Saturday, October 29, 2016

မောင်တောမြို့နယ်မှ ဆရာဆရာမများ အောက်တိုဘာ ၃၀ ရက်နေ့ အရောက်လာရန် ညွန်ကြားထား

ရွှေရအောင်(တောင်ကုတ်)


မောင်တောမြို့နယ် အတွင်း တာဝန် ထမ်းဆောင်နေကြသော ဆရာ ဆရာမများအား အောက်တိုဘာ ၃၀ ရက်နေ့ကို အရောက်လာရန် မြို့နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။

“ကျွန်တော်တို့ အောက်တိုဘာ ၃၀ ရက်မှာ မောင်တောကို အရောက်ခေါ်ထားတယ်ဆိုတာ သတင်းပို့ဖို့ ဆရာ၊ ဆရာမ အားလုံးကို ပြောထားပါတယ်” ဟု မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ ခေါ်ယူထားသော်လည်း လုံခြုံရေးစိတ်မချရသော ဒေသများသို့ ဆရာ ဆရာမမများကို စာသင်ကြားရန် စေလွှတ်မည်မဟုတ်ဟု မြို့နယ် ပညာရေးမှူးက ပြောဆိုသည်။

မောင်တောမြို့နယ်တွင် အစိုးရ စာသင်ကျောင်း (မူ၊ လယ်၊ ထက်) ကျောင်းပေါင်း ၁၈၃ ကျောင်းရှိပြီး ၎င်းကျောင်းများတွင် တာဝန်ကျနေသည့် ဆရာဆရာမ အရေအတွက်မှာ ၁၃၀၀ ကျော်ရှိကြောင်း၊ ယင်းအထဲမှ ဆရာ ဆရာမ ၆၀၀ ကျော်မှာ နယ်ကျောင်းများတွင် တာဝန်ကျနေသူများ ဖြစ်ကြပြီး ၈၅ ရာခိုင်နှုန်း ဆရာမများဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ပေါ်ရှိ ကျောင်းများကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် စတင် ဖွင့်လှစ်ကာ ကျီးကန်းပြင်ဌာနချုပ် စာသင်ကျောင်းများကို အောက်တိုဘာ ၂၆ ရက်နေ့ ပြန်လည် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ကျီးကန်းပြင် ကျောင်းတွင် တာဝန်ကျနေသည့် မြောက်ဦးမြို့နယ်မှ ဆရာဦးမောင်လှမြင့်က အောက်တိုဘာလ ၃၀ ရက်နေ့ကို ဆရာ ဆရာမများကို အရောက်ခေါ်ထားသ်ာလည်း လုံခြုံရေးစိတ်မချရသည့် ကျောင်းများတွင် စာသင်ကြားရန် မလွယ်ကူနိုင်ကြောင်း နိရဉ္စရာသို့ ပြောသည်။

“ အောက်တိုဘာလ ၂၆ ရက်မှာ ကျွန်တော်တို့ ကျီးကန်းပြင်ကျောင်းပြန်လည် ဖွင့်လှစ်တယ်လို့ကြားပါတယ်။ အဲဒီမှာ ဒေသခံတွေကလည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေကြတော့ ဒေသခံရခိုင်တိုင်းရင်းသား ကလေးတွေက စုံညီမယ် အတိုင်းတာ မရှိပါဘဲ ဖြစ်နေတယ်။ ဒီလ ၃၀ ရက်နေ့ အရောက် သတင်းပို့ ပြန်ခေါ်ထားပါတယ် ။ လုံခြုံမှုမရှိရင်လည်း သွားရောက်စာပြဖို့ကတော့ မလွယ်ဘူး။ အဓိကလုံခြုံရေး အပြည်အ၀နဲ့ တင်းကျပ်ဖို့လိုပါတယ်” ဟု ဆက်ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့ နယ်ခြားစောင့်တပ်ဖွဲ့များ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် မောင်တောမြို့ပေါ်တွင် သင်ကြားနေသော ဆရာ ဆရာမမများမှအပ နယ်တွင် သင်ကြားနေသော ဆရာ ဆရာမများအားလုံး နယ်ရပ် ပြန်သွားခဲ့ကြသည်ဟု သိရသည်။

ယခု ၂၀၁၆/၁၇ ပညာသင်နှစ်တွင် မောင်တောမြို့နယ်ရှိ မူလတန်းမှ အထက်တန်းထိ စာသင်ကျောင်း ၁၈၃ ကျောင်းရှိပြီး ကျောင်းသားဦးရေ ကိုးသောင်းကျော်ရှိရာ ထိုအထဲတွင် ၁၀ ရာခိုင်နှုန်းခန့်သာ ဒေသခံ ရခိုင် တိုင်းရင်းသားများ ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးက ပြောဆိုသည်။

No comments: