Tuesday, May 10, 2016

ဒေါ်ဘောက်ဂျာ NDF ပါတီမှ နုတ်ထွက်

ဖနိဒါ

တောင်သူများ၏ လယ်ယာမြေများ သိမ်းယူမှုများ၊ တောင်သူဖွံ့ဖြိုးရေးအတွက် အဓိက ဦးစားပေးဆောင်ရွက်သွားရန် ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာက အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ နုတ်ထွက်လိုက်သည်။

တစ်ဖက်တွင် တောင်သူလယ်သမားများအရေး လုပ်ဆောင်နေရသဖြင့် ပါတီ၏ လုပ်ငန်းများကို ထိရောက်စွာ မလုပ်ဆောင်နိုင်ခဲ့သဖြင့် ပါတီမှ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်ဘောက်ဂျာက မဇ္စျိမကို ပြောသည်။

“ကျွန်မအနေနဲ့တခြားလုပ်ငန်းတွေ အရမ်းများတယ်။ တောင်သူတွေရဲ့ ကိစ္စ၊ ပြည်သူတွေရဲ့ အရင်တုန်းက သိမ်းခံရတဲ့ မြေယာပြဿနာတွေ တောက်လျှောက် ရှင်းနေရတာတွေကလည်း မပြတ်နိုင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် တောင်သူ ဖွံ့ဖြိုးရေးကိုဘဲ အဓိက လုပ်ဆောင်သွားမယ်ဆိုပြီး တောင်သူဖွံ့ဖြိုးရေအတွက် တောင်သူတွေရဲ့ မြေသိမ်း၊ ယာသိမ်း ပြဿ နာတွေ ဦးစားပေးလုပ်ဆောင်သွားချင်လို့ အခုလို့ ပါတီက ထွက်တာပါ”ဟု သူက မဇ္စျိမကိုပြောသည်။

ဒ်ါဘောက်ဂျာ၏ ပါတီမှ နုတ်ထွက်စာကို မေ ၈ ရက်က NDF ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီထံသို့ ပါတီ၏ ကချင်ပြည်နယ် အတွင်းရေးမှူး ဦးဇော်ဂျတ်မှတစ်ဆင့် နုတ်ထွက်စာပေးပို့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် လယ်ယာမြေပြုပြင်ပြောင်းလဲရေးနှင့် လယ်ယာမြေ နေရာပြန်ချထားရေးဌာနမှ မြေယာသိမ်းမှု အမှုတွဲပေါင်း ၃၀ ကျော်ကို စိစစ်ပြီး ဥပဒေနှင့် မညီဘဲ သိမ်းယူထားသည့် လယ်မြေများကို ဥပဒေနှင့်အညီ ပြန်ပေးရန် အစီရင်ခံစာကို ၂၀၁၅ ခုနှစ် မြေလ ၅ ရက်နေ့တွင် ညွန်ကြားစာနှင့်အတူ ထွက်လာခဲ့သော်လည်း အစိုးရဟောင်းမှ အကောင်အထည် မဖော်နိုင်ခဲ့မှုအပေါ် ပြန်လည် ဖြေရှင်းရန်နှင့် တောင်သူများ၏ ဘဝ ဖွံ့ဖြိုးရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြေသာည်။

၎င်းအစီရင်ခံစာအား ပြန်လည် ဖြေရှင်းပေးရန် အပါအဝင် လက်ရှိ ဟူးကောင်းဒေသ တောင်သူများ၏ မြေယာများအား ယုဇန ကုမ္ဗဏီက သိမ်းယူထားမှုနှင့် ပတ်သက်၍ မြေယာများ ပြန်လည် ရရှိရန်အတွက် ယနေ့ မေ ၉ ရက်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ စာရေးသား တင်ပြခဲ့သည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

“အစိုးရဟောင်းက ပြန်ပေးသင့်တယ်ဆိုတာ အစီရင်ခံစာထွက်ပြီးသား ပြန်ပေးသင့်တယ်ဆိုတာ အမှုတွဲ ၃၃ တွဲမှာကျလာတယ်။ ကျလာပေမယ့် အဲဒါတွေကို အစိုးရဟောင်းက ဒါတွေ ဖြေရှင်းထားတာ မရှိတဲ့အတွက် ဆက်ပြီး ဖြေရှင်းဖို့ ဒီနေ့ စာတင်လိုက်တယ်”ဟု ပြောသည်။

သမ္မတ ဦးထင်ကျော်က လယ်ယာမြေနှင့် လယ်မြေသိမ်းဆည်းခံရခြင်းများ ပြန်လည် စီစစ်ရန် စိစစ်ရေး ဗဟိုကော်မတီ တစ်ရပ် ဖွဲ့စည်းကာ အဆိုပါ ကော်မတီမှ လယ်မြေသိမ်းနေမှုများ ရပ်ထားပေးရန် မေ ၅ ရက်စွဲဖြင့် သူက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

လယ်ယာမြေ အသစ် သိမ်းယူရန် မြေယာများ မရှိတော့ဘဲ ယခင် သိမ်းယူထားသော မြေယာများ ဖြေရှင်းပေးရန် တောင်သူများအနေဖြင့် ပြတ်ပြတ်သားသား လုပ်ဆောင်လိုသဖြင့် အစိုးရ သစ်လက်ထက်တွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

ဒ်ါဘောက်ဂျာသည် မြန်မာတစ်နိုင်ငံလုံးမှ လယ်ယာမြေသိမ်းမှုဖြေရှင်းရန် တိုင်းရင်းသားပေါင်းစုံပါဝင်သောအဖွဲ့တွင် ပါဝင်နေသလို၊ လက်ရှိ ကချင်ပြည်နယ်ရှိ တောင်သူလယ်သမားများ၏ အခက်အခဲများကို ဖြေရှင်းပေးနေရသူ ဖြစ်သည်။

NDF ပါတီမှ ၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို၊ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခဲ့သောလည်း ရှုံးနိမ့်ခဲ့သည်။ သူမသည် တောင်သူ လယ်သမားများအရေးကို တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ပေးသဖြင့် မကြာခဏ ဖမ်းဆီး တရားစွဲခံရသူလည်း ဖြစ်သည်။

လက်ရှိ ဒေါ်ဘောက်ဂျာသည် မိုးညှင်းနှင့် ဖားကန့်မြို့နယ်တွင် လယ်ယာမြေနှင့် ပတ်သက်၍ အမှုပေါင်း ၃ မှုဖြင့် တရားရင်ဆိုင်နေရသည်ဟု သိရသည်။ ဖားကန့်မြို့နယ်တွင် လယ်ယာမြေသိမ်းမှုဖြင့် အမှု ၂ မှု တရားစွဲခံရမှုအပေါ် အယူခံ တင်ခဲ့ရာ ပလပ်ခံထားရသည်ဟု သူက ပြောသည်။

No comments: