Tuesday, May 17, 2016

တရွာလုံးမီးရှို့ခံရသည့် နမ့်ခမ်းဒေသခံများအား SNLD နှင့် SSPP တို့ သွားရောက်တွေ့ဆုံထောက်ပံ့

SHAN


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် စစ်ဘေး ၊ မီးဘေးသင့် လူထုများအား နမ့်ခမ်း မြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နှင့် သျှမ်းပြည်တိုးတက်ရေး ပါတီတို့မှ ကူညီ ထောက်ပံ့မှုများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည် ။

၂၀၁၆ မေ ၈ ရက်နေ့ နေအိမ် မီးရှို့ခံရသည့် ဒေသခံ ၃၀၀ နီးပါးအတွက် သျှမ်းတိုင်း ရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နမ့်ခမ်းမြို့နယ် နှင့် သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ စုပေါင်းကာ ကျပ်ငွေသိန်း ၅၀ သွား ရောက် ထောက်ပံ့ခဲ့သည်ဟု ကျားခေါင်းလူငယ်အဖွဲ့မှ စိုင်းနွံ က ပြောသည် ။

“ SSPP/SSA အမှတ် ၉ မြို့နယ် အာဏာပိုင် နဲ့ ကျနော်တို့ စုပေါင်းပြီး သွားရောက် ကူညီတာပါ ။ အဓိက ကတော့ ဖြစ်စဉ် နဲ့ အခြေအနေကို သွားရောက် စုံစမ်းမေးမြန်းတာပါ ။ ရသင့်ရထိုက်တဲ့ အချက် အလက်တွေ ရလာပါတယ် ။ ငြိမ်းချမ်းရေး လမ်းစဉ် အတွက် အထောက်အကူ ပြုနိုင် အောင်လို့ပါ ” – ဟု စိုင်းနွံက ပြောသည် ။

သျှမ်းတိုင်း ရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နမ့်ခမ်းမြို့နယ် မှ ကျပ်ငွေ သိန်း ၃၀ ၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ မှ ကျပ်ငွေ သိန်း ၂၀ စုပေါင်းကာ ဟိုပန်သျှမ်းစာပေယဉ်ကျေးမှုထံ ပေးအပ်ခဲ့သည်ဟု သိရသည် ။

“ မနေ့က မေလ ၉ ရက်နေ့က စားသောက်ဖွယ်ရာနဲ့ အသုံးအဆောင်ပစ္စည်း ၆ ဘီးကားတစီးစာနဲ့ မေလ ၁၀ ရက်နေ့ ဒီနေ့လည်း အသုံးအဆောင်နဲ့ အစားအသောက် ကားနောက်တစီးစာ ထပ်ပြီးလာပို့ပေးပါတယ် ” – ဟု ဆိုပါသည် ။

မေလ ၆ ရက်နေ့က လက်နက်ကိုင်အဖွဲ့တဖွဲ့ အိမ် ခြေ ၆၀ ကျော်ရှိ ဟိုပန်ကျေးရွာအား ဝင် ရောက် မီးရှို့ဖျက်ဆီးခဲ့သည် ။

ဟိုပန်ကျေးရွာ မီးရှို့ခံရမှုတွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဒေသခံများက တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ဝင်များမှ လာရောက်မီးရှို့ခဲ့သည်ဟု ဆိုသော်လည်း TNLA ဘက်က တော့ ၎င်းတို့ လက်ချက်မဟုတ် တိုက်ပွဲကြောင့် လောင်ကျွမ်းရ တာဖြစ်သည်ဟု ထုတ်ပြန် ကြေငြာထားသည် ။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တို့ သည် သျှမ်းပြည်မြောက်ပိုင်း အတွင်း နယ်မြေအငြင်းပွားမှု တိုက်ပွဲများကြောင့် ၂၀၁၅ နှစ်နှောင်းပိုင်းမှ စ၍ နမ့်ခမ်း၊ မန်တုံ ၊ ကျောက်မဲ စသည့် မြို့နယ်များမှ ဒေသခံများ ထောင်ကျော် စစ်ဘေး ရှောင်ခဲ့ရသည် ။

No comments: