒပြပြီး မိမိတို့ရဲ့ လိုလားချက်တွေကို တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လယ်သမားများ အနေဖြင့် လျော်ကြေးထက် လယ်များကို ဆက်လက် စိုက်ပျိုးနိုင်ရန် စီစဉ်ပေးမှုကိုသာ ပိုလိုလားကြသည်ဟု ဆိုသည်။

ဆန္ဒပြသူများသည် ဂုံးချိန်ကျေးရွာရှိ ပေါ်တော်မူကံ့ကော်တောဘုရားတွင် စုဝေးပြီး မလကျွန်းကျေးရွာအနီး CNPC ရုံးရှေ့သို့ လမ်းလျှောက် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပိုက်လိုင်းမြေယာအရေးဖြေရှင်းပေး၊ ဒေသခံများအရေးလေးစားပါ၊ CNPC Get Out ၊ CNPC ကုမ္ပဏီထွက်သွား ၊ CNPC အလိုမရှိ စသည့် စာသားပါ ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

” ကျ​နော်​တို့လယ်​​မြေ​တွေကို ပြန်​ပြုပြင်​​ပေးဖို့နဲ့ ​တောင်းဆိုဆန္ဒပြတာဖြစ်​ပါတယ်​။ ပြန်​ပြီးမပြုပြင်​​ပေးနိုင်​လို့ရှိရင်​ ကျ​နော်​တို့ကို နှစ်​သုံးဆယ်​စာ​လျော်​​ကြေး​ပေးဖို့​တောင်းဆိုပါတယ်​။ သူတို့​ပေးတဲ့ ငါးနှစ်​စာ​ လျော်​​ကြေးကို မယူနိုင်​ဘူး။ သူတို့​ပေးတဲ့ ငါးနှစ်​စာ​လျော်​​ကြေးက ကျ​နော်​တို့မှာ ပျက်​စီးသွားတဲ့ လယ်​​မြေ​တွေကို ပြန်​ပြီးပြုလို့မရ​နိုင်​ဘူး။ ဒါ​ကြောင့်​ အနှစ်​သုံးဆယ်​​​လျော်​​ကြေး​ပေးဖို့​တောင်းဆိုပါတယ်​” ဦး​ဆောင်​သူ လယ်​သမားတစ်​ဦးဖြစ်​သူ မလကျွန်း​ကျေးရွာမှ ဦးစိုးလွင်​ က​ပြောသည်​။

၎င်းကျေးရွာအုပ်စုမှ လယ်သမား ၄၆ဦး အနက် လယ်သမား ၈ ဦးခန့်မှာ ငါးနှစ်စာ အပြီးပြတ်လျော်ကြေးကို သဘောတူ လက်ခံထားကြပြီး လူပေါင်း ၃၈ ဦးမှာ ငါးနှစ်စာ အပြီးပြတ်လျော်ကြေးကို သဘော မတူသည့် အတွက် နှစ်သုံးဆယ်လျော်ကြေးရရှိရေး (သို့မဟုတ်) ပျက်စီး လယ်ယာမြေများကို နဂိုအတိုင်း ပြန်ပြုပြင်ပေးရန် အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

No comments: