Monday, May 9, 2016

ဖားကန့်မြို့ အနီး အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွား

Kachinnews


ကချင်ပြည်နယ် ကျောက်စိမ်းမှော် ဖားကန့်မြို့အနီး အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၆) ကြား ယနေ့ မွန်းလွဲပိုင်းမှ ညနေပိုင်း အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် KIA တပ်မဟာ (၂) လက်အောက် တပ်ရင်း(၆) တပ်ဖွဲ့ နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တိုက်ပွဲနှင့် ပတ်သက်ပြီး လိုင်ဇာ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူ KIA ဒုဗိုလ်မှုးကြီး နော်ဘူ က “ဆိုင်းဖရာ ဘက် တိုက်ပွဲ ဖြစ်တယ်ဆိုတာ လောက်ပဲ အတည်ပြုနိုင်တယ်။ ဘယ်လောက် အတိုင်းအတာထိ ဖြစ်တယ် ဆိုတာလည်း မသိသေးဘူး။ ပြီးတော့ ထိခိုက်ဒဏ်ရာ ရတာလည်း မသိသေးဘူး။ အစိုးရ ဘယ် တပ်ဖွဲ့ လည်း ဆိုတာလည်း မသိသေးဘူး” လို့ ကချင်သတင်းဌာန KNG ကိုပြောပါသည်။

တိုက်ပွဲ ဖြစ်ပွားသော နေရာမှာ KIA တပ်မဟာ (၂) လက်အောက် တပ်ရင်း ၆ နယ်မြေ၊ ဖားကန့်-ကပ်မော် လမ်းမကြီး ဖားကန့်မြို့ အနီး ဆိုင်းဖရာရွာ (Seng Hpra) အနီးတွင် ဖြစ်ပြီး မွန်းလွဲပိုင်း ၂ နာရီခန့်မှ တိုက်ပွဲ စတင် ဖြစ်ပွားလာကြောင်း သိရပါသည်။

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့၏ တိုက်ပွဲများသည် ဧပြီလအတွင်း ဝိုင်းမော်မြို့နယ် KIA ဗဟိုဌာနချုပ် လိုင်ဇာအနီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်အနီး KIA တပ်မဟာ (၄) နယ်မြေ၊ မူဆယ်မြို့နယ် မုန်းကိုးဒေသ KIA တပ်မဟာ (၆) နယ်မြေ နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့အနီး KIA တပ်မဟာ (၈) နယ်မြေ အသီးသီး တို့တွင်ဖြစ်ပွားခဲ့သည်။

မေလဆန်းတွင်ပင် မံစီမြို့နယ် KIA တပ်မဟာ (၃) နယ်မြေ နှင့် ယခု ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) နယ်မြေ တို့ထိ တိုက်ပွဲများ ကျယ်ပြန့်လာပြီဖြစ်ပါသည်။

No comments: