Thursday, May 12, 2016

NLD ထက် မိမိကိုယ်ကိုသာ ပိုမိုအားကိုးရလိမ့်မည်ဟု ခွန်ထွန်းဦးပြော

SHAN


တိုင်းရင်းသားအရေးတွင် မိတ်ဖက် NLD ပါတီထက် တိုင်းရင်းသားမဟာမိတ်အဖွဲ့များနှင့် တိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ်များကိုသာ အားကိုးရတော့မည်ဟု မေလ ရ ရက်နေ့က ရန်ကုန်မြို့ ကိုးမိုင်ရှိ SNLD ရုံးချုပ်တွင်ကျင်းပသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ အစည်းအဝေးအဖွင့်မိန့်ခွန်းပြောကြားရာတွင် ခွန်ထွန်းဦးက ပြောသည် ။

” အားကိုးတကြီးနဲ့ မဲထည့်လိုက်တယ် ၊ ထည့်လိုက်တဲ့အခါကျတော့ ရလာဒ်က ရခိုင်ကိစ္စမှာ တော်တော်လေးကို သိသိသာသာကြီးဖြစ်သွားပြီ ၊ အဲ့ဒီတော့ ဆိုလိုခြင်းကတော့ ဘယ်နည်းနဲ့မဆို NLD သည် တိုင်းရင်းသားအရေးအတွက်ကတော့ သိပ်အားမကိုးရတော့ဘူး ‘ ဟု ခွန်ထွန်းဦးက ပြောသည် ။

နှစ်ပေါင်း ၂၀ ကျော် NLD ၏ တိုင်းရင်းသားမိတ်ဖက်အဖြစ်ရပ်တည်ခဲ့သည့် သျှမ်းတိုင်းရင်း သားခေါင်းဆောင် ခွန်ထွန်းဦးအနေဖြင့် ယခုကဲ့သို့ NLD အား အားကိုးမရတော့ ဆိုသည့် ဝေဖန်ခြင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါသည် ။

ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားပါတီများနှင့် NLD တို့အကြား ညှိနှိုင်းမှုမရှိခဲ့ပဲ ရခိုင်နှင့် သျှမ်းပြည်နယ်အစိုးရဖွဲ့စည်းမှုတို့တွင် NLD မှ ဦးဆောင်ကာ အခြေခံ ဥပဒေအရဟုအကြောင်း ပြပြီး ပြည်နယ်ဝန်ကြီးချုပ်ရာထူးများရယူခဲ့မှုတွင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ နှင့် NLD တို့အကြား ဆက်ဆံရေးအေးခဲလာမှု စတင်ခဲ့ခြင်းဖြစ်ကာ ရခိုင်ပြည်နယ်မှာဆိုလျှင် ပြည်နယ်အစိုးရဖွဲ့စည်းမှုနှင့် ပတ်သက်၍ ဆန္ဒပြပွဲများပင်ဖြစ်ပေါ်ခဲ့ပါသည် ။

NLD ခေါင်းဆောာင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံအားလပိုင်း အတွင်းကျင်းပလိုသည်ဟု ပြောဆိုထားပြီး အပစ်ခတ်ရပ်စဲရေးနှင့်နိုင်ငံရေးအရ ဆွေးနွေး မှုနှစ်ပိုင်းရှိနေချိန်တွင် ၂ လအတွင်းပင်လုံညီလာခံဆိုသည့်ကိစ္စမှာ ဖြစ်ချင်သည်ကို လျှောက်ပြောနေခြင်းသာဖြစ်သည်ဟု တိုင်းရင်းသားကိုယ်စားလှယ်များက လက်ရှိအချိန်တွင် ဝေဖန်နေကြပါသည် ။

‘ တိုင်းရင်းသားတွေအားကိုးစရာဆိုလို့ UNA ဒါမှမဟုတ် NBF ရှိခဲ့ရင်လည်း NBF ဖြစ်လာမှာပေါ့ဗျာ၊ နောက်ပြီးတော့ ကျနော်တို့ လွှတ်တော်မှာတက်နေတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တွေပေါ့” ဟု ခွန်ထွန်းဦးက ပြောပါသည် ။

မေလ ရ ရက်နေ့က ကျင်းပသည့် အစည်းဝေးသို့ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင် ( UNA အထွေထွေအတွင်းရေးမှူး ) လည်း တက်ရောက်ခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံဖြစ်လာခဲ့လျှင်ပင် ဖက်ဒရာယ်ပြည်ထောင်စုဖြစ်လာရန် အလားအလာနည်းနေကြောင်းနှင့် စိတ်မလျှော့ပဲ ဆက်လက်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ပါသည် ။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှာ တိုင်းရင်းသားပါတီ ၈ ပါတီဖြင့် မူလက ဖွဲ့စည်းထားခဲ့သော မဟာမိတ်အဖွဲ့ဖြစ်ပြီး မေ ရ ရက်နေ့ အစည်းအဝေးအပြီးတွင် အဖွဲ့ဝင် အသစ် တိုင်းရင်းသားပါတီ ၄ ပါတီကို လက်ခံခဲ့ပါသည် ။

No comments: