Tuesday, May 31, 2011

ရန်ကုန်၌ တရားဝင် ဆန္ဒပြခွင့် တောင်းဆို

လင်းသန့် Tuesday, 31 May 2011

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် ရန်ကုန်မြို့တွင် လာမည့် ဇွန်လ ၅ ရက်နေ့၌“တရားဝင်ဆန္ဒပြခွင့်”ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်ထဲရေး ၀န်ကြီးထံ ခွင့်ပြုချက် တောင်းခံထားကြောင်း သတင်းရရှိသည်။

ဆန္ဒပြကြမည့်သူ ၄ ဦးမှာ ဦးဝင်းချို၊ ဦးမင်းအောင်၊ ဦးစိုးကြည်၊ ဦးနေမျိုးဝေ တို့ဖြစ်ပြီး ၄င်းတို့သည် ၂၀၁၀ ရွေးကောက် ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ ကိုယ်စားလှယ်လောင်းများကို ရှုံးနိမ့်ခဲ့သူများလည်းဖြစ် သည်။

ဇွန်လ ၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ် မှ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အထိ ရန်ကုန် မြို့တော်ခန်း မ ရှေ့၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရှေ့၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘေး ဆိုသည့် နေရာ သုံး နေရာ အနက် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုသောနေရာတခုတွင် ဆန္ဒပြမှုကို ပြုလုပ်ရန်အတွက် မေလ၂၆ ရက် နေ့က အစိုးရထံ ခွင့်ပြုချက် တောင်းဆိုထားကြောင်း ဆန္ဒပြမှုတွင် ပါဝင်မည့် ဦးဝင်းချိုက ဧရာဝတီကိုပြောသည်။

ဆန္ဒပြအစီအစဉ်တွင် ဟောပြောခြင်း၊ စာရွက်စာတမ်းဝေငှခြင်းနှင့် အခြားသူများ လိုက်ပါပူးပေါင်းဆန္ဒပြခြင်းများကို လုပ် ဆောင်ခွင့်ပြုမည် မဟုတ်ဘဲ မီဒီယာများနှင့် အင်တာဗျူးခြင်းသာရှိမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ် ၄ ဦး၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ယခုလှုပ်ရှားမှုသည် ယခင်စစ်အစိုးရ ရေးဆွဲအတည်ပြုခဲ့သော၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အခန်း(၈) နိုင်ငံ သား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ၌ ဖော်ပြထားသော အပိုဒ် ၃၅၄ ၏ အပုဒ်ခွဲ (က)“ မိမိ၏ ယုံ ကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင်၊ ရေးသားဖြန့်ဝေခွင့်”နှင့် (ခ) “လက်နက် မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”ကို အစိုးရသစ်လက်ထက်တွင် ပထမဆုံး တရားဝင်တောင်းဆိုခြင်း ဖြစ် သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အတိုင်း ကျနော်တို့နိုင်ငံသားတွေမှာ အခွင့်အရေးရှိလားဆိုတာတော့ သိချင်တာပေါ့ဗျာ။ နိုင်ငံသားအခွင့်အရေးများနဲ့အညီ အခုလို ဆန္ဒပြပြီး အကျဉ်းကျခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဇာဂနာ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုသွားမယ်”ဟု ဦးဝင်းချိုက ရှင်းပြသည်။

ဆန္ဒပြမည့်သူ ၄ ဦးလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း နိုင်ငံသားအခွင့်အရေးများအရ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်အပေါ် ယုံကြည်ကြောင်း၊ နိုင်ငံသားတိုင်း အဆိုပါအခွင့်အရေးများကို ရပိုင်ခွင့်ရှိကြောင်း၊ ထို့ကြောင့် ဥပဒေ တွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လုပ်ဆောင်ကြိုးပမ်းနေသည်ဖြစ်ကြောင်း ဦးမင်းအောင်ကလည်း ရှင်းပြ သည်။

“ကျနော်တို့ကို အခုလိုလုပ်တဲ့အခါမှာ အစိုးရက ဖမ်းဆီးမယ်ဆိုရင် ကျနော်တို့က နိုင်ငံသားအခွင့်အရေး အတွက် လုပ် နေ တာကိုဖမ်းတယ်ဆိုတော့ ဒီအခြေခံဥပဒေပါ အတိုင်းလုပ်ဆောင်တာကို လုပ်ခွင့်မရှိဘူး ပြောလိုက်တယ်လို့ ယူဆ မယ်။ ဒါဆိုရင် ဖွဲ့စည်းပုံပါ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးတွေဟာ စက္ကူလိုဖြစ်သွားမယ်”ဟု ဦးဝင်းချိုက ဆိုသည်။

သက်ဆိုင်ရာအစိုးရအာဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ဆန္ဒပြရန် လမ်းညွှန်မှုတောင်းခံခြင်းကိုခွင့်မပြုလျှင်၂၀၀၈ အခြေ ခံဥပဒေပါ ပုဒ်မ ၃၇၇ အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အထိ ဆက်လက်တောင်းခံသွားခွင့်လည်း ရှိကြောင်း သိရသည်။

“တိုင်းပြည်ကို အများကြီးကောင်းကျိုးဆောင်ရွက်နိုင်တဲ့ ကျောင်းသားခေါင်းဆောင်တွေအပါအ၀င် နိုင်ငံရေးအကျဉ်း သား တွေ ထောင်တွေထဲမှာ အများကြီးကျန်နေသေးတယ်။ သူတို့လွတ်မြောက်ဖို့အတွက် ကျနော်တို့က စွန့်ရတာပါပဲ။ ဥပဒေကို တကယ်ကိုင်ဆွဲရင်တော့ ကျနော်တို့ကို ဖမ်းဆီးခွင့်မရှိပါဘူး။ ဖမ်းမယ်ဆိုလည်း အဆင်သင့်ပဲ။ မဖမ်းဘူးလို့လည်း အပြည့်မယုံထားဘူး။ ကျနော်တို့က အစိုးရသစ်ဟာ အခြေခံဥပဒေကို တကယ်လေးစား လိုက်နာသလား ဆိုတာ အပေါ် စမ်းသပ်မှုလို့ပြောနိုင်တယ်”ဟု ဦးမင်းအောင် က ပြောသည်။

အဆိုပါ ဆန္ဒပြရန်ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးလေ့ရှိသည့် ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းက“ဒါက သူတို့ ရပိုင်ခွင့်အရ ခံစားမှုကို တင်ပြတာပဲ။ သူတို့ရဲ့ပိုင်ခွင့်အပေါ်မှာ အလုပ် စတင်လုပ်တာပဲ။

သူတို့ရဲ့တောင်းဆိုမှု ဘယ်လောက်ရမလဲဆိုတာတော့ ကျနော်တို့ကစောင့်ကြည့်ရမှာပေါ့” ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော် ဆက်လက်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများတွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားမည်ကို ကြောက်ရွံ့ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်

ရိုင်မရော့

ဒီကေဘီအေတပ်ဖွဲ့နှင့် အစိုးရတပ်ကြား ပစ်ခတ်မှု ဖြစ်ပွားပြီး အစိုးရတပ်များ အင်အား တိုးချဲ့လာခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး မဲကသာရွာမှာ ဒေသခံများ ဘုရားသုံးဆူမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

မေလ ၂၆ ရက်နေ့တွင် နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဗိုလ်အေဝမ်း၏ ဒီကေဘီအေ တပ်ရင်း ၉၀၇ က မဲကသာရွာအနီးတွင် တပ်ချထားသည့် အစိုးရတပ်ကို ချောင်းမြောင်းပစ်ခတ်ခဲ့ပြီးနောက် မေလ ၂၇ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်။

“ရွာဟောင်းဘက်က အိမ်ခြေ ၂၀ လောက် ထွက်ပြေးကြတယ်၊ ရွာသစ်ဘက်ကတော့ မပြေးသေးဘူး” ဟု မဲကသာ ရွာခံတဦးက ပြောသည်။

မဲကသာရွာသစ်နှင့် ရွာဟောင်းမှာ ချောင်းတခုသာ ခြားပြီး စုစုပေါင်း အိမ်ခြေ ၂၀၀ ခန့် ရှိကာ ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၆ ကီလိုမီတာအကွာတွင် တည်ရှိသည်။

မဲကသာမှ ထွက်ပြေးလာသည့် ဒေသခံ ရွာသားများ ဘုရားသုံးဆူမြို့ပေါ်ရှိ ဓမ္မဟေဝန်ကျောင်း (ကရင် ဘုန်းတော်ကြီးကျောင်း) သို့ ရောက်နေကြသည်။

မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ခမရ ၅၆၆၊ ခမရ ၃၇၃၊ ခမရ ၅၆၃ မှ တပ်သားအင်အား ငါးရာကျော် ဘုရားသုံးဆူမြို့ အနောက်ဘက် ကီလိုမီတာ ၃၀ ကျော်ရှိ ကျွန်းချောင်းသို့ ရောက်ရှိနေပြီး ဘုရားသုံးဆူသို့ ဦးတည်လာနေသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ ကျွန်းချောင်းဒေသခံတဦးက ပြောသည်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့သို့ ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မေလ ၂၀ ရက်နေ့မှစပြီး ဘုရားသုံးဆူမြို့တွင်းရှိ အစိုးရတပ်များ နေ့ရော ညပါ လုံခြုံရေး တိုးမြှင့် ချထားခဲ့သည်။

“မနေ့ညနေလောက်ထိကတော့ ကျွန်းချောင်းမှာပဲ ရှိနေတယ်၊ အယောက်တစ်ရာလောက်တော့ရှိမယ်၊ လူတွေကတော့ ထိန့်လန့်နေကြတာပေါ့၊ တချို့ တောထဲမှာ အိပ်နေတာ နေနေတာတွေကတော့ ရွာကို ပြန်လာအိပ်ကြတယ် စစ်တပ်ကို ကြောက်လို့” ဟု ၄င်းကျွန်းချောင်းရွာခံက ပြောသည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာစစ်အစိုးရပ်တပ်နှင့် ဗိုလ်အေဝမ်း ဦးဆောင်သည့် ဒီကေဘီအေ တပ်ရင်း ၉၀၇ တို့ ဘုရားသုံးဆူမြို့ပေါ်မှာ တိုက်ပွဲဖြစ်ခဲ့ကြသည်။ တိုက်ပွဲကြောင့် ဒေသခံများ နှစ်ထောင်ကျော် အနီးနားရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ဂျပန်ရေတွင်းကျေးရွာနှင့် ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။

“ခုတော့ မြို့ပေါ်ကလူတွေလည်း ကြောက်နေကြတာပေါ့၊ ဒါပေမယ့် ထွက်ပြေးတာတွေ မရှိသေးဘူး၊ ညညဆိုလည်း မိုးချုပ်တာနဲ့ တံခါးတွေပိတ် အိမ်ထဲမှာပဲ နေကြတာ လမ်းမှာဆိုလည်း တိတ်ဆိတ်နေတာပဲ ဘယ်သူမှ သွားလာတာ မရှိဘူး” ဟု ၄င်းမြို့ခံက ပြောသည်။

နေပြည်တော် မီးရရန် ရွာ ၂၀ ကျော် ရွှေ့ရမည်

သန်းထိုက်ဦး Tuesday, 31 May 2011

နေပြည်တော်အတွက် လျှပ်စစ်မီး ထုတ်လုပ်မည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနယ်မြေရှိ ရွာပေါင်း ၂၃ ရွာမှလူဦးရေ ၈၀၀၀ ကျော်သည် နေရပ်ကို စွန့်ခွာရဖွယ် ရှိသည်ဟု သိရသည်။

လာမည့် အောက်တိုဘာလ နောက်ဆုံးထားပြီး ထိုဒေသမှ ထွက်ခွာကြရန် အာဏာပိုင်တို့က ဖိအားပေးနေကြောင်း ကယန်းမျိုး ဆက်သစ် လူငယ်အဖွဲ့ (KNGY) က ယနေ့ ထိုင်းနိုင်ငံ တနေရာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

“ဒေသခံတွေက ဘယ်နေရာကို ပြောင်းရွှေ့ရမယ် မသိဘူး၊ ပေါင်းလောင်းဒေသက တောင်ကြီးတွေ ဖြစ်နေတယ်လေ။ အဲဒါကြောင့် သူတို့က ပြောင်းရွှေ့ နေထိုင်ဖို့ အရမ်း ခက်နေတယ်” ဟု KNGY အဖွဲ့ ခေါင်းဆောင် မမူမိုးလေးက ပြောသည်။

နှစ်သက်ရာ နေရာသစ်ကို ရွေးချယ်ခွင့် ပေးထားသော်လည်း ဒေသခံများက ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း မမူမိုးလေးက ပြောသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး KNGY အဖွဲ့၏ အစီရင်ခံစာတစောင်ကို ယနေ့ ထုတ်ပြန်ရာ ၂၀၀၄ ခုနှစ်တွင် စတင် ခဲ့သော ဤစီမံကိန်းမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၄၀ ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းသည် စစ်တောင်းမြစ်၏ မြစ်လက်တက် ဖြစ်သော ပေါင်းလောင်းမြစ်ညာပိုင်းတွင် တည်ရှိပြီး နေပြည်တော်နှင့် ကီလိုမီတာ ၅၀ ခန့် အကွာအဝေးတွင် ရှိကြောင်း ဖော်ပြထားသည်။

“၂၀၀၄ ခုနှစ်က စပြီး ကျနော့် အိမ်ဆောက်ဖို့ အတွက် ဘိလပ်မြေတွေ ၀ယ်စုလာခဲ့တာပါ၊ ခုတော့ ဒီပစ္စည်းတွေ ရေအောက် ရောက်ပြီး အဆုံးခံမယ့်အစား ဘုန်းကြီးကျောင်းကို ကျနော် လှူလိုက်တော့တယ်၊ ဘယ်သူမှ အိမ် မဆောက်ဝံ့ကြတော့ဘူး၊ ကျနော်တို့မှာ ဘယ်ကို ပြောင်းရမယ်မှန်းလည်း မသိပါဘူးဗျာ” ဟု ဒေသခံ ရွာသားတဦးက ပြောဆိုကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

ထိုဒေသတွင် နေထိုင်သော မြန်မာ၊ ကယန်း၊ ပအို့ဝ် တို့မှာ စိုက်ပျိုးရေးဖြင့် အသက်မွေးကြကြောင်း၊ စီမံကိန်း လုံခြုံရေး တာဝန်ယူထားသော စစ်တပ်များရောက်လာပြီးနောက် ဒေသခံတို့ လုပ်အားပေးရပြီး၊ ဒဏ်ကြေး ကင်းကြေး ခေါင်းစဉ်များဖြင့်
ငွေပေးရသည်ဟု ဆိုသည်။ ဒေသခံတို့၏ တောင်ယာ စိုက်ပျိုးရေး လုပ်ငန်းများ တားမြစ်ခံရကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လုပ်ငန်း ပြီးစီးမှု ၆၀ ရာခိုင်နှုန်း ရှိပြီ ဖြစ်သော စီမံကိန်းသည် ၂၀၁၂ တွင် အဆုံးသတ်ဖွယ်ရှိသည်ဟု ဆိုသည်။

ပြောင်းရွှေ့နေထိုင်မည့် နေရာသစ်တွင် မြေထိုးစက်ဖြင့် မြေညှိခြင်း၊ ပြောင်းရွှေ့ရွာသစ်တိုင်းအတွက် ရေလှောင်ကန်တကန်နှုန်း တူးဖော်ခြင်းတို့ကို ပြုလုပ်ပေးမည်ဟု အာဏာပိုင်တို့က ကမ်းလှမ်းထားကြောင်း “ပြောင်းစေအမိန့်ဖြင့် နှင်ထုတ်ခံရခြင်း” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆွစ်ဇာလန်နိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သော AF-Colenco၊ လန်ဒန်အခြေစိုက် Malcolm Dunstan and Associates နှင့် တရုတ်နိုင်ငံမှ Yunnan Machinery and Export Company တို့ စီမံကိန်းတွင် ပါဝင် ပတ်သက်နေကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

ဂီတပွဲတော် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ကျင်းပမည်

နရီလင်းလက် Tuesday, 31 May 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ဂီတ အနုပညာရှင်များ ပူးပေါင်းကာ ဂီတ ၀ါသနာရှင်လူငယ်များ ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် ပထမဆုံးကြိမ် ဂီတပွဲတော်ကို ကျင်းပမည်ဟု သိရသည်။

အဆိုပါ ဂီတပွဲတော်ကို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်
အဖြစ် ပြုလုပ်ခြင်းဖြစ်သည် ဟု ပွဲကျင်းပရေး ကော်မတီဝင် ဦးလှမင်းက ဧရာဝတီကို ပြောသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးမှ အဖွဲ့ဝင်လူငယ်များ၊ ပြင်ပ ၀ါသနာရှင် လူငယ်များကို ဖိတ်ခေါ်ကာ ဇွန်လ ၁၀ ရက်နေ့ မှ ဇွန်လ ၁၉ ရက်နေ့အထိ ၁၀ ရက် ရန်ကုန် NLD ချုပ်တွင် ကျင်းပသွားမည်ဖြစ်သည်။

“ဘယ်သူမဆို စာရင်းပေးပြီး ကြိုက်တဲ့ပုံစံနဲ့ သီဆိုနိုင်တဲ့ ပွဲပါ။ ဒီပွဲက လူငယ် ကွန်ရက် ရန်ပုံငွေပွဲလည်း ဖြစ်ပါတယ်”ဟု ဦးလှမင်းက ပြောပြသည်။

ဂီတ ပွဲတော် ပြိုင်ပွဲကို ကိုယ်တိုင် ရေး ၊ ဆို ၊ တီးခတ် ပြီး ၀င်ရောက်ယှဉ်ပြိုင်ခြင်း။ ကိုယ်တိုင် ရေး ၊ ဆို နှစ်မျိုးဖြင့် ယှဉ်ပြိုင် ခြင်း။ အတီး ၊ အရေး မရသည့် ၀ါသနာရှင်များအတွက် သီချင်း၂၄ ပုဒ်ထည့်သွင်းပေးထားသည့် စီဒီခွေပေးထားပြီး ယင်း စီဒီ တွင် ပါဝင်သည့် သီချင်းများဖြင့် ယှဉ်ပြိုင်ခြင်း နည်းလမ်း ၃ မျိုး သတ်မှတ်ပေးထားသည်ဟု သိရသည်။

ယှဉ်ပြိုင်သည့် ပုံစံအလိုက် အမှတ်ပေးမှု ကွာခြားသွားမည်ဖြစ်ပြီး ဂီတပညာရှင်များဖြစ်သည့် ကိုရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုသား
ထွေး၊ ကိုတိုးလွင်(ဥတ္တရအလင်း)၊ အဆိုတော် ဇေယျာသော်တို့က အကဲဖြတ်ဒိုင်လူကြီးများအဖြစ်ပြုလုပ်ပေးမည်ဟု ကိုရဲလွင် (မဇ္ဈိမလှိုင်း) က ဧရာဝတီကို ပြောသည်။

“NLD ရုံးချုပ်က စီစဉ်တဲ့ ပွဲကို ကျနော်တို့ ဂီတအနုပညာရှင်တွေကလည်း တဖက်တလမ်း ကနေ အားဖြည့်တဲ့ သဘောမျိုး ပါ ပဲ။ လူမှုရေး လုပ်ငန်းတွေမှာ အနုပညာရှင် တော်တော် များများ က တတ်နိုင်သလောက် လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ၀င်လာကြ တယ်”ဟု သူက ပြောသည်။

ယင်းကဲ့သို့ ၀င်ရောက်လာခြင်းသည် အနုပညာဖြင့် ပိတ်ဆို့တားဆီးထားသည်များကို ဖွင့်လှစ်ရန် ကြိုးစားလာခြင်းဟု ထင်
ကြောင်း ကိုရဲလွင်(မဇ္ဈိမလှိုင်း)က ပြောသည်။

အသက် ၃၅ နှစ်အောက် ဂီတ၀ါသနာရှင် မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး မိုနို ၊ စတူဒီယို ၊ ဟစ်ပ်ဟော့ပ်၊ ရော့ခ် ဂီတ အမျိုးအစား ၄ မျိုးပါဝင်ကာ ဂီတ အမျိုးအစားအလိုက် ပညာရှင်များက အမှတ်ပေးသွားမည်ဟု သိရသည်။

ကိုရဲလွင်(မဇ္စျိမလှိုင်း)က“အခုလို ကူညီတာလည်း လူမှုရေးလုပ်တာပဲလေ။ လူငယ်တွေ အချင်းချင်းရင်းနှီးသွားမှာဖြစ်သလို အဆိုတော်သစ်တွေ ပေါ်လာနိုင်သလို၊ သူတို့နှစ်သက်တဲ့ သီချင်းတွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ့် ပွဲလေးတခုဖြစ်သွားတာ
ပေါ့”ဟု ဆိုသည်။

အဆိုတော် ဇေယျာသော်က အနုပညာရှင်များ ပြည်သူလူထုထက်ပိုပြီး လူမှုရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်သင့်ကြောင်း၊
ပြည်သူလူထု၏ ချွေးနှဲစာဖြင့် ရပ်တည်နေသည့် အနုပညာရှင်များအနေဖြင့် ပြည်သူလူထု အမှန်တကယ် အကျိုးရှိမည့် အလုပ် ကို ၀င်ရောက်လုပ်ကိုင်လာခြင်းသည် ကောင်းမွန်သည့်အလုပ်ဟု ထင်မြင်ကြောင်း ပြောသည်။

“အနုပညာရှင်တွေ လူမှုရေးလုပ်ငန်းမှာ ဘာကြောင့် ၀င်ပါလာရတာလဲလို့ ပြောရရင် လက်ရှိ ပြည်သူလူထုမှာ အထွေထွေ လို အပ်ချက် အကျပ်အတည်းတွေ ရှိနေတယ်။ ဒီလိုအပ်ချက်တွေကို လူငယ်တွေကပဲဖြစ်ဖြစ်၊ အနုပညာရှင်တွေကပဲ ဖြစ်ဖြစ်၊ ၀ါသနာတူ အသင်းအဖွဲ့ အစုအစည်းလေးတွေပဲဖြစ်ဖြစ် ၀င်ရောက်ပြီး ဖြည့်ဆည်းပေးနေကြတဲ့ သဘောပါပဲ။ ဒါကလည်း အင်မတန် ကောင်းတယ်လို့ ကျနော် မြင်ပါတယ်”ဟု ဇေယျာသော် က ဆိုသည်။

အာဏာပိုင်များ၏ ပိတ်ဆို့မှုက လွတ်ကင်းအောင် ကြံဆောင်ရင်း ပုံစံမျိုးစုံဖြင့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်လာကြသည်ဟု ကိုရဲလွင်က ပြောသည်။

“အနုပညာနဲ့ လူငယ်တွေကို လူမှုရေးလုပ်ငန်းတွေနဲ့ နီးစပ်အောင်၊ ပိတ်ဆို့နေတဲ့ဟာတွေ လမ်းကြောင်းပွင့်အောင် အနုပညာနဲ့ ဖွင့်ဖို့ ကြိုးစားတဲ့ ပုံစံမျိုးပါပဲ”ဟု သူက ဆိုသည်။

ကိုမင်းဇေယျ မိခင်ကြီး ကွယ်လွန်ကြောင်း သိခွင့်မရ

လွတ်လပ်သော မွန်သတင်း အေဂျင်စီ

မိခင်ကြီး ကွယ်လွန်သည်ကို လားရှိုးအကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျ ကြားသိခွင့် မရရှိခဲ့ကြောင်း နှမဖြစ်သူက ပြောသည်။

မိခင်ကွယ်လွန်ကြောင်း ကိုမင်းဇေယျကို အကြောင်းကြားပေးပါရန် မိသားစုဝင်များက ထောင်အာဏာပိုင်များထံ မေတ္တာရပ်ခံခဲ့သော်လည်း အကြောင်းကြားမပေးနိုင်ကြောင်း တုံ့ပြန်ခဲ့သည်ဟု အသက် ၅၀ ရှိပြီ ဖြစ်သည့် ကိုမင်းဇေယျ၏ နှမဖြစ်သူ မိနွဲ့နွဲ့ရီက ပြောသည်။

“အမေဆုံးတဲ့နေ့မှာပဲ ကျမမောင် (ကိုအောင်နိုင်) က လားရှိုးထောင်ကို ဖုန်းဆက်တယ်။ အကို့ကို မိခင်ဈာပနမှာ ဂါရဝ ပြုခွင့်ပေးဖို့ တောင်းတယ်။ ထောင်အာဏာပိုင်တွေက မရဘူးလို့ ပြောတယ်။ ဒါဖြစ် အကို့ကို အမေဆုံးတဲ့အကြောင်း ပြောပေးပါလို့ တောင်းပန်တယ်၊ နိုင်ငံရေး အကျဉ်းသားကို ငါတို့ မဆက်ဆံဘူးလို့ ကျမမောင်ကို ပြောလွှတ်လိုက်တယ်” ဟု မိနွဲ့နွဲ့ရီက ပြောသည်။

မိခင်ကြီးကို နောက်ဆုံးဂါရဝ မပြုလိုက်ရသည့် ကိုမင်းဇေယျကို ရည်ရွယ်ပြီး မိသားစုဝင်များက ဈာပန မှတ်တမ်းဓါတ်ပုံ၊ ဗီဒီယိုများကို ရိုက်ကူးထားကာ မိခင်၏ အရိုးပြာ အုတ်ဂူကို မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ သုဿာန်တွင် တည်ထားခဲ့သည်ဟု သူမက ပြောသည်။

“အဖေဆုံးတုန်းက အကို မှီလိုက်တယ်၊ အဲဒီတုန်းကဆို ကျမတို့ အုတ်ဂူ မလုပ်လိုက်ဘူး၊ အခု အကိုက အမေဆုံးတာကို မမြင်လိုက်ရဘူး၊ ဂါရဝ ပြုခွင့်လည်း မရလိုက်ဘူး၊ အကို ပြန်လွတ်လာတဲ့ တနေ့မှာ အမေ့ကို ကန်တော့နိုင်ဖို့ ကျမတို့ အုတ်ဂူ လုပ်ထားပါတယ်” ဟု အသက် ၅၀ ရှိ မိနွဲ့နွဲ့ရီက ငိုယိုလျက် ပြောသည်။

ဈာပန အခမ်းအနားသို့ မုဒုံမြို့နယ် ထောက်လှမ်းရေး ၂ ယောက်နှင့် ရန်ကုန်မှ ထောက်လှမ်းရေး ၁ ယောက် လာရောက်လေ့လာပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ယူသွားကြောင်း ကိုမင်းဇေယျ၏ အကိုဖြစ်သူ ကိုမောင်သိန်းက ပြောသည်။

လားရှိုးအကျဉ်းထောင်တွင် ၆၅ နှစ် ၆ လ ပြစ်ဒဏ် စီရင်ခြင်း ခံထားရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းဇေယျာ၏ မိခင်ကြီး မိချစ်ဖွား အသက် ၇၆ နှစ်သည် မေလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာတွင် ကွယ်လွန်ပြီး မေလ ၂၉ ရက်နေ့ မွန်းလွဲ (၁) နာရီတွင် ကမာဝက်ရွာ နေအိမ်မှ သုဿာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ခဲ့သည်။

မိခင်ကြီး၏ ဈာပန အခမ်းအနားသို့ ရန်ကုန်မှ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့နှင့် လုပ်ဖော်ကိုင်ဖက်များက လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့သည်။

ဈာပနသို့ ကိုမင်းဇေယျ၏ ဇနီး ဒေါ်ချိုချိုဝင်း၊ ဒီမိုကရေစီ အင်အားစုများ၊ နိုင်ငံရေးပါတီအချို့မှ ပုဂ္ဂိုလ်များ၊ ဆွေမျိုးသားချင်းနှင့် ရွာသူရွာသား ၃၀၀၀ ကျော် လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ကွယ်လွန်သူ မိချစ်ဖွား၏ ခင်ပွန်းမှာ နိုင်ဘရင် ဖြစ်ပြီး သားသမီး (၈) ယောက် ထွန်းကားကာ ကိုမင်းဇေယျမှာ တတိယမြောက်သား ဖြစ်သည်။

ရက်လည်ဆွမ်း အလှူကို ဇွန်လ ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဖက် ၁၅ ဦး လာရောက်မည် ဖြစ်ကြောင်း သတင်းပို့ထားသည်ဟု မိနွဲ့နွဲ့ရီ က ပြောသည်။

အမှုပိတ်ရန် လက်မှတ်မထိုးသည့် အလုပ်သမများကို ရဲအာဏာပိုင်များက ဖမ်းဆီး

ရိုးမ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ ကိုးရီယားပိုင် အက်စ်ဂျီအိုင် (SGI) အထည်ချုပ်စက်ရုံ ဖယ်ရီကားတိမ်းမှောက်ခဲ့သည့်အမှုကို ပိတ်ရန် ကားသမားက အာဏာပိုင်များနှင့်ပေါင်းပြီး အလုပ်သမားများကို လက်မှတ်ထိုးခိုင်းခဲ့ရာတွင် လက်မှတ်မထိုးပေးသည့် အလုပ်သမနှစ်ဦးကို ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မငေးစုကျေးရွာမှ မချိုချိုလွင်နှင့် မဝေဝေသင်းတို့ နှစ်ဦးအား ကားတိမ်းမှောက်မှု မဖြစ်ပွားခဲ့ကြောင်း လက်မှတ်ရေးထိုးခိုင်းသည်ကို ငြင်းဆန်သည်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထန်းတပင်ဒေသခံ ကိုတင်မောင်ဆန်းက ပြောသည်။

“ကောင်မလေးတွေကို သက်သေထွက်ခိုင်းချင်တာ၊ ကားမှောက်ထားတဲ့ ဒရိုင်ဘာက ပိုက်ဆံပေးပြီးလွတ်ချင်တော့ ဒီကောင်မလေးတွေက ကားမမှောက်ပါဘူးဆိုပြီး လက်မှတ်ထိုးပေးမှ ဒရိုင်ဘာက လွတ်မှာ၊ ကောင်မလေးတွေကလည်း သူတို့ခံထားရတော့ မကျေအေးချင်ဘူး ဖြစ်နေတယ်၊ ဥပဒေအတိုင်းဘဲဖြစ်စေချင်တယ်” ဟု ပြောသည်။

လာရောက်ဖမ်းဆီးသွားသူများမှာ ထန်းတပင်မြို့နယ်၊ တပ်သစ်ရဲစခန်းနှင့် ပန်တိုင်စခန်းတို့မှ ရဲအာဏာပိုင်များဖြစ်ပြီး အဆိုပါအလုပ်သမနှစ်ဦးအား တရားလိုပြသက်သေထွက်ဆိုရန် ချိန်းဆိုရာသို့ မလာရောက်သည့်အတွက်ဟု အကြောင်းပြ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“မဖမ်းခင်မှာ ကောင်မလေးတွေ မိဘကို ရွာထိပ်က လဖက်ရည်ဆိုင်မှာခေါ်ပြီး ရဲတွေက အကြိမ်ကြိမ် အကြောင်းကြားတယ် မလာဘူး၊ အခု အဖမ်းခံမလား ကျနော်တို့ ဖမ်းရမလားဆိုပြီးပြောတယ်၊ ကလေးမိဘတွေက ကျမတို့ ကလေးတွေက ကျန်းမာရေးမကောင်းသေးဘူး၊ အဲဒါကြောင့် မလာနိုင်တာဆိုတော့ အာဏာပိုင်တွေက အစကတည်းက ပြောပါလားဆိုပြီး ပြောတယ်၊ ကလေးမိဘတွေက ကျမတို့ အစကတည်းပြောပါတယ်၊ လူကြီးမင်းတို့ဘက်က ဘာမှ မလုပ်ပေးတာပါဆိုပြီး ပြောခဲ့တယ်” ဟု ထန်းတပင်ဒေသခံ ကိုတင်မောင်ဆန်းက ဆက်ပြောသည်။

အဆိုပါ အလုပ်သမနှစ်ဦးအား တရားရုံးတွင် လိုပြသက်သေထွက်ဆိုရန် ဆင့်ခေါ်မှုများရှိခဲ့သော်လည်း တရားဝင် စာရွက်စာတမ်းမူရင်းဖြင့် လာရောက်အကြောင်းကြားခြင်းမျိုး မဟုတ်ဘဲ ကျေးရွာအာဏာပိုင်က ညအချိန်မှ သောက်စားပြီးလာရောက် ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“တရားလိုပြသက်သေအဖြစ် လာခေါ်တယ်၊ ကလေးမလေးတွေကလဲ ဒဏ်ရာရှိနေတယ်ဆိုတော့ မသွားနိုင်ဘူး၊ နောက်ပိုင်းကျတော့ သူတို့ ခေါ်စာပို့တယ်၊ မူရင်းတော့မပါဘူး မိတ်တူတွေဘဲ ပေးတယ်၊ လာခေါ်တော့လဲ ဥက္ကဌက မူးပြီး ည (၁၀) နာရီလောက် မိန်းကလေးတွေနေတဲ့အိမ်ကို လာခေါ်တော့ ကလေးမလေးတွေက ကြောက်တယ်၊ အဲဒါတွေကြောင့် ရုံးပြင်ကနားကို မသွားရဲတာလည်း ပါတယ်” ဟု ဆက်ပြောသည်။

ယင်းဖယ်ရီကားတိမ်းမှောက်စဉ်က အလုပ်သမား ၂၂ ဦးစလုံး ဒါဏ်ရာရှိခဲ့ပြီး အချို့မှာ အလုပ်ပြန်ဆင်းနိုင်ကြသော်လည်း မဝေဝေသင်းနှင့် မချိုချိုလွင်တို့မှာ ဆေးဝါကုသမှု လုံလောက်စွာမရရှိခဲ့သည့်အတွက် ယနေ့အထိ ရောဂါပျောက်ကင်းခြင်း မရှိသေးကြောင်း ကိုတင်မောင်ဆန်းက ပြောသည်။

“သူတို့ စဖြစ်တုန်းကဆိုရင်လဲ ဆေးရုံရောက်ပြီး တနာရီလောက်ကြာတဲ့အထိ ဘာမှ မလုပ်ပေးဘူး၊ ဒဏ်ရာနာလို့ အော်နေရာ၊ ပြီးတော့မှ ဆရာဝန် တွေရောက်လာပြီး ဓါတ်မှန်ရိုက် ဘာညာလုပ်တယ်၊ ပြီးတော့ တာဝန်ရှိသူတွေရောက်လာပြီး ဆေးရုံက အတင်းမောင်း ထုတ်တယ်၊ ဒီလိုကျိုးပဲ့တဲ့ ဒဏ်ရာနဲ့ ဆေးရုံတက်တယ်ဆိုရင် ဆေးရုံမှာ လူတောင်ဆန့်မှာ မဟုတ်ဘူးဆိုပြီး ပြောတယ်၊ ပြန်သွားပြီးနောက်ပိုင်းမှာလည်း ဆေးကုသမှု လုံလုံလောက်လောက် မရဘူး၊ ဆေးရုံမှာလဲ ဆေးကုသမှု ကောင်းကောင်းမရတော့ တချို့သူတွေလဲ အရိုးတွေ ငေါထွက်နေတယ်၊ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး၊ ခေါင်းတွေလည်း ဒဏ်ရာတွေနဲ့ ခေါင်းမူးခေါင်းကိုက်တွေဖြစ်ကြတုန်းဘဲ၊ တချို့ပျောက်သွားတဲ့ သူတွေကတော့ အလုပ်ပြန်ဝင်နေကြတယ်၊ တချို့ ကလေးတွေက လုံးဝပြန်မလုပ်နိုင်ဘူး” ပြောသည်။

အဆိုပါ ကားမှောက်မှုမှာ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမားအနေဖြင့် တစုံတရာ နစ်နာကြေး ရရှိခြင်းမရှိခဲ့သည့်အပြင် တရားခံဖြစ်သူက ယခုကဲ့သို့ အာဏပိုင်များနှင့်ပေါင်းကာ အလုပ်သမားများအား ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

KIA တပ်ရင်း ၉ အနီး မြန်မာတပ်ကူ တပ်ရင်း ၂ ခု တိုးလာ

KNG

ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တပ်ရင်း ၉ အနီးသို့ မြန်မာစစ်တပ် တပ်ကူ တပ်ရင်း ၂ ခု တိုးလာသည်ဟု ဒေသခံများပြောသည်။

တပ်ရင်း ၉ သည် မြောက်ဘက် ကချင်ပြည်နယ်ရှိ KIA ဌာနချုပ်နှင့် ဆက်သွယ်ပေးပြီး အရှေ့ဘက်တွင် လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ ဌာနချုပ်၊ ကိုးကန့်ဒေသနှင့် ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (United Wa State Army, UWSA) ဒေသများကိုလည်း ဆက်သွယ်ပေးထားသည်။

မေ ၂၈ ရက် စနေနေ့တွင် လာရှိုးမြို့မှ တပ်ကူများ တပ်ရင်း ၉ အနီး ဒီမာကျေးရွာတွင် တပ်ချနေသည်ဟု ဒေသတွင်း စစ်ရေးစောင့်ကြည့်သူများက ပြောသည်။

ဒီမာတွင် ယင်းတပ်ကူမရောက်ခင်ကတည်းက မြန်မာ စစ်သားအင်အား ၆၀ ရောက်ရှိနေပြီးဖြစ်သည်ဟု ဆက်ပြောသည်။

မြန်မာစစ်သားများ KIA တပ်ရင်း ၉ နယ်မြေထဲဝင်ရောက်လာပါက စစ်ရေးအရ တုန့်ပြန်ရန် အသင့်အနေအထားတွင်ရှိနေသည် ဟု ၎င်းနှင့်နီးစပ်သူများ ဆိုသည်။

ဒီမာကို မြန်မာစစ်တပ်လက်အောက်ရှိ ပြည်သူ့စစ်က ထိန်းချုပ်ထားသည်။ ဒီမာကျေးရွာသည် ဒီမာချောင်းအရှေ့ဘက် KIA ထိန်းချုပ်သည့် ဒတ်နိုင်းကျေးရွာနှင့်ဆက်သွယ်ပေးထားသည်။

တပ်မဟာ ၄ အလယ်ကို ဖြတ်သန်းမည့် လမ်းဖောက်လုပ်နေမှုသည် ပြည်တွင်းစစ်သို့ဦးတည်လာနိုင်ကြောင်း KIA က သတိပေးပြီးနောက် မြန်မာအစိုးရက မေ ၁၄ ရက်တွင် ရပ်ဆိုင်းထားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်တွင် KIA သည် နယ်ခြားစောင့်တပ် (Border Guard Force, BGF) သို့ပြောင်းလဲရန် ငြင်းပယ်ပြီးနောက် မြန်မာစစ်တပ်နှင့် KIA ကြား စစ်ရေးတင်းမာမှု တိုးလာသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာသန်းပေါင်းများစွာမြုပ်နှံထားသည့် တရုတ် က ၎င်းတို့အကျိုးစီးပွားကိုပျက်စီးစေမည့် မြန်မာစစ်တပ်နင့် KIA ကြား ပြည်တွင်းစစ်ပြန်ဖြစ်လာမည်ကို မလိုလားဟု ဒေသတွင်းစစ်ရေးလေ့လာသူများက ပြောသည်။

မေလ ၁၉ ရက်တွင် နေပြည်တော်အစိုးရအား KIA က မေလ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ပေးရန် သတိပေးခဲ့သည်။ ထို့အပြင် တပ်မဆုတ်ပါက ဖြစ်လာမည့်ကိစ္စရပ်များအတွက် နေပြည်တော်အစိုးရတွင် တာဝန်ရှိသည်ဟု ပါရှိသည်။

ကလေးထောင်တွင် သံဃာ့ခေါင်းဆောင် အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြ

ရိုးမ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးထောင်တွင် အကျဉ်းကျခံနေရသည့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းဆန္ဒပြမည့် သတင်းများထွက်ပေါ်နေခြင်းကြောင်း မိသားစုဝင်များကို ထောင်ဝင်စာ တွေ့ခွင့်ပိတ်လိုက်သည်။

အရှင်ဂမ္ဘီရက အစာငတ်ခံဆန္ဒပြမည့် အခြေအနေရှိနေသည့်အတွက် အာဏာပိုင်တွေဘက်က ထောင်ဝင်စာ တွေ့ခွင့်ပိတ်လိုက်တာခြင်းနှင့် ပတ်သက်ပြီး မေလ (၂၇) ရက်နေ့က ထောင်ဝင်စာသွားတွေ့ခဲ့သည့် အစ်မဖြစ်သူ မခင်သူဌေးက ပြောသည်။

“သူတို့ကပိတ်တာပေါ့ အရင်ဆိုလို့ရှိရင် တလကို ဒါ နှစ်ကြိမ်တွေ့ခွင့်ရတယ်လေ၊ ဦးဇင်းကိုတွေ့ချင်လို့မို့သာ သက်သပ်မဲ့ (၁၅)ရက် ပြည့်အောင် ထိုင်စောင့်နေရတာလေ အဲဒါ မတွေ့ခဲ့ရဘူး။ မတွေ့ခဲ့ရတာ အဲဒီထောင်ထဲကို နယ်မြေခံရဲနဲ့ အက်စ်ဘီလာမယ်တဲ့ အဲဒီ့ဝင်လာ ပြီးတော့ ဒီမှာတဲ့ ဒီနေ့ ဦးဇင်းတို့ ဆန္ဒပြမယ်ကြားလို့ လာကြတာ၊ သတင်းလာယူတာလို့ ပြောတယ် ပြီးရင်အက်စ်ဘီတွေလည်း ထပ်ပြီးရောက်လာကြအုံးမှာလို့ ပြောတယ်” ဟု မခင်သူဌေးက ပြောသည်။

မေလ (၁၁)ရက်နေ့က အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသား (၄)ဦးက အကျဉ်းထောင်အတွင်း ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနှင့် အစားအသောက် အပြည့်အဝရရှိရေး၊ မိသားစုနဲ့ လွတ်လပ်စွာ စကားပြောဆိုခွင့် တယ်လီဖုန်းဆက်သွယ် စကားပြောခွင့်နှင့် အကျဉ်းထောင်လက်စွဲ စာအုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံရေးအကျဉ်းသား အခွင့်အရေးများ ရရှိရန် စသည့်အချက် (၆) ချက်ကို မြန်မာအစိုးရသစ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ တင်ပြတောင်းဆိုခဲ့သည်။

အဆိုပါတောင်းဆိုချက်များကို သက်ဆိုင်ရာက မလိုက်လျောပါက အစာငတ်ခံဆန္ဒပြမယ်ဟု အရှင်ဂမ္ဘီရကပြောကြားကြောင်း ပြီးခဲ့သည့်အပတ် ထောင်ဝင်စာ တွေ့ပြီးနောက် အစ်မဖြစ်သူ မခင်သူဌေးက သတင်းဌာနများကို ပြောကြားခဲ့သည်။

ယခုအပတ် သောကြာနေ့တွင် ထောင်ဝင်စာတွေ့ခွင့်မရသည့် အခြေအနေနှင့် အစားအသောက်၊ စာအုပ်၊ ပါဆယ်ပေးပို့ခဲ့သော်လည်း စားစရာများကို လက်ခံထားတာမရှိဘဲ ဖတ်စရာ စာအုပ်တွေကိုသာ အရှင်ဂမ္ဘီရကိုယ်စား အခြားတဦးက လက်မှတ်ထိုးလက်ခံခဲ့ခြင်းကြောင့် အစာငတ်ခံ ဆန္ဒပြနေ ခြင်းဖြစ်နိုင်သည်ဟု မဖြစ်သူ မခင်သူဌေးက ဆက်ပြောသည်။

“အစားအသောက်က အဲဒါ လက်ခံထားတာတော့ မတွေ့ရဘူး။ စာအုပ်စာတမ်းတွေကိုတော့ ဂေါက်ချစ်ပြီးတော့ လက်မှတ်ထိုးပြီး ယူထားတယ်ရှင့်၊ နယ်မြေခံရဲတွေ အက်စ်ဘီတွေ လာပုံ ထောက်ရင်တော့ အဲဒါ သေချာသလောက်ပဲလို့ ကျမတော့ထင်တယ်။ အစာငတ်ခံဆန္ဒပြကြမှာပေါ့”ဟု ပြောသည်။

အရှင်ဂမ္ဘီရအပါအ၀င် ဦးညီပု၊ ကိုဌေးအောင် (ခေါ်)ကိုအောင်မြတ်နှင့် ကိုမင်းမင်းထွန်းတို့ (၄)ဦး ရေးသားတောင်းဆိုခဲ့သည့်အချက် (၆)ချက်ပါ စာရွက်သည် ကလေးအကျဉ်းဦးစီးဌာနတံဆိပ်ဖြင့် ပြင်ပကို ရောက်ရှိခဲ့သည့်အတွက် ထောင်ဝန်ထမ်းအချို့ စစ်အဆေးခံရပြီး နယ်ပြောင်းခံရနိုင်ပြီး အရှင်ဂမ္ဘီရတို့အတွက်လည်း စိတ်ပူနေရကြောင်း မခင်သူဌေးက ဆက်ပြောသည်။

“၁၄ ရက်နေ့ တွေ့တဲ့နေ့က အက်စ်ဘီတွေလည်းမရှိဘူး ထောင်မှူး ထောင်ပိုင်တွေလည်းမရှိဘူး အဲဒီနေ့က ဗိုလ်ချုပ်သာအေးရောက်တဲ့နေ့ ဆိုတော့ အဲဒီကို သွားရတယ်ထင်ပါတယ်။ ၀န်ထမ်းအသစ် ကလေးတွေ (၄)ယောက်ပဲရှိတယ်။ ဟိုတယောက်ပြောတာတော့ နားမလည်လို့ ထုတ်ပေးလိုက်တယ် ထုတ်ခွင့်မရှိဘူး လို့ပြောတာပဲ။ အဲဒီကလေးတွေတော့ အတော်အကြပ်ခံနေရ တယ်ပေါ့နော်၊ အစစ်ဆေးခံနေရတယ်တဲ့ နယ်ပြောင်း ခံရမယ်လို့တော့ပြောတယ်။ ဒါဆိုလို့ ရှိရင် ဦးဇင်းတို့ကော ဖိအားပေးလားဆိုတော့ ဦးဇင်းတို့တော့ မပေးဘူးလို့တော့ပြောတာပဲ ဒါပေမယ့် စိတ်တော့ ပူတာပေါ့။ တွေ့ရမယ့်အချိန်မှာ မတွေ့ရတော့”ဟု ပြောသည်။

ဆင်းရဲသော မိသားစုများသို့ UNDP မှ ထောက်ပံ့ငွေ တစ်ချို့ အာဏာပိုင်များကို ပေးနေရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလာဒေခ်ျ့မှ ပြန်ဝင်လာသော ဒုက္ခသည်များကို ပြန်လည် နေရာချထားရေး အစီအစဉ်အရ UNDP မှ ဆင်းရဲသား မိသားစုများကို ထောက်ပံ့နေသော ငွေ တစ်ချို့ကို အာဏာပိုင်များက လိုက်လံ ကောက်ခံမူများ ရှိနေကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ငွေကောက်ခံနေမူကို စနေနေ့ ညနေပိုင်းမှ စတင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း ကျေးရွာသား တစ်ဦးက ယခုကဲ့သို့ ပြောသည်။

" အခု ကောက်ခံနေတာက တစ်အိမ်ထောင်က ၁၀၀၀ ကျပ်စီ ကောက်ပါ တယ်။ နစကဆီက စာလာတယ်ပြောပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်ခေါင်း တွေက ကောက်နေတာ ဖြစ်ပါတယ်။ မပေးရင် အဖမ်း ခံရနိုင်တဲ့ အတွက် တောင်းတဲ့ငွေကို ပေးနေကြပါတယ်" ဟု သူက ပြောသည်။

UNDP က ဘင်္ဂလာဒေခ်ျ့မှ ပြန်ဝင်လာသော မွတ်ဆလင် ဒုက္ခသည် မိသားစုများကို အဆင့် (၅) ဆင့်ဖြင့် ကူညီနေရာ နောက်ဆုံး အဆင့် ဖြစ်သော မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေး အစီအစဉ်အရ တနိုင်တပိုင် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ရန်အတွက် ငွေများ ထုတ်ပေးနေကြောင်း သိရသည်။

" သူတို့က အဆင့် တစ်ကနေ ၅ ထိ တဆင့်ပီး တဆင့် ကူညီနေတာ ဖြစ်ပါတယ်။ နံပတ် (၅) အဆင့်မှာ အိမ်တစ်အိမ်ကို ငွေ ၃၀၀၀ ကနေ ၅၀၀၀ ကျပ်ထိ ထုတ်ပေး နေပါတယ်။ မွေးမြူရေး အတွက် ကြက် ဆယ့်လေး ငါးကောင် ၀ယ်ဖို့ အတွက် ထုတ်ပေးတာပါ။ အဲဒီအထဲက ငွေတွေကို သူတို့ကို တစ်ထောင်စီ ပေးရမယ်ဆိုပြီး နစကမှ ကောက်ခံနေတာ ဖြစ်ပါတယ်။"

ယခု ငွေကောက်ခံနေရသော ကျေးရွာများ ပြိုင်းတောင်၊ တောင်ချေ၊ ဒိုးတန်း၊ ဆင်သေပြင်နှင့် ဖရုံချောင်း စသည့် ကျေးရွာများ ဖြစ်ကြသည်။ အဆိုပါ ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ် တောင်ဘက်တွင် တည်ရှိပြီး အဆိုပါ ကျေးရွာများ အနီးတည်ရှိသော အမှတ်(၂၈) ညောင်ချောင်း နစက စခန်းမှ ကောက်ခံနေခြင်း ဖြစ်သည်။

" သူတို့ ဘာအတွက် ကောက်တယ်ဆိုတာကိုတော့ မပြောဘူး။ သူတို့ သုံးဖို့အတွက်ဘဲ ဖြစ်ဖို့များပါတယ်။ မပေးရင် ကျေးရွာ အုပ်ချုပ်ရေးမှူးက အချုပ်ခန်းမှာ ဖမ်းချုပ်ပါတယ်။ ဒါကြောင့် လူတွေက ပေးနေရပါတယ်" ဟု သူက ပြောသည်။

ယခု ကောက်ခံနေသော ငွေမှာ သိန်းရာချီရှိပြီး သူတို့ကိုယ်ကျိုး အတွက် ကောက်ခံခြင်း ဖြစ်ကြောင်း အများစု ပြည်သူများက ပြောသည်။

ကျေးရွာသားများ အနေဖြင့် ယခုလို ယူအန်ဒီပီက ပေးသောငွေကို အာဏာပိုင်များက ကောက်ယူသည့် အပေါ် မကျေနပ်သော်လည်း မည်သည့် နေရာကိုမှ မတိုင်တန်းရဲဘဲ ဖြစ်နေကြောင်း သူတို့က ပြောသည်။

ရန်ကုန်၌ အမည်မသိရောဂါဖြင့် ၀က်များ သေဆုံး၊ ၀က်သားဈေးကျ

မြတ်ကျော် Tuesday, 31 May 2011

ရန်ကုန်တိုင်း အတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် မွေးမြူထားသော ၀က်များမှာ မေလ တတိယပတ်မှ စတင်ပြီး ရောဂါအမည် မသိဘဲ သေဆုံးမှုများဖြစ်ပေါ်နေပြီး ၀က်သား ဈေးနှုန်းများလည်း ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

ဝက်မွေးမြူသူများအနေဖြင့် ၀က်များနေ့စဉ် သေဆုံးမှုကြုံတွေ့နေရပြီး သေဆုံးရခြင်းအကြောင်းရင်းများကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူး တဦးက ပြောသည်။

“၀က်နားရွက်ပြာ ရောဂါလက္ခဏာ တွေ့ရတာလည်း ရှိတယ်၊ ဘာလက္ခဏာမှ မတွေ့ရဘဲနဲ့ သေဆုံးကုန်တာတွေလည်း ရှိတော့ရောဂါ ကို အတိအကျ ပြောလို့မရသေးဘူး”ဟု ၎င်းက ပြောဆိုသည်။

ဝက်အများဆုံး သေဆုံးလျက်ရှိသော မြို့နယ်များမှာ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ အင်းစိန်၊ သာကေတ၊ ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း စသည့် မြို့နယ်များ ပါဝင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စာရင်းများ၌ ဖော်ပြထားသည်။ ယုဇနဥယျာဉ် မြို့တော်တွင်လည်း ၀က်များနေ့စဉ် သေဆုံးမှုရှိနေကြောင်း သိရသည်။

တချို့ဝက်များတွင် မသေဆုံးမီအချိန်၌ပင် နားရွက်များအတွင်းမှ လောက်ကောင်များ ထွက်ရှိခြင်းများလည်း ဖြစ်ကြောင်း၊ ၀က် သေဆုံးမှုများဖြစ်ပွားခဲ့သော မြို့နယ်များတွင် ၀က်သားဈေးများ ကျဆင်းကာ ၀က်သားစားသုံးမှုနှုန်းလည်း ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

“၀က်သားဈေးက ၁၀ ကျပ်သားကို ကျပ် ၁၀၀ ၊ စားလည်းမစားရဲဘူး၊ ၀က်နားရွက်ပြာရောဂါ အကြောင်း ကြားပဲကြားဖူးတာ၊ လူကို ကူးမကူးဆိုတာ မသိဘူး”ဟု လှိုင်သာယာမှ မစိုးစိုးငယ်က ပြောသည်။

ကမာရွတ်၊ ကျောက်တံတား ၊ စမ်းချောင်း ၊ ဒဂုံ စသည့် မြို့နယ်များ အတွင်းရှိ ဈေးများတွင် ၀က်သား ပုံမှန်ရောင်းချနေကြကြောင်း ကျောက်တံတားမြို့နယ်မှ အိမ်ရှင်မ တဦးဖြစ်သည့် ဒေါ်ကြည်ကြည်က ပြောပြသည်။

“ဒီမှာကတော့ ၀က်သားဈေး ပုံမှန်ပါပဲ၊ ကျပ် ၆၀၀၊ ၇၀၀ ပါပဲ။ ၀က်တွေ ရောဂါရပြီး သေတယ်ဆိုတာ ကြားတော့ကြားတယ်။ ဈေးကတော့ မကျသေးဘူး”ဟု ၎င်း က ဆိုသည်။

ဝက်နားရွက်ပြာရောဂါသည် ၂၀၁၀ ပြည့် နှစ်ကုန်ပိုင်းတွင် မန္တလေးတိုင်းအတွင်း စတင်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် နှစ်ဆန်း ပိုင်း၌ မကွေးတိုင်းနှင့် နေပြည်တော်တို့တွင်လည်း ဖြစ်ပွားခဲ့ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဝက်နားရွက်ပြာဖြစ်ပွားမှုမှာ မကွေးတိုင်းတွင် ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်မှ ၀က်ကောင်ရေ ၁၅၀ ကျော်၊ မန္တလေး တိုင်း၌ ၀က် ကောင်ရေ ၁၀၅၂ ၊ နေပြည်တော်တွင် ၀က်ကောင်ရေ ၁၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မွေးမြူရေးနှင့် ရေ လုပ်ငန်း ၀န်ကြီးဌာန က ထုတ်ပြန်ထားသည်။

မြန်မာ-တရုတ် နိုင်ငံရေး ကစားကွက်များ

အောင်လင်းထွဋ်

သမ္မတ အသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် သမ္မတ ဖြစ်ပြီး ပထမဦးဆုံး နိုင်ငံတော် အလည်အပတ် ခရီးအနေဖြင့် တရုတ် နိုင်ငံသို့ မကြာခင် သွားရောက် လည်ပတ်လိမ့်မည်ဟု သိရှိရ၍ အတိတ် ပစ္စုပ္ပန် ရရှိထားသော သတင်းများအပေါ် အခြေခံ၍ အနာဂတ် ဖြစ်လာနိုင်သော အခြေအနေများကို မိမိ၏ ထောက်လှမ်းရေး အတွေ့အကြုံများအရ ထောက်လှမ်းရေး မှန်းခြေ အစီရင်ခံစာ တစောင် ရေးသားတင်ပြအပ်ပါသည်။

အတိတ်ကာလ မြန်မာအစိုးရ အဆက်ဆက်သည် ကီလိုမီတာ ၂၂၀၀ ခန့်(မိုင်ပေါင်း ၁၃၆၆.၂ မိုင်ခန့်) ကုန်းမြေခြင်း နယ်နိမိတ် ထိစပ်လျက်ရှိသော တရုတ်နိုင်ငံ ကို အထူးသတိပြု ဆက်ဆံခဲ့ရပါသည်။ သမိုင်းကြောင်းအရ ပုဂံခေတ် ပထမ မြန်မာနိုင်ငံ ကို နရသီဟပတေ့မင်း လက်ထက် တရုတ် တို့ ၀င်ရောက်ဖျက်ဆီးခဲ့သဖြင့် တိုင်းပြည်ပျက်ခဲ့ရသည်။

ဝန်ကြီးချုပ် ဦးနု လက်ထက် တရုတ်ဖြူတပ်များ ကျူးကျော်မှုခံခဲ့ရပြီး နယ်စပ်မြို့ သုံးမြို့ကို တရုတ်နိုင်ငံသို့ လွှဲပေးခဲ့ရသည်။ ဦးနေ၀င်း လက်ထက် တရုတ်-မြန်မာ အရေးခင်းဖြစ်ခဲ့ပြီးနောက် နယ်စပ်ဒေသ တလျှောက် ကိုးကန့် ၊ ၀ ၊ အခါ၊ ရှမ်း၊ ကချင် ဒေသ များတွင် ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ)ကို ကျောထောက်နောက်ခံပြူ၍ တရုတ်စစ်တပ်နှင့် ထောက်လှမ်းရေးများ ၀င်ရောက်နေ ရာ ယူခဲ့ကြသည်။ ယနေ့အထိ အဆိုပါပြဿနာ မပြီးဆုံးသေးသည်ကို တွေ့ရပါမည်။

၁၉၈၈ ခုနှစ် အရေးခင်းကာလအတွင်း တရုတ်-မြန်မာ နယ်စပ်ဒေသအခြေအနေမှာ အတော်အတန် တင်းမာခဲ့ဖူးပါသည်။ ထိုစဉ်က တရုတ်နှင့် မဆလ အစိုးရ အခြေအနေမှာ ကောင်းမွန်သည့် ဆက်ဆံရေးမရှိပါ။ တရုတ်တို့အနေဖြင့် တရုတ်စစ်တပ် တပ်မ ၂ ခု ကို နယ်စပ်တလျှောက်ဖြန့်ချထားပြီး မြန်မာနိုင်ငံအတွင်းပိုင်း မန္တလေးမြို့ထိသိမ်းပိုက်နိုင်ရေး အစီအမံများဆွဲထားခဲ့ကြောင်း သိရှိခဲ့ရပါသည်။ တရုတ်တို့သည် အမေရိကန်လေယာဉ်တင်သင်္ဘော မြန်မာပိုင် ရေ နယ်နိမိတ် အတွင်းသို့ ရောက်လာသည်ကို အကြောင်းပြ ၍ အထက်မြန်မာနိုင်ငံသိမ်းပိုက်ရေး အကြံအစည်များ ဆောင်ရွက်ခဲ့ပါသည်။

အမေရိကန် နိုင်ငံ၏ အခြေအနေကိုကြည့်ပြီးနောက် ပထမ အစီစဉ်ကိုဖျက်၍ ဗကပ စစ်တပ်များကို ထောက်ပံ့ပေးပြီး သံလွင်မြစ် အရှေ့ခြမ်း သိမ်းပိုက်ရေး စစ်ဆင်ရေးတခုကို အပြင်းအထန် ဆင်နွှဲခဲ့ပါသည်။ အဆိုပါ မိုင်းယန်းစစ်ဆင်ရေးတွင် ဗကပ တို့ ရှုံးနိမ့်ခဲ့ပြီးနောက် တရုတ်တို့သည် မြန်မာနိုင်ငံအပေါ် နည်းဗျူဟာတခု ပြောင်းလဲကျင့်သုံးလာခဲ့ပါသည်။ ပထမဦးဆုံး နယ်စပ်တိုင်းရင်းသား များအပေါ် ဗကပ ၏ ခေါင်းဆောင်မှုကိုရုပ်သိမ်းပြီး တိုင်းရင်းသားများကို ခွဲထွက်ခွင့်ပြုခဲ့ပါသည်။ တရုတ် ထောက်လှမ်းရေးနှင့် မြန်မာ ထောက်လှမ်းရေး အောက်ခြေအဆင့် အဆက်အသွယ်များပြုလုပ်ပြီး ထိတွေ့ဆက်ဆံလာခဲ့ကြပါသည်။

တရုတ်တို့၏ အကြံပြုချက်အရ လက်နက်ကိုင် ငြိမ်းချမ်းရေးပြုလုပ်ရေး ပေါ်လစီကို ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က ၁၉၈၉ ခု နှစ်တွင် ကိုးကန့်လူမျိုး အကျိုးဆောင် ဘိန်းဘုရင် လော်စစ်ဟန် မှတဆင့် လာရှိုးမြို့ရှိ အမှတ် ၉ ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးသန်းအေး ကို ဆက်သွယ်လာခဲ့ပါသည်။ ယင်းသို့ကမ်းလှမ်းလာချက်အပေါ် ထိုအချိန် န၀တ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင် နှင့် ဗိုလ်မှူးချုပ်ခင်ညွန့် တို့မှ ဦးနေ၀င်း၏သဘောတူညီချက်ဖြင့် ကိုးကန့်အဖွဲ့၏ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါသည်။ ကိုးကန့်ပြီး နောက် တရုတ်နယ်စပ် တိုင်းရင်းသား လက်နက်ကိုင်အသီးသီး န၀တ နှင့် သဘောတူညီချက်များ ရယူခဲ့ကြပါသည်။ ထိုစဉ်က သဘောတူညီချက်များအပေါ် ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး တို့အနေဖြင့် သဘောမကျလှသော်လည်း မကန့်ကွက်ဝံ့ကြပါ။

ဗိုလ်ချုပ်သန်းရွှေ အာဏာရလာချိန်တွင် တရုတ်ကို ချစ်လို့ပေါင်းနေတာမဟုတ်ဘူး။ မလွှဲသာလို့ပေါင်းနေတာဆိုပြီး ကျွေးကြော်ခဲ့ဖူး သည်။ တရုတ်နယ်စပ်ရှိ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်များကို တခါမျှလက်ဆွဲ မနှုတ်ဆက်ခဲ့ဘူးချေ။ တချိန်ချိန် ပြန်တိုက်ရမည့် သူများ ဟု လေးလပတ် စစ်ဆင်ရေးများ၌ တိုင်းမှူး တပ်မမှူး များကို ညွှန်ကြားလေ့ရှိပါသည်။

၁၉၉၄ ခုနှစ်ခန့်က လာရှိုးမြို့ စစ်ဆေးရေးဂိတ်တွင် အမှတ်မထင် တရုတ်လူမျိုးတယောက်ကို သူလျှိုများသုံးသည့် ဆက်သွယ်ရေး စက်များနှင့်အတူ ဖမ်းမိလိုက်သည်။ စစ်ကြောမေးမြန်းရာ တရုတ်ပြည်မကြီး ကို သူလျှိုလုပ်နေသည့် တရုတ်ဖြူထောက်လှမ်းရေး (ထိုင်ဝမ်ထောက်လှမ်းရေး) ဖြစ်နေသည်။ သူလျှို ပိုက်ကွန်ကို ဖော်ထုတ်ဖမ်းဆီးလိုက်ရာ ဗိုလ်မှူးကြီးအဆင့်ရှိ ခေါင်းဆောင် မြန်မာ အမည် ၀င်းနိုင် ကို ရန်ကုန် ၈ မိုင် ၌ ဖမ်းဆီးရမိခဲ့သည်။ မန္တလေး၊ မေမြို့၊ လားရှိုး၊ ကွပ်ခိုင်၊ မူဆယ် မြို့များတွင်ရှိသည့် သူလျှိုအဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း ၉ ဦးကိုဖမ်းဆီးမိခဲ့သည်။ မြန်မာနိုင်ငံကို သူတို့ သူလျှိုလုပ်ငန်းမလုပ်ဘူး။ တရုတ်နိုင်ငံ ယူနန်ပြည် နယ်ကို ပစ်မှတ်ထားပြီး သတင်းရယူကာ ထိုင်ဝမ်ကိုပို့ပေးရကြောင်း သိခဲ့ရပါသည်။

အခြေအနေအကြောင်းစုံကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံတင်ပြရာတွင်“ဒီ ထိုင်ဝမ်ကောင်တွေ ငါတို့မှ ဒုက္ခပေးတာမှမဟုတ်တာ၊ ပြန် လွှတ်ပေးပြီး သူတို့ရတဲ့ တရုတ်ပြည်မကြီး သတင်းတွေ ငါတို့ကိုလဲပေးခိုင်း”ဟု မှတ်ချက်ပြုခဲ့ပါသည်။ ထိုကာလက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ စစ်ဦးစီး ဗိုလ်မှူးကြီးသည် ယခု သမ္မတကြီး ဦးသိန်းစိန် ဖြစ်ပါသည်။

တရုတ်တို့အနေဖြင့်လည်း တရုတ်သံအမတ်ကြီးကိုစေလွှတ်ပြီး ၁၉၉၀ပြည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပထမဦးဆုံး အသိအမှတ်ပြုခဲ့သူဖြစ်ပါသည်။ သို့သော် နောက်ပိုင်းတွင် စီးပွားရေးကို ဦးစားပေးပြီး တရုတ်နိုင်ငံ၏ တပတ်ရစ် လေ ယာဉ်၊ တင့်ကား၊ အမြောက်၊ လက်နက်ကြီး လက်နက်ငယ် စုစုပေါင်း အမေရိကန်ဒေါ်လာ၂ ဘီလျံ ဖိုး ဗိုလ်ချုပ်မှူးကြီးစောမောင် ကို ရောင်းပြီး အမြတ်ထုတ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင် အနေဖြင့်လည်း ကုလသမဂ္ဂ အမြဲတမ်း လုံခြုံရေးကောင်စီအဖွဲ့ဝင် တရုတ် နိုင်ငံ ၏ ထောက်ခံမှုရရေး တိုင်းပြည် နိုင်ငံခြားဝင်ငွေမရှိချိန် ထိုစစ်ပစ္စည်းများကို ၀ယ်ခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တွင် တရုတ်က အကြွေးပြန်တောင်းရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အစုတ်တွေဝယ်ရပါ့မလားဆိုပြီး အပြစ်တင်ခဲ့သေးသည်။ ထိုအချိန်က ဓာတ်ငွေ့မထွက်သေး၍ ငွေကိုချက်ချင်းမဆပ်နိုင်သော ကြောင့် တရုတ်၏ ငြိုငြင်မှုကိုခံရသေးသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီ ယူနိုကယ်လ်နှင့် ပြင်သစ်ကုမ္ပဏီ တိုတယ်လ်တို့က တူး၍ သဘာဝ ဓာတ်ငွေ့များထွက်လာသည့် အချိန်မှ နအဖ ကိုပြန်မျက်နှာချိုသွေးလာသည်။ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်တွင် ဓာတ်ငွေ့မှ မြန်မာအစိုးရ နိုင်ငံခြား ၀င်ငွေ ရလာမှန်းသိသောအခါမှာ ရေအား လျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများတွင် စတင်ရင်းနှီးမြုပ်နှံမှုများ လုပ်လာသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကုန်ပစ္စည်းများကို သင်္ဘောနှင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ရေးအတွက် ဧရာဝတီမြစ်တွင်းမှဖြတ်သန်းခွင့် ပေး ရန် တောင်းဆိုလာခဲ့သည်။ ဗန်းမော်မြို့၌ သင်္ဘောများကပ်ရန် ရေနက်ဆိပ်ကမ်း ဆောက်ပေးမည်၊ ဗန်းမော် နှင့် တရုတ်နယ်စပ်ကို ကားလမ်းဖောက်ပေးမည်၊ ဧရာဝတီမြစ် ကို မဲခေါင်မြစ် ကဲ့သို့ ရေလမ်းကြောင်းရှင်းပေးမည်၊ ဧရာဝတီမြစ် ကို တရုတ်ကုန်သင်္ဘော များ ဖြတ်သန်းသည့်အခါ တရုတ်နိုင်ငံအလံထူမည်၊ မြန်မာဘက်က မစစ်ဆေးရ စသည့် သဘောတူညီချက်များကို အဆိုပြုခဲ့သည်။ ထိုအချက်များကို ပထမပိုင်း၌ နအဖ ဘက်က သဘောတူကြောင်းပြန်ကြားခဲ့ပါသည်။

၂၀၀၁ ခုနှစ် တရုတ် သမ္မတကြီး ကျန်စီမင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာသည့်အချိန် ဧရာဝတီမြစ်အတွင်းဖြတ်သန်းခွင့် ကိစ္စ လက်မှတ်ထိုးခါနီးမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ကပ်ပြီး သဘောမတူ၍ တရုတ် သမ္မတကြီး ကျန်စီမင်း တော်တော်ဒေါသဖြစ် သွားခဲ့ဖူးသည်။ ထို့နောက် တရုတ်နှင့် ခပ်တန်းတန်းဖြစ်သည့်အချိန် ဗိုလ်ချုပ်သန်းရွှေသည် နိုင်ငံရေး ကစားကွက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တည်ချက်လုပ်၍ အမေရိကန်သမ္မတ ဘုရှ် ကို အဆင်ပြေရန် Lobby Team (ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့) ငှားခဲ့သည်။

၂၀၀၂ ခုနှစ် မေလ ၌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့သည်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း အပြီး အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ အပြင်းအထန်ဖိအားပေး၍ တရုတ် ဘက်ကိုပြန်ကပ်ခဲ့ပြန်သည်။ စွမ်းအင်၊ သတ္တု၊ ဆည်မြောင်း အစရှိသည့် လုပ်ငန်းကြီးများစွာကို တရုတ်ကိုပေးလိုက်ရသည်။

ရခိုင်ကမ်းလွန်ကထွက်သည့် သဘာဝဓာတ်ငွေ့ ကို အိန္ဒိယကို မပေးဘဲ တရုတ်ကိုဝယ်ယူခွင့် ပြုလိုက်ရသည်။ ၂၀၀၄ ခု ဗိုလ်ချုပ် ခင်ညွန့် ပြုတ်တော့ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်များ အရေး တရုတ်ဘက်က ရတက်မအေးဖြစ်နေ၍ ဗိုလ်ချုပ်ရွှေမန်း အပြေးသွားပြီး ပြဿနာမရှိကြောင်း ရှင်းပြခဲ့ရသည်။ နောက်ပိုင်းတွင် တရုတ်အနေဖြင့် နအဖ ကို အပေါ်စီးရခဲ့သည်။

အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ ပစ်ဒဏ်ခတ်မှုများ ပြင်းထန်လာသည့်အတွက်ကြောင့်လည်း နအဖ သည် အောက်စည်းကနေ တရုတ် နိုင်ငံကို မလှန်ရဲအောင် အနိုင်ကျင့်ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် သံဃာအရေးခင်း ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း နောက်ပိုင်း နအဖ သည် ကမ္ဘာ၏ ငပွကြီး ဘွဲ့ကိုခံယူခဲ့၍ တရုတ်လည်း မြန်မာကြောင့် နာမည်ပျက်ခဲ့ရသည်။

၂၀၀၈ ခုနှစ်ကုန်ပိုင်း၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရန်ကျဲချိ ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို လာရောက်တွေ့ဆုံပြီး ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ ကြေညာချက်ကိုလိုက်နာရန် ပြောခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ထိုသို့ ပြောရပါမလားဆိုပြီး ဒေါသဖြစ်၍ အစည်းဝေးခန်းမထဲ၌ ပွဲနည်းနည်းဆူသွားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြန်သွားပြီး သိပ်မကြာခင် တရုတ်နှင့် ရေနံ သဘာဝဓာတ်ငွေ့ သွယ်မည့် ပိုက်လိုင်းကို ကျောက်ဖြူ အစား စစ်တွေ က သွယ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ပြောင်းခြင်သည် ဆိုသည့်အသံ တရုတ်ကိုပေးလိုက်ရာ ချက်ချင်းဆိုသကဲ့သို့ တရုတ်ထိပ်ပိုင်း ခေါင်းဆောင်များ မြန်မာနိုင်ငံ ရောက် လာပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို မေတ္တာရပ်ခံခဲ့ကြရသည်။ တရုတ်လည်း ထို့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန်၊ တွေ့ဆုံဆွေးနွေးရေး လုပ်ရန် မတိုက်တွန်းတော့ပါ။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ၀န်းကျင်၌ ဗိုလ်ချုပ်ရွှေမန်း ကို ဖွဲ့စည်းပုံနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ထောက်ခံမှုရရန် စေလွှတ်ခဲ့သည်။ တရုတ်က ဗိုလ်ချုပ်ရွှေမန်းကို နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်များအရေးနှင့် ပတ်သက်၍ အကြမ်းဖက်သည့်နည်းဖြင့် မဖြေရှင်းရန် ပြောလိုက်ကြောင်း သိရသည်။ ထိုအချိန်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ရန်ဖိအားပေးနေချိန်ဖြစ်သည်။ ထိုကိစ္စကို ငြိမ်းချမ်းရေးအဖွဲ့များကငြင်းပယ်ခဲ့၍ ၂၀၀၉ ခု နှစ်လယ် ပိုင်း၌ ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ ကို နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆိုခဲ့သည့်အတွက် စစ်တပ် က ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်သောကြောင့် ထိုဒေသရှိတရုတ်လူမျိုးများ ဒုက္ခရောက်ကြသကဲ့သို့ မြန်မာဘက်က ဒုက္ခသည် ထောင် ပေါင်းများစွာ တရုတ်ဘက် ထွက်ပြေးခဲ့ကြရသည်။

ကိုးကန့် အရေးခင်းဖြစ်ခဲ့သည့်အပေါ် မေတ္တာရပ်ခံထားသည့်ကြားက နအဖ က တိုက်ခိုက်သည့်အတွက် တရုတ်တို့အနေဖြင့် လွန် စွာ စိတ်ဆိုးခဲ့ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် ဗိုလ်ချုပ်ရွှေမန်း ကို ချက်ချင်းစေလွှတ်ပြီး တရုတ်ခေါင်းဆောင် များ ထံ သွားရောက်ရှင်းပြခဲ့ရသည်။ သို့သော် တရုတ်ခေါင်းဆောင်များက မကျေနပ်မှုမရှိချေ။ ဗိုလ်ချုပ်ရွှေမန်း ရှင်းပြသည်ကိုလက်မခံ ဘဲ တာဝန်ပိုကြီးသည့်ပုဂ္ဂိုလ် ကို လွှတ်လိုက်ဆို၍ ချက်ချင်းဆိုသကဲ့သို့ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး နှင့် အဖွဲ့ တရုတ်နိုင်ငံကိုသွားရောက် ခဲ့ရသည်။ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး ကိုးကန့်ကိစ္စ တရုတ်ခေါင်းဆောင်များကို ရှင်းပြပြီးသည့်အခါ တရုတ်တို့ဘက် က တောင်းဆိုသည့် ကျောက်ဖြူ ရေနံပိုက်လိုင်းစီမံကိန်း ၊ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပါအ၀င် စီမံကိန်း ၆ ခုခန့်ကို ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးက သဘောတူညီချက် စာချွန်လွှာ လက်မှတ်ရေးထိုးပေးခဲ့ရပါသည်။ နောက်ပိုင်း၌ တရုတ် က မြန်မာကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ နှင့် ပတ်သက်ပြီး နိုင်ငံတကာကို ထောက်ခံရန် ပြန်ပြောပေးခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ နှင့် အစိုးရအသစ် ဆိုသည့် စစ်ခေါင်းဆောင်ဟောင်းများကို ထောက်ခံကြောင်း ပြသသောအနေဖြင့် မြန်မာနိုင်ငံကို တရုတ် နိုင်ငံရေးခေါင်းဆောင် နှင့် စစ်ရေးခေါင်းဆောင်၂ ဦး မကြာသေးမီကလည်း လာရောက်လည်ပတ်သွားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် လာရောက်လည်ပတ်သွားသည့် တရုတ်နိုင်ငံခေါင်းဆောင်များ ပြန်သွားပြီးနောက် နေပြည်တော်ကထွက်လာ သည့် သတင်းများမှာ နိုင်ငံရေး အပိုင်းအနေနှင့် အစိုးရသစ်ကိုအပြည့်အ၀ထောက်ခံကြောင်းကိုသာ တွင်တွင်ပြောခဲ့ကြောင်း၊ အားလုံးပါဝင်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ကိစ္စ စကားတောင်မဟသွားကြောင်း၊ နယ်စပ်ရှိ ငြိမ်းချမ်းရေးအဖွဲ့များကိစ္စ ပြန်လည်ဆွေးနွေးဖြေရှင်းရန် မေတ္တာရပ်ခံသွားကြောင်း သိရပါသည်။

စစ်ရေးနှင့် ပတ်သက်၍လည်း နယ်စပ်ဒေသရှိ တရုတ် မြန်မာ စစ်တပ် အချင်းချင်း ပုံမှန်တွေ့ဆုံပြီး နားလည်မှု ရင်းနှီးမှု ဖြင့် ပြဿနာဖြေရှင်းရန်၊ စစ်တပ်အချင်းချင်းဆက်ဆံရေး၊ စစ်သင်တန်းများ အပြန်အလှန် တက်ရောက်ရေး၊ စစ်လက်နက်များဝယ်ယူရေး စ သည့်အကြောင်းအရာများအပြင် စီးပွားရေးနှင့်ပတ်သက်၍လည်း ရေနံပိုက်လိုင်း၊ ရေအားလျှပ်စစ်၊ ရေနက်ဆိပ်ကမ်း ကိစ္စများအပါအ၀င် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်ပြီး အသေးစိပ် မေးမြန်းဆွေးနွေးသွားကြောင်း ကြားရသည်။

အတိတ် ၊ ပစ္စုပ္ပန် အခြေအနေများကို လေ့လာပြီးသုံးသပ် ခန့်မှန်းခြေရေးစွဲကြည့်ပါက မြန်မာပြည်သူများအတွက် အင်မတန်မှရင်လေးစရာကောင်းသကဲ့သို့ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် တရုတ်သည် အထူးစိုးရိမ်ဖွယ် အန္တရာယ်ကြီးသည့် နိုင်ငံဟု သုံးသပ်ရပါသည်။

မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်များ တရုတ်ကဲ့သို့ နိုင်ငံကြီးကို အမေရိကန် ၊ အိန္ဒိယ နိုင်ငံများ ကြား၌ ကို့ယ်ကိုယ်ကိုယ်လျင် လှပြီဆိုပြီး နိုင်ငံရေးကစားခဲ့ရာက ယခုအချိန်တွင် တရုတ်ကပြုသမျှနုရတော့မည့်ကိန်း ဆိုက်နေရပါပြီ။ မြန်မာ စစ်အာဏာရှင်များ နိုင်ငံရေးကစားမှု နောက်ဆုံးအခြေအနေမှာ ၎င်းတို့၏သိက္ခာ လုံးဝမရှိတော့သည့်အပြင် တရုတ် အပါအ၀င် နိုင်ငံအားလုံးက လက် ရှိ မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်များကို အယုံအကြည်မရှိကြဘဲ လူလိမ်လူညာများဟု သမုတ်ခြင်းခံနေရပါပြီ။ တရုတ်သည် လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍများစွာကို ကိုင်ထားနိုင်သည့် အနေထားရောက်နေပါပြီ။

လူမျိုးရေး၊ စာပေ၊ ယဉ်ကျေးမှုများလည်း မြန်မာနိုင်ငံနေရာများစွာ၌ လွှမ်းမိုးနေပြီဖြစ်ပါသည်။ ဤအခြေအနေမျိုးဖြစ်နေခြင်းကို လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပါအ၀င် စစ်တပ်ခေါင်းဆောင်များက မနှစ်မြို့ကြပါ။ သူတို့အနေဖြင့်လည်း ရှေ့က ဗိုလ်ချုပ်ကြီးများ မည်သို့လုပ်ခဲ့ကြသည်ကို ဂဃနဏ မသိကြပါ။ ထို့ကြောင့် အမှန်အမှားဘာလဲ ဆိုသည်ကိုမသိဘဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ ပြောသမျှ လိုက်လုပ်နေရသည့် အခြေအနေဖြစ်နေသည်။ လက်ရှိ အာဏာရစစ်ခေါင်းဆောင်များ အနေနှင့် ထို လမ်းကြောင်းအတိုင်း ဆက်လျှောက်ကြမည်ဆိုပါက လူအများ ထင်ကြေးပေးနေသကဲ့သို့ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အစိတ် အပိုင်း တခုဖြစ်လာမည်။ တရုတ်တို့၏ ကိုလိုနီကျွန်နိုင်ငံဖြစ်လာမည်။ သို့မဟုတ် မြန်မာပြည်သူလူထု၏ မကျေနပ်မှုများ ကြီးထွားလာပြီး တရုတ်ဆန့်ကျင်မှုများ ဖြစ်ပေါ်ကာ တရုတ် မြန်မာအရေးခင်းများ ဖြစ်လာပါလိမ့်မည်။ ထို့နောက် ပြည်သူလူထုအုံကြွမှုများ ဖြစ်လာပြီး စစ်ခေါင်းဆောင်များနှင့် မိသားစု ဆွေမျိုးသားချင်းများသည် ပြည်သူ၏ ဒဏ်ခတ်မှုနှင့် ကြုံတွေ့ရလိမ့်မည်ဟု သုံးသပ် တင်ပြ အပ်ပါသည်။

ထို့ကြောင့် အမှန်တကယ် မြန်မာနိုင်ငံကြီးစည်ပင်သာယာဝပြောပြီး အေးချမ်းစွာနှင့်ဖြစ်စေချင်သည်ဆိုပါက အားလုံးကိုအသစ်မှပြန် စ လုပ်ရပါလိမ့်မည်။ ပြည်တွင်းပြည်ပလူငယ်များကို ဦးဆောင်မှုနေရာ ပေးရပါလိမ့်မည်။ မကောင်းမှု၊ မတရားမှု လုပ်ခဲ့သူများကို လည်း အရေးယူသင့်သလောက်ယူ ခွင့်လွှတ်သင့်သလောက်ခွင့်လွှတ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည့် စကားလုံး ကို အပြောမဟုတ် အလုပ်နှင့်သက်သေပြရန် လိုပါမည်။ မြန်မာနိုင်ငံသားများ အချုပ်အနှောင်ဘ၀ကလွတ်မြောက်ရန် လက်ရှိစစ်ခေါင်း ဆောင်များ အပါအ၀င် ပြည်တွင်းပြည်ပ မြန်မာများ အားလုံးတွင် တာဝန်ရှိပါသည်။ ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ May,31st,2011

( 29 )ဒီမိုကရေစီဖော်ဆောင်ရန် ဂျွန်မက်ကိန်း တိုက်တွန်းမည်

( 28 )ရခိုင်တွင် ဆန်ပြတ်နေ

( 27 )Myanmar’s (Burma) Banned Opposition Party, National League for Democracy (NLD) to Launch Microfinance Program

( 26 )မြန်မာ ပုဇွန် ဘင်္ဂလာဒေခ်ျ့တွင် အရှုံးပေါ်

( 25 )Burmese GLBTs speak out

( 24 )မူးယစ်ဆးဝါး သယ်ဆောင်သူ အမျိုးသမီးနှင့် ကားဒရိုင်ဘာ မောင်တောတွင် ဖမ်းဆီးခံရ

( 23 )Danger underfoot in Myanmar war zones

( 22 )Phuket's Burmese Granted Amnesty to Sign Up

( 21 )NLD လူငယ် ထောင်တွင်း ဆန္ဒပြမည်

( 20 )The Nation, Bangkok Post to sell in Burma

( 19 )ဒီပဲယင်း နှစ်ပတ်လည် မန္တလေးမှာ ဆွမ်းကပ်

( 18 )Burma's New Leader Visits China to Foster Economic Ties

( 17 )ဒေါ်အောင်ဆန်းစုကြည် ဇွန်လမှာ ခရီးထွက်ဖွယ်ရှိ

( 16 )Burma's Suu Kyi Announces High Stakes Political Tour

( 15 )ဒီပဲယင်း လုပ်ကြံမှု ဘယ်သူ့မှာ တာဝန် အရှိဆုံးလဲ

( 14 )Imprisoned Saffron Revolution Leader on Hunger Strike

( 13 )ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား

( 12 )Burmese Delegation in Sweden Raises Concerns

( 11 )ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ရပ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆို

( 10 )31 Burmese Rebels Arrive in New Delhi

( 9 )ဗိုလ်ချုပ်စောလားဘွယ်နဲ့ အဖွဲ့ DKBA ဌာနချုပ်နေရာကို ပြန်သိမ်းပိုက်

( 8 )Burma-China Strategic Alliance Threatens Asean Unity

( 7 )အစာငတ်ခံ ဆန္ဒပြ နိုင်ငံရေး အကျဉ်းသား ၇ ဦး တိုက်ပိတ်ခံရ

( 6 )Aung San Suu Kyi announces Burma tour

( 5 )ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ပူပန်နေကြ

( 4 )Bangladesh envisage regional power trade with India, Burma to ease electricity crisis

( 3 )Bangkok Post နဲ့ The Nation မြန်မာနိုင်ငံမှာ ဖြန့်ချိခွင့်ရ

( 2 )ဒီပဲယင်း နှစ်ပတ်လည်အခမ်းအနားများ ကျင်းပ

( 1 )Community reaching out to help Burmese refugees fit in

Monday, May 30, 2011

အရှင် ဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြ

လင်းသန့် Monday, 30 May 2011

စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ထောင်ဒဏ် နှစ်ရှည်ကျခံနေရသော၂၀၀၇ ခုနှစ်စက်တင်ဘာ သံဃာ့ လှုပ် ရှားမှု ဦးဆောင်ဆရာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတချို့သည် အကျဉ်းသား အခွင့် အရေးများအတွက် မေလ ၂၇ ရက်နေ့မှ စတင်ပြီးအစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။

ထိုဆန္ဒပြသည့်နေ့တွင် အရှင် ဂမ္ဘီရ၏ နှမဖြစ်သူ မခင်သူဌေးသည် ကလေးမြို့ အကျဉ်းထောင်သို့ ထောင်ဝင်စာ သွား ရောက်တွေ့ဆုံစဉ် ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ကြောင်း၊ သို့သော် ပါဆယ်ပေးခွင့်ရခဲ့သော်လည်း ပစ္စည်းလက်ခံသည့် အကြောင်းကြားစာ၌ အရှင်မ္ဘီရ ၏ လက်မှတ်မဟုတ်ဘဲ အမည်သာရေးထားပြီး မိသားစုမှ ပေးလိုက်သောစာအုပ်များကိုသာ ယူထားလိုက်ကြောင်း၊ အခြား အစားအစာများကို လက်မခံလိုက်ကြောင်း အရှင်ဂမ္ဘီရ ၏ မိခင်ဖြစ်သူ ဒေါ်ရေးက ဧရာဝတီ ကို ပြောသည်။

“SB (ရဲသတင်းတပ်ဖွဲ့) တွေလည်း အဲဒီနေ့က ဦးပဉ္ဇင်းတို့ အစာငတ်ခံဆန္ဒပြတာကို သတင်းလာယူတယ်။ ထောင် ၀န် ထမ်း က ထောင်ဝင်စာပိတ်ထားတယ်လို့ ပြောလိုက်တယ်။ ဦးပဉ္ဇင်းတို့အတွက် အရမ်းစိုးရိမ်တယ်”ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

လူချင်း ထောင်ဝင်စာ တွေ့ခွင့်မရခဲ့သည့်အတွက် အရှင်ဂမ္ဘီရနင့် အတူ အစာငတ်ခံ ဆန္ဒပြနေသူများနှင့်ပတ်သက်ပြီး အရေ အတွက်၊ အမည်နာမများကို မသိခဲ့ရဟု ဆိုသည်။

အရှင်ဂမ္ဘီရထံသို့ လွန်ခဲ့သည့်လဆန်းက ထောင်ဝင်စာနောက်ဆုံးတွေ့ခွင့်ရခဲ့စဉ် ထောင်ဝန်ထမ်းတဦးမှတဆင့် စာ တစောင် မခင်သူဌေးကို တရားဝင်ပေးခဲ့သည်။ အဆိုပါစာမှာ အရှင်ဂမ္ဘီရ အပါအ၀င် ကလေး အကျဉ်းထောင်အတွင်း ရှိ အခြားသောနိုင်ငံရေးအကျဉ်းသားများက သမ္မတသစ် ဦးသိန်းစိန်ထံ လိပ်မူပြီး နိုင်ငံရေး အကျဉ်းသားများ၏ ဆုံးရှုံး နစ်နာ နေသော အစားအသောက် ကောင်းမွန်စွာရရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာရရေး အပါအ၀င် အကျဉ်း သား အခွင့်အရေးများကို တောင်းဆိုထားခြင်းဖြစ်သည်။

အဆိုပါစာကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်၊ အာဆီယံ လူ့အခွင့် အရေး ကော်မတီ၊ အာရှ လူ့အခွင့်အရေး ကော်မရှင် များထံ မိတ္တူ ပို့ပေးရန်လည်း အရှင်ဂမ္ဘီရနှင့် နိုင်ငံရေး အကျဉ်းသား တချို့၏ စာတွင် ဖော်ပြထားကြောင်း သိရသည်။

ကလေး အကျဉ်းထောင်ရှိ အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် တောင်းဆိုထားသော အကျဉ်းသား အခွင့်အရေးများကို လိုက်လျောရန် အစိုးရအာဏာပိုင်များက မည်သို့မျှ အကြောင်းကြားခြင်းမရှိလာသည့်အတွက် နောက်ဆုံး အစာငတ်ခံဆန္ဒပြ ခြင်းဖြစ်နိုင်သည်ဟု မခင်သူဌေးက ရှင်းပြသည်။

အရှင်ဂမ္ဘီရ(ဘွဲ့အမည်ရင်း ဦးစန္ဒောဘာသ- လူအမည် ညီညီလွင်)သည် သက်တော် ၃၁ နှစ်ရှိပြီဖြစ်ပြီး ၂၀၀၇ ခုနှစ် နိုဝင် ဘာလ ၄ ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်(ပေါက်မြို့နယ် NLD ၏ တသီးပုဂ္ဂလ အမတ်လောင်း)နှင့်အတူ မန္တလေး တိုင်း၊ စဥ့်ကူမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။ အရှင်ဂမ္ဘီရသည် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င်အသင်းနှင့် ဆက်သွယ်မှုအပါအ၀င် ပုဒ်မ ၁၃ ခုတို့ဖြင့် ထောင်ဒဏ် ၆၈ နှစ်ကျခံနေရာမှ ထောင်ဒဏ် ၅ နှစ်လျှော့ချပေးခြင်းခံခဲ့ရသည်။

အရှင်ဂမ္ဘီရနှင့်အတူ အစ်ကိုအပါအ၀င် မိသားစုဝင်များပါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယခုထိ အကျဉ်းထောင် အသီးသီးတွင် မိသားစုဝင် ၅ ဦးဆက်လက်ရှိနေသေးကြောင်း ဒေါ်ရေး က ပြောသည်။

“ဦးပဉ္ဇင်းအတွက် အမေ အရမ်း စိုးရိမ်နေတယ်”ဟု ၄င်းက ဆက်ပြောသည်။

ယခင်စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင် အဓမ္မ သင်္ကန်းချွတ်၍ လူဝတ် လဲကာ အကျဉ်းချခံထားကြရသော နိုင်ငံရေးအကျဉ်းသား သံဃာတော် ၂၂၅ ပါးသည် ထောင်ဒဏ်နှစ်ရှည် ကျခံနေရကြောင်း
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းတွင်ဖော်ပြ ထားသည်။

မြန်မာနိုင်ငံသမိုင်းတွင် အင်္ဂလိပ် ကိုလိုနီ လက်အောက်ကျရောက်နေစဉ် အင်္ဂလိပ်အစိုးရ၏ မတရားဖမ်းဆီးထောင်ချခံ ရသော သံဃာ့အာဇာနည် ဆရာတော် ဦးဝိစာရသည် အင်္ဂလိပ်အစိုးရထံ သင်္ကန်းပြန်လည်ဝတ်ဆင်ခွင့် အပါအ၀င် အ ကျဉ်းသား အခွင့်အရေးများအတွက် အစာငတ်ခံဆန္ဒပြကာ ရက်ပေါင်း ၁၆၆ ရက်မြောက်နေ့ ၁၉၂၉ ခုနှစ် စက်တင်ဘာ လ ၁၉ ရက်နေ့ သက်တော် ၄၁ နှစ်တွင် ရန်ကုန် ထောင်ကြီးထဲတွင် ပျံလွန်တော်မှုခဲ့ရသည်။

မကြာသေးခင်ရက်ပိုင်းများက အင်းစိန်အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကလည်း အကျဉ်းထောင် လက်စွဲဥပဒေပါ အကျဉ်းသားရပိုင်ခွင့်များနှင့်ပတ်သက်ပြီးတောင်းဆိုမှုများ မရခဲ့၍ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးနှင့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၃ ဦး၊ အခြားအကျဉ်းသူ ၄ ဦးတို့သည် မေလ ၁၈ ရက်နေ့မှ စတင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများထဲမှ ၇ ဦးကို စစ်ခွေးတိုက်ပို့ပြီး အရေးယူ လူစုခွဲမှုလုပ်ခဲ့ပြီးနောက် တချို့ကို ထောင်အာဏာပိုင်များက ခေါ်ယူဆွေးနွေးခဲ့သည်။ ထို့နောက် စစ်ခွေးတိုက်မှ ပြန်လည် ခေါ်ထုတ်ကာ အင်းစိန်ထောင် အမှတ် ၅ အဆောင်ဝင်းအတွင်းရှိ တိုက် ၁ သို့ ပို့ဆောင်လိုက်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူ တဦးက ပြောသည်။

သို့သော် မေလ ၂၇ ရက်နေ့တွင် နေပြည်တော်မှ အထူးစုံစမ်းရေး ကော်မရှင်အဖွဲ့တဖွဲ့ ရောက်လာပြီး ၄င်းတို့၏ တောင်း ဆိုချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးကြရာ အကျဉ်းသားအခွင့်အရေးအဆိုင်ရာ အချက်ငယ် ၅ ချက်ကို လိုက်လျောခဲ့သော်လည်း အဓိကကျသော တောင်းဆိုချက်ကို လိုက်လျောမှု မရှိကြောင်း၊ အဆိုပါအချက်မှာ နိုင်ငံရေး အကျဉ်းသား များ အနေဖြင့် အခြားအကျဉ်းသားများကဲ့သို့ အကျဉ်းထောင်လက်စွဲ ဥပဒေ ပါ ရပိုင်ခွင့်အရ“လျှော့ရက်ခံစားခွင့်”ကို အာဏာပိုင်များက မည်သို့မှ မတုံ့ပြန်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ နောက်ဆုံးသိရတဲ့ အခြေအနေကတော့ ၂၈ ရက်နေ့ကတည်းက ထောင်ဝင်စာပိတ်လိုက်တယ်။ နေပြည် တော်က SB ညွှန်မှူးအဆင့်ရှိသူအပါအ၀င် စုံစမ်းရေးအဖွဲ့ တဖွဲ့ အစာငတ်ခံဆန္ဒပြတဲ့ ၅ ဆောင်ဝန်းထဲက ၁ တိုက်ကို လာ တွေ့တယ်။

လျှော့ရက်ခံစားခွင့်ကို ဘာမှ မတုံ့ပြန်ဘူးလို့ သိရတယ်၊ အဲဒီမှာတင် လာတွေ့တဲ့သူတွေကို သံပြိုင် အော်ဟစ် ဆန္ဒပြတော့ အားလုံးကို တိုက်ပိတ်လိုက်တယ် ကြားတယ်”ဟု အဆိုပါ အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သူက ဆက်ပြော သည်။

အကျဉ်းထောင်တွင်း ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများက အစာငတ်ခံဆန္ဒပြခြင်းသည် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာအမိန့် ထွက်ပေါ်ပြီးနောက် မကျေမနပ်ဖြစ်ရာက စတင်ခဲ့ခြင်းဖြစ်သည်။

“သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကို မကျေနပ်တာကစခဲ့တာပဲ။ အဲဒီအမိန့်ထဲမှာ ပုံမှန်ရရှိခံစားရသည့်လျှော့ရက်အပြင် လျှော့ရက် ၁ နှစ် ထပ်မံလျှော့ပေါ့တယ်ဆိုတဲ့ စကားရပ်ပါတယ်။ အခုဟာက လွတ်လဲမလွတ်၊ ငြိမ်းလည်းမငြိမ်း၊ ချမ်းလည်း မချမ်းသာတဲ့ လွတ်ငြိမ်းချမ်းသာအမိန့်ဖြစ်နေတယ်။ သေဒဏ်တွေကို တသက်တကျွန်းပြောင်းလိုက်တာတော့ ကောင်းပါတယ်။ အမှန်က နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မှသာလျှင် လွတ်ငြိမ်းချမ်းသာခွင့်အစစ်ဖြစ်မှာ”ဟု ဒေါ်ရေးက ပြော သည်။

ယခုကဲ့သို့ အရှင်ဂမ္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားများကလည်း ကလေးမြို့အကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြခြင်း၊ အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြခြင်းများသည် အကျဉ်းသားရပိုင်ခွင့်များအတွက် ယခုရက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်နေရာ ကုလသမဂ္ဂ နှင့် လူ့ အခွင့်အရေးအဖွဲ့များက အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လားရှိုးအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာ ၏ မိခင်ဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဒေါ်ချစ်ဖွား သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက် နေအိမ် တွင် ကွယ်လွန်သွားခဲ့ရာ မိခင်၏ နောက်ဆုံးဂါရ၀ပြုခွင့်ကို ပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် မိသားစုဝင်များက အာဏာပိုင်များထံ ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်းမရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တဦးက ပြောသည်။

ဒေါ်ချစ်ဖွား၏ ဈာပနအခမ်းအနားကို ယမန်နေ့ မေလ ၂၉ ရက်နေ့က ကမာဝက် သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပြီး ကိုမင်းဇေယျာ ၏ ဇနီးဖြစ်သူ မချိုသာလျှင် ခင်ပွန်းဖြစ်သူကိုယ်စား နောက်ဆုံးဂါရ၀ပြုခဲ့ရသည်ဟု သိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် သံဃာတော်များအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ဆက်လက် ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများသည် ၄င်းတို့၏ ရပိုင်ခွင့်များဆုံးရှုံးနေကြောင်း AAPP ၏ ကြေညာချက်များတွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ခြင်းမရှိလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း AAPP ၏ ဆောင်ပုဒ်တွင် အလေးအနက်ဖော်ပြထားသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးခြွင်းချက်မရှိ လွတ်မြောက်ရေး လက်မှတ်ထိုးလှုပ်ရှားမှု အရှိန်ရလာပြီး ယခုအခါ လက်မှတ်ပေါင်း ၁ သိန်းကျော်ရရှိနေပြီဖြစ်ကြောင်း၊ ယနေ့ နေ့လယ်၂ နာရီတွင် သမ္မတ ဦးသိန်စိန်ထံသို့ စာတိုက်မှတဆင့် တောင်းဆိုလက်မှတ်ပေါင်း ၂ သောင်းကျော် တတိယအသုတ် ပေးပို့မည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သည့် ကိုတိုးကျော်လှိုင်က ပြောသည်။

ကချင် လက်နက်ကိုင်အဖွဲ့စစ်ရေးပြင်ဆင်ထား

သန်းထိုက်ဦး Monday, 30 May 2011

ကချင်ပြည်နယ် အရှေ့တောင်ဘက် မန်စီမြို့နယ်အတွင်းရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း၂၇ ထိန်းချုပ် ထားသော ဒေသတွင် ၎င်း တပ်ဖွဲ့ဝင်များကို စစ်အင်အား တိုးချဲ့၍ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားသည်။

ပြီးခဲ့သည့်တပတ် သောကြာနေ့က အစိုးရ၏ ခြေလျင်တပ်ရင်း (ခလရ ) ၁၀၅ တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုကဲ့သို့ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ယနေ့ ဧရာဝတီ ကို ပြောသည်။

KIA တပ်ဖွဲ့ဝင်များသည် စစ်အစိုးရတပ်များ တည်ရှိသည့် နေရာအနီး တ၀ိုက်တွင် နေရာယူထားပြီး စစ်ရေးအရ အသင့် ပြင် ဆင်ထားသည်ဟု ၎င်းက ဆိုသည်။

အစိုးရတပ်ဖွဲ့ဝင်များက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တပ်အင်အား တိုးချဲ့ခြင်းမရှိဘဲ KIA ထိန်းချုပ်နယ်မြေ အတွင်းရှိ ရှ ဒန် ကျေးရွာ တွင် လှုပ်ရှားနေကြောင်း သိရသည်။

“သူတို့ အခု နေနေတဲ့ ရွာက အတွင်းပိုင်း တော်တော်လေး ကျသွားပြီး ကျနော်တို့ လုံခြုံရေး စီမံချက် လုပ်ထားတဲ့ အတွင်းပိုင်း ကို ရောက်နေတယ်၊ အဲဒီတော့ သူတို့ တောထဲကို ဟိုဝင် ဒီဝင် လုပ်ရင်တော့ မဖြစ်သင့်တာတွေ ဖြစ်တော့မှာပဲ”ဟု ဦးလနန်က ဆက်ပြောသည်။

အစိုးရတပ်များ လှုပ်ရှားနေသည့် ကျေးရွာတွင် ဒေသခံများက စစ်ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် နီးစပ်ရာ ဆွေမျိုးနှင့် မိတ်ဆွေများထံ တိမ်းရှောင်နေကြောင်းလည်း သိရသည်။

ဦးလနန်၏ အဆိုအရ အစိုးရတပ်က ရွာသား၂ ဦးကို ဖမ်းဆီးထားကြောင်း ပြောဆိုသော်လည်း သီးခြားအတည်မပြု နိုင်ပေ။

KIA တွင် စစ်အင်အား တသောင်း ၀န်းကျင်ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စခန်းချထားကြောင်း သိရသည်။
၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြား လျက်ရှိသည်။ နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

KIA ကို “သောင်းကျန်းသူ” အဖွဲ့ဟု အစိုးရပိုင် သတင်းစာများတွင် မကြာခဏ သုံးနှုန်းဖော်ပြသည်အထိ နှစ်ဘက် ဆက်ဆံရေး ဆိုးရွားလျက်ရှိသည်။

ပြီးခဲ့သည့် တပတ် သောကြာနေ့က တရုတ် နိုင်ငံတော်ကောင်စီဝင် Meng Jianzhu နှင့် မြန်မာ ပြည်ထဲရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို တို့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးများကို တိုးမြှင့် ဆောင်ရွက်သွားရန် သဘောတူ ခဲ့ကြောင်း သိရသည်။

တရုတ်မှ ဒေါ်လာ ၇၆၃ သန်း ထုတ်ချေးမည်ဆိုသော်လည်း စီမံကိန်း၏ အဓိက ပင်မ ဒေသ အကျိုးခံစား ရနိုင်ဖွယ် မရှိ

တာကလူးနှင့် ထွန်းထွန်း

မြန်မာသမ္မတ ဦးသိန်းစိန်၏ သုံးရက်တာ တရုတ်ပြည် ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ရထားလမ်း တည်ဆောက်ရေး အပါအ၀င် တခြား အကျိုးတူ စီးပွါးရေး လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး၊ ထိုလုပ်ငန်းများအကောင်အထည်ဖေါ်ရန် အတွက် တရုတ်မှ မြန်မာကို အမေရိကန် ဒေါ်လာ ၇၆၃ သန်း ထုတ်ချေးလိုက်ကြောင်း သတင်း ရရှိသည်။

ဦးသိန်းစိန်၏ တရုတ် ခရီးစဉ် အတွင်း မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ အရှေ့ဘက်နယ်စပ်မြို့ မူဆယ်ကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရူလီအထိ ကီလိုမီတာ ၈၁၀ ရှည်လျားသည့် ရထားလမ်းတစ်ခုကို တည်ဆောက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်ဟု တရုတ်နိုင်ငံ၏ အကြီးဆုံး ရထားလမ်း တည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် China Railway Group Limited မှ မြန်မာသမ္မတ၏ ခရီးစဉ် အဆုံးသတ်ခဲ့သည့် ယမန်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာသမ္မတ၏ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အတိုင်း ၄င်း ကျောက်ဖြူ-မူဆယ်-ရူလီ ရထားလမ်းကို အဆိုပါ တရုတ်ရထားလမ်းတည်ဆောက်ရေးကုမ္ပဏီမှ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၃ နှစ်အတွင်းအပြီးသတ်တည်ဆောက်ရန်စီစဉ်ထားသည့် အဆိုပါရထားလမ်းဖြင့် မြန်မာနှင့် တရုတ်တို့ အကြား အကျိုးတူ စီးပွါးရေး လုပ်ငန်းများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာနိုင်မည်သာမက မြန်မာ၏ ဒေသတွင်း စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်ကူ ဖြစ်လာစေလိမ့်မည် ဟုလည်း တရုတ် အစိုးရ မီဒီယာများမှ သတင်း ထုတ်ပြန်ခဲ့ကြသည်။

သို့သော်လည်း ထိုင်း အခြေစိုက် ရွှေဂတ်စ် လူပ်ရှားမူ တာဝန်ခံ ဦးဝင်းအောင်က တရုတ်မှ မြန်မာနိုင်ငံတွင် ပြုလုပ်သော စီမံကိန်းများ ဒေသခံ ပြည်သူများအတွက် အကျိုးတစုံတရာ ရှိသည်ကို ယခုထက်တိုင် မမြင်တွေ့ ရသေးကြောင်း သူက ယခုကဲ့သို့ ပြောသည်။

" ပြောရမယ်ဆိုရင် ရခိုင် ဒေသမှာ ဒီဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေကို လုပ်ဆောင် နေတာဟာ နှစ်ပေါင်း သုံးလေး နှစ်သက်တမ်းရှည်လာပြီ ဖြစ်ပေမယ့် ခုချိန်အထိ ရခိုင်ပြည်သူ လူထုအတွက် ဘာတစ်ခုမှ အကျိုး မရှိသေးဘူး။ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ပေးတာလည်း ခုချိန်ထိ ဘာမှ မတွေ့ရသေးဘူး။ အဲဒီ စီမံကိန်းကြောင့်သာ မြေတွေ သိမ်းခံရတာတွေ၊ မိမိရိုးရာ အစဉ် အလာအရ လုပ်ကိုင် စားသောက်နေတဲ့ အလုပ်အကိုင်တွေသာ ဒေသခံတွေ ဆုံးရှုံး သွာတာကို ကြုံတွေ့နေကြရပါတယ်။ ဒီအတွက် ခုလုပ်မယ့် စီမံကိန်းတွေဟာ ဒေသခံ ရခိုင်ပြည်သူလူထုအ တွက်အကျိုးရှိမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ခုလုပ်နေတာတွေဟာ သူတို့ အစိုးရ နှစ်ရပ်ရဲ့ အကျိုး စီးပွား ဖွံ့ဖြိုးတိုး တက်မှုကို အဓိကထား လုပ်ဆောင် နေတယ်လို့ မြင်ပါတယ်" ဟု ဆိုသည်။

မြန်မာ အစိုးရသည် ရခိုင် ဒေသမှ သဘာဝ သံယာဇာတ ပစ္စည်းများကို ထုတ်ယုပြီး အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချရန်သာ စိတ်ဝင်စားနေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုမူ လုံးဝ လစ်လျူရှု့ ထားကြောင်း ပြည်တွင်း ပြည်ပတွင် ကျယ်ကျယ်ပြန့်ြ့ပန့် ဝေဖန်မူများ ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံ ရခိုင်ကမ်းလွန် ပင်လယ်ပြင်ရှိ ရွှေဓါတ်ငွေ့သိုက်မှ ထုတ်လုပ်မည့် သဘာဓါတ်ငွေ့ နှင့် အတူ အရှေ့အလယ်ပိုင်းနိုင်ငံများမှ သင်္ဘောများဖြင့် တင်သွင်းလာမည့် ရေနံစိမ်းများကို လက်ခံနိုင်ရန် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းတွင် တရုတ်မှ ဆိပ်ကမ်းများ နှင့်အတူ ပိုက်လိုင်းများကို အကောင်အထည်ဖေါ် တည်ဆောက်လျှက် ရှိသည်။

" လက်ရှိ ဂတ်စ်နဲ့ ရေနံ ပိုက်လိုင်း တည်ဆောက်နေမှုနဲ့ ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရက ရခိုင် ပြည်သူ လူထုရဲ့ အခြေခံ လိုအပ်ချက်တွေကို မလုပ်ဆောင်ပေးရင်တော့ ဒီစီမံကိန်း တွေဟာ အပြောအရဘဲ လူထု တွေအတွက် အကျိုးရှိနိုင်မယ်လို့ ပြောနိုင်ပြီး လက်တွေ့မှာ ဒီလုပ်ငန်း တွေဟာ ရခိုင်ပြည်သူလူထု အတွက် ဘယ်လိုနည်းနဲ့မှ အကျိုးရှိလာနိုင် မဟုတ်ပါဘူး" ဟု ကိုဝင်းအောင်က ပြောသည်။

ဦးသိန်းစိန်၏ ခရီးစဉ်အဆုံးတွင်ထုတ်ဝေခဲ့သည့် မြန်မာအစိုးရပိုင် သတင်းစာများ၏အဆိုရ ၄င်းပိုက်လိုင်းစီမံကိန်းများ နှင့် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများအပါအ၀င် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီမံကိန်း ၇၂ ခုတွင် အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလီယံ ရင်းနှီးမြှပ်နှံထားကြောင်း သိရှိရသည်။

တရုတ်နိုင်ငံကို မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်ခု အဖြစ် ဖေါ်ပြထားပြီး၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံရှိခဲ့ပြီး၊ ယခု ၂၀၁၁-၂၀၁၂ တွင် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံအထိ တိုးတက် လာမည် ဟု မျှော်လင့် ထားကြောင်းလည်း ၄င်းမြန်မာ့ သတင်းစာများတွင် ရေးသား ဖေါ်ပြကြသည်။

သို့သော်လည်း တရုတ်၏ စီးပွါးရေး ရင်းနှီးမြှပ်နှံမှုများကြောင့် မြန်မာနိုင်ငံတွင် ဒေသခံပြည်သူများ နစ်နာ ဆုံးရှုံး နေကြရကြောင်းနှင့် တရုတ်၏ ဆိပ်ကမ်း၊ ပိုက်လိုင်းများနှင့် လမ်းပမ်း ဆက်သွယ်ရေး စီမံကိန်းများကို စတင် အကောင် အထည်ဖော် တည်ဆောက်နေသည့် ရခိုင်ပြည်နယ်မှ ဒေသခံများက ပြောသည်။

"ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အထူးသဖြင့် ဒီရွှေသဘာဝဓါတ်ငွေ့စီမံကိန်းနှင့် ဆက်စပ်ပြီးတော့ တရုတ်အ ပါအ၀င်နိုင်ငံ တကာက ရင်းနှီးမြှပ်နှံထားတာတွေ အများအပြားတွေ့ရပါတယ်။ ဒါပေမယ့် အဲဒီ ရင်းနှီး မြှပ်နှံမှုတွေကြောင့် ဒေသခံပြည်သူတွေအတွက် ဘာမှ အကျိုးရှိလာတာကို ခုချိန်ထိ မတွေ့ ရသေးဘူး။ အဲဒီ စီမံကိန်း ရင်းနှီးမြှပ်နှံမှုတွေကြောင့် ဒေသခံ ပြည်သူတွေ လုပ်စားမဲ့ ကိုင်စားမဲ့ ဘ၀ပျက်နေကြရတာကိုပဲ တွေ့မြင်နေရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် တရုတ်ကုမ္ပဏီများမှာ အဆိုပါစီမံကိန်းများ တည်ဆောက်ရာတွင် သာမန် အလုပ်သမားများကိုပင် တရုတ်ပြည်မှ ယူဆောင်လာခဲ့ပြီး၊ ဒေသခံများကို ခန့်အပ်ပေးခြင်း မရှိကြောင်းလည်း သိရသည်။

တရုတ်၊ အိန္ဒိယ အပါအ၀င် နိုင်ငံတကာ ကုမ္ပဏီများမှ မြန်မာအစိုးရနှင့် ပေါင်းဖက်ပြီး ရခိုင်ဒေသအတွင်း အပြိုင်အဆိုင် ရင်းနှီးမြှပ်နှံနေကြပြီး စီးပွါးရေး စီမံကိန်း အများအပြားကို အကောင်အထည်ဖော် လုပ်ဆောင် နေကြသော်လည်း ဒေသခံ ရခိုင်ပြည်သူ အများစုမှာ အဆိုပါ စီမံကိန်းများမှ တစ်စုံတရာ အကျိုးခံစားခွင့်မရသဖြင့် တစ်နေ့ထက် တစ်နေ့ စီးပွားရေး ကျပ်တည်းမူနှင့် အလုပ်အကိုင် ရှားပါးမူ ပြဿနာများကိုသာ ရင်ဆိုင်နေကြရပြီး လက်ရှိ အချိန်တွင် အလုပ်အကိုင် အခွင့်အလန်း အတွက် နိုင်ငံအတွင်းရှိ ဗမာပြည်မနှင့် ကချင်ဒေသအပါအတွင် ထိုင်း၊ မလေးရှားစသည့် နိုင်ငံများသို့ နေ့စဉ် ရက်ဆက် ထွက်ခွာနေကြရသည်။

မုန်တိုင်းမိလို့ ပင်လယ်ထဲမျောပါပျောက်ဆုံးသွားသည့် ရေလုပ်သားများရဲ့ ဇနီးသည်တွေ မိမိတို့လင်သားလုပ်အားခနဲ့ နစ်နာကြေးမရ

ရိုးမ ၃

ပြီးခဲ့သည့် မတ်လလယ်မှာ လေပြင်းမုန်တိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားသည့် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်မှ ရေလုပ်သား (၈၀၀) ခန့်၏ ကျန်ရစ်သည့် ဇနီးသည်များမှာ ၎င်းတို့၏ယောက်ျားများသတင်း ယခုအချိန်ထိ တိတိကျမသိရသည့်အပြင် လုပ်အားခနှင့် နစ်နာ ကြေးငွေလည်းမရကြသည့်အတွက် ဒုက္ခတွေ့နေရကြောင်း ရေလုပ်သားအရေး ကူညီလုပ်ဆောင်နေသူများက ပြောသည်။

ယခုချိန်ထိ ပျောက်ဆုံးနေသည့် ရေလုပ်သား အတော်များများရှိနေပြီး ကျန်ရစ်သည့် မိသားစုဝင်များမှတဆင့် သိရှိရသည့် စာရင်းများအရ ယခုမေလထဲမှာပင် နောက်ထပ် ရေလုပ်သား (၃၀၀) ကျော် ပျောက်ဆုံးစာရင်းရရှိကြောင်းနှင့် ယခင်က (၄၀၀)ကျော်စာရင်းရရှိထားသည့်အတွက် ရေလုပ်သား ၈၀၀ ခန့် ပျောက်ဆုံးစာရင်း ကောက်ခံရရှိကြောင်း ဖျာပုံခရိုင်နှင့် ဘိုကလေးဒေသတွင်းက ရေလုပ်သားအရေးကူညီ လုပ်ဆောင်ပေးနေသူများက ပြောသည်။

“မုန်တိုင်းတိုက်ပြီးတော့ ဧပြီလအတွင်းမှာဘဲ ပျောက်ဆုံးရေလုပ်သား (၄၀၀)ကျော်စာရင်းကောက်ခံရတယ်။ အခု မတ်လထဲမှာ (၃၀၀)ကျော်ကောက်ခံရတယ်ဗျာ။ အဲဒါက ဖျာပုံနဲ့ ဘိုကလေးပိုင်ဒေသတွင်းက ရေလုပ်သားစာရင်းတွေပါ၊ အများစုက ၀ါးဖောင်လိုက်တယ် ဝါးဖောင်က အစိုးရကို တရားဝင်လိုင်စင်တင်လုပ်တဲ့ ဖောင်မဟုတ်ဘူး ခိုးလုပ်တဲ့ဝါးဖောင်ဖြစ်နေတော့ အဲဒီမှာလုပ်တဲ့ ရေလုပ်သားစာရင်းက တဖြည်းတဖြည်းနဲ့မှသိရ တာမျိုးပေါ့” ဟုပြောသည်။

မုန်တိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားကြသည့် ရေလုပ်သားများမှာ ဖျာပုံနှင့်ဘိုကလေးဒေသတွင်းက ဒေါ်ညိမ်း၊ ကဗျက်၊ ကမံတာ၊ ဖိုးညို၊ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ နောင်မီးစသည့် ကျေးရွာများမှ ဖြစ်ကြသည်။

အဆိုပါ ရေလုပ်သားများသည် ဝါးဖောင်လိုက်ကြရသည့်သူအများစုဖြစ်ပြီး ၎င်းတို့မှာ ထက်ယံ၊ မင်းရွှေစင်၊ ပြည့်စုံကျော်၊ နိုင်အောင်ကျော်၊ စိန်ဇင်ယော်၊ မာန်သစ်၊ နေ၀င်း၊ စိန်မင်္ဂလာ၊ တိုးတက်ကျော်နှင့် ချီးသဲကြီးအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်သည်။

မုန်တိုင်းတိုက်ခတ်ခံရပြီး ပင်လယ်ထဲမျောပါသွားသည်မှာ (၂) လကျော်အထိ သတင်းအစအနမရသည့် ရေလုပ်သားများ၏ ဇနီးသည်များက လုပ်ငန်းရှင်များထံ ၎င်းတို့၏ ယောင်္ကျားများအား မည်သည့်နေရာတွင် ရောက်ရှိနေပြီး မည်ကဲ့သို့ ဆက်သွယ်ရမည်ကို သွားရောက်စုံစမ်းမှုများ ယနေ့အထိရှိနေသေးကြောင်း ဖျာပုံခရိုင်တွင်း ရေလုပ်သားအရေး အကူအညီလုပ်ဆောင်ပေးနေသူတဦးက ပြောသည်။

“ဒေါ်စန်းမြင့်ဆိုတဲ့ အမျိုးသမီးက ဒေါ်ညိမ်းကျေးရွာက၊ နောက်တယောက်က မလှလှဝေဆိုတာ ဖိုးညိုရွာက သူတို့လင်သားတွေရဲ့သတင်း ဘာမှမသိရသေးတော့ သူတို့လင်သားတွေကို တွေ့ချင်ကြောင်းနဲ့ ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို ကဗျက်ရွာမှာနေတဲ့ လုပ်ငန်းရှင်ဆီ မနေ့က သွားမေးတယ်။ ပြီးတော့ သူတို့ယောက်ျားတွေရဲ့ လုပ်အားခတွေ သွားတောင်းတယ်။ လုပ်ငန်းရှင်က စာရင်းရှင်းမပေးဘူး သူတို့ယောင်္ကျားတွေရှိနေသေးတယ်ပေါ့ ပြန်လာမှ ရှင်းပေးမယ်အဲလိုပြောတာ။ ဒါကလိမ်တာ အခု (၂)လကျော်နေပြီ ဘယ်လို အသက်ရှင်မှာလဲ သဘောကတော့ တာဝန်မယူတော့ဘူးပေါ့ဗျာ”ဟု ပြောသည်။

ဝါးဖောင်လုပ်ငန်းရှင်အများစုသည် ၎င်းတို့ဝါးဖောင် (၁၀၀)ထွက်ခွာမည်ဆိုလျှင် အစိုးရထံ ၄၀ သာစာရင်းတင် တရားဝင်ထွက်ခွာခြင်းဖြစ်ပြီး အခြားဖောင်များမှာ ခိုးဖောင်အဖြစ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

မုန်တိုင်းကြောင့် မျောပါခဲ့သည့် ဖောင်အများစုမှာ ခိုးဖောင်များဖြစ်ပြီး ရေလုပ်သားအများစုလိုက်ပါ အလုပ်လုပ်ကိုင်ခဲ့သည့် ဖောင်များဖြစ်နေသည့်အတွက် ရေလုပ်သားအများစု၏ ကျန်ရစ်သည့် မိသားစုများမှာ လုပ်အားခ ခံစားခွင့်အပါအ၀င် နစ်နာကြေး စသည့် ရပိုင်ခွင့်များ ဆုံးရှုံးနေရပြီး လင်လည်းဆုံး လုပ်အားခလည်း ဆုံးရှုံးရသည့်အဖြစ်နှင့် ရင်ဆိုင်နေကြရသည့် မိသားစုဝင်အတော်များများရှိနေကြောင်း ဖျာပုံခရိုင် ရေလုပ်သားများအရေးကူညီ လုပ်ကိုင်နေသူများက ပြောသည်။

ဖျာပုံမြို့နယ် ကျားဖမ်းပိုက်အသင်း ဥက္ကဌ ဦးသံချောင်းက မတ်လ (၃၀)ရက်နေ့အထိ ရေလုပ်သား (၁၂၀၀၀) ကယ်ဆယ်ရရှိခဲ့ပြီး ရေလုပ်သား (၆၀၀)ခန့် ပျောက်ဆုံးနေကြောင်းနှင့် မုန်တိုင်းကြောင့် မျောပါခဲ့ရသည့် ကျားဖောင်နှင့် ငါးဖမ်းပိုက်များအပါအ၀င် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၆၀၀၀)ကျော်ရှိကြောင်း ဧပြီလအတွင်းက ပြောကြားခဲ့သည်။

အဆိုပါ မုန်တိုင်းမိ ရေလုပ်သမားအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ ပြည်သူ့လွှတ်တော်အမတ် ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင်က ဧပြီလ (၇)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ နောင်မီးရွာမှ ရေလုပ်သား (၁၈၀၀)အတွက် ငွေကျပ် တစ်သောင်းနှုန်း လှူဒါန်းခဲ့သည်။ အဆိုပါ နောင်မီးကျေးရွာတွင် ရေလုပ်သား (၃)ထောင်ကျော်ရှိနေသည့်အတွက် အချို့သာ အလှူငွေရရှိခဲ့သည်။

မတ်လ(၁၅) ရက်နေ့က တိုက်ခိုက်ခဲ့သည့် မုန်တိုင်းကြောင့် ဖျားပုံခရိုင်တွင်းမှ ပင်လယ်ပြင်ရေလုပ်သား တစ်သောင်းမှနှစ်သောင်းအထိ မျောပါခဲ့ကြောင်း ရေလုပ်ငန်းတာဝန်ရှိသူများက ပြောသည်။ ရေလုပ်သား (၅၀၀) နီးပါးခန့်ကို ထိုင်းငါးဖမ်းလှေများက ကယ်ဆယ်နိုင်ခဲ့ပြီး အချို့ရေလုပ်သားများမှာ အိမ်နီးနိုင်ငံများအထိ ရောက်ရှိနေသည်များလည်းရှိသည်။ အဆိုပါ မုန်တိုင်းမိရေလုပ်သားများအရေးကို အစိုးရတာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် ကူညီဖြေရှင်းပေးနိုင်ခြင်း ယခုအချိန်ထိ မရှိသေးကြောင်း ရေလုပ်သားအများအရေး ကူညီလုပ်ကိုင်နေသူများ ပြောကြားခဲ့သည်။

ထောင်ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ် ကလေးထောင်အကျဉ်းသားများ ခံစားနေရ

ဖြိုးကြီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအကျဉ်းထောင်တွင်းရှိ အကျဉ်းသားများမှာ ထောင်ပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ကျန်းမာရေးထိခိုက်မှုများ ကြုံတွေ့နေရသည်ဟု ထောင်ဝင်စာသွားတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က ပြောသည်။

“ကလေးထောင် အပြင်ဘက်မှာက ဝက်တွေမွေးထားတယ်၊ အဲဒီဝက်တွေရဲ့ ချေးနံ့၊ သေးနံ့တွေက နေ့တိုင်းနံနေတယ်၊ ထောင်အထဲမှာကလည်း အဲဒီဝက်မိလ္လာအနံ့က တောက်လျှောက်နံနေတယ်၊ အကျဉ်းသားတွေက နေ့တိုင်း အဲဒီညစ်ညမ်းတဲ့အနံ့ကို ရူနေရတယ်” ဟု ပြောသည်။

ထို့အပြင် အကျဉ်းထောင်အတွင်းရှိ သစ်ခွဲစက်မှ နေ့စဉ်ထွက်သည့် မီးခိုးငွေ့များမှာလည်း အလွန်ဆိုးဝါးပြီး ကျန်းမာရေးထိခိုက်မှုရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“သစ်ခွဲစက်က မီးခိုးငွေ့ကို အကျဉ်းသားတွေက နေ့တိုင်းရူနေရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက မရှိတဲ့အခါကြတော့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးဟာ အသက်အန္တရာယ်တောင် စိုးရိမ်နေရတယ်” ဟု ထောင်ဝင်စာသွားတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က ဆက်လက်ပြောသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ကလေးအကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုနှင့်အခြား အကျဉ်းသားအခွင့်အရေးများ ရရှိရန်အတွက် လက်မှတ်ထိုးတောင်းဆိုမှုများပြုလုပ်ထားသည်။

ယခုလ(၁၁) ရက်နေ့တွင် အရှင်ဂန္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားလေးဦးက လက်မှတ်ထိုးတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး (၁၈) ရက်နေ့တွင် နောက်ထပ် နိုင်ငံရေးအကျဉ်းသား ရှစ်ဦးက ထပ်မံလက်မှတ်ထိုး တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်ဝင်စာတွေ့ရန်လာသည့် မိသားစုဝင်များနှင့် လွတ်လပ်စွာ စကားပြောဆိုခွင့်၊ အဝေးမှ မိသားစုများနှင့် (၁၅)ရက် တကြိမ် ဆယ်မိနစ်ဖုန်းဆက်သွယ်ခွင့် ရရှိရေး၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားလွတ်လပ်စွာ ကြည့်ရှု နားထောင်ခွင့်နှင့် အကျဉ်းထောင် လက်စွဲဥပဒေပါ လူ့အခွင့်အရေးများ၊ နောက်ဆက်တွဲ ညွှန်ကြားချက်များပါ အခွင့်အရေးများအတိုင်း တသွေမတိမ်း ရရှိခံစားခွင့်တို့ကို တောင်းဆိုထားသည်။

ယင်းတောင်းဆိုချက်များကို ယခုလ (၁၈) ရက်နေ့ ရက်စွဲဖြင့် တောင်ကုတ်မြို့နယ် NLD အဖွဲ့ဝင် ကိုမင်းအောင်၊ ကိုနေလင်းအောင်၊ ကိုမြင့်လှိုင်၊ ကိုလှိုင်မျိုး (ခေါ်) မျိုးကြီး၊ ကိုအောင်အောင်၊ ဦးသိန်းလွင်ဦး၊ ကိုရန်ရွှေနဲ့ ဦးအေးချိုတို့က လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတကြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ် (ICRC)နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ (ILO) ရန်ကုန်သို့ တင်ပြတောင်းဆိုထားသည်။

ရင်းနှီးမြုပ်နှံမှု ကော်မရှင် အသစ်ပြန်ဖွဲ့

ဧရာဝတီ Monday, 30 May 2011

သမ္မတ ဦးသိန်းစိန်က အစိုးရထိပ်တန်း အဆင့်မြင့်အရာရှိ ၁၆ ဦးပါဝင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်(MIC)ကို အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

ယင်း MIC ပြင်ဆင်ဖွဲ့စည်းမှုကို ပြီးခဲ့သည့် ဧပြီလ၂၀ ရက်က အမိန့်ကြေညာချက် အမှတ် ၃၃/၂၀၁၁ ဖြင့် ထုတ်ပြန်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးတင်နိုင်သိန်း ကို ဥက္ကဌ အဖြစ်ခန့်အပ်လိုက်ကြောင်း ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ပြောသည်။

“ဦးတင်နိုင်သိန်းက ဥက္ကဋ္ဌ။ ရထားပို့ဆောင်ရေး ဒုဝန်ကြီး သူရဦးသောင်းလွင်က ဒု ဥက္ကဋ္ဌ။ အတွင်းရေးမှူးအဖြစ် အမျိုးသား စီမံကိန်း နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒု ၀န်ကြီး ဒေါက်တာကံဇော်ကို ခန့်တယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေက ဒု ၀န်ကြီးတွေ၊
ညွှန်ကြားရေးမှူးချုပ်တွေ ပါတယ်။ ကော်မရှင်မှာ ၀န်ကြီးတဦး၊ ဒုဝန်ကြီး ၁၁ ဦး၊ ညွှန်ကြားရေးမှူးချုပ် ၄ ဦး စုစုပေါင်း ၁၆ ဦးပါတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးက ပြောပြသည်။

ယခုပြင်ဆင်ဖွဲ့စည်းလိုက်သော MIC သည် ယခင်နှင့်မတူဘဲ ပြည်ပနိုင်ငံများမှ ရင်းနှီးမြုပ်နှံလိုသူများကို အဆင်ပြေစေရန် ညှိုနှိုင်း ဆောင်ရွက်ပေးရမည်ဟု သမ္မတဦး သိန်းစိန် က ညွှန်ကြားထားပြီး အထူးသဖြင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံ အပါအ၀င် အာရှနိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှုများ ပိုမိုရရှိရန် လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

“ပုံစံရော၊ မူရောက အရင်နဲ့မတူဘူး။ မြန်ရမယ်၊ မှန်ရမယ်၊ ရင်းနှီးမြုပ်နှံမှုတွေကို တိုးမြှင့်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိတယ်။နောက်ပြီး ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ညွှန်ချုပ် ဦးအေးကို ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့တွဲဖက် အတွင်းရေးမှူး အဖြစ် ခန့်ထားတော့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေအားလုံးနဲ့ ရင်းနှီးမြုပ်နှံမှုတွေအားလုံးက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့ထိန်းချုပ်မှု အောက်ကို အလိုလိုရောက်သွားတယ်”ဟု နေပြည်တော်ရှိ အစိုးရအရာရှိတဦးက ဆိုသည်။

ယခင် ကုန်သွယ်မှုကောင်စီ က သွင်းကုန်၊ ပို့ကုန် လိုင်စင်များအား စိစစ် ချထားပေးခဲ့ပြီး ယခုအခါ MIC က ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများကို စိစစ်ရုံသာမက သွင်းကုန်လိုင်စင်များ ချထားပေးမှုရှိကြောင်း သိရှိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှုဆောင် တဦး ကမူ အစိုးရ သစ်အနေနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြင်ဆင်ဖွဲ့စည်းမှုများပြုလုပ်ရုံနှင့် စီးပွားရေးတိုးမြှင့်နိုင်မည်မဟုတ်ဘဲ မူဝါဒပိုင်း ဆိုင်ရာ ပြုပြင်းပြောင်းလဲမှု အဆက်မပြတ်ပြုလုပ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

ထိုသို့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးတင်နိုင် သိန်းကို တာဝန်ပေးအပ်သည် ဆိုသော်လည်း အဓိကကျသည့် ဆုံးဖြတ်ချက်များတွင် ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး ဆက်လက်ပါဝင်နေသည်ကို တွေ့မြင်ရဆဲ ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

“အခုရက်ပိုင်း ရင်းနှီးမြှပ်နှံခွင့်တွေနဲ့ ပတ်သက်ရင် ခွင့်ပြုတယ်၊ မပြုဘူးဆိုတဲ့ မှတ်ချက်တွေ လက်မှတ်တွေက ဦးတင်အောင်မြင့်ဦး နာမည်တွေနဲ့ ချည်းပဲ တွေ့နေရသေးတယ်”ဟု ၎င်းက ဆိုသည်။

ယခုအစိုးရသစ်လက်ထက်တွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံမှုများနှင့်ပတ်သက်လျှင် သမ္မတ ဦးသိန်းစိန်မှ မှတ်ချက်ချစိစစ်ပေး သည်ဟု သိရှိရပြီး ယခင် စစ်အစိုးရလက်ထက်က ဖျက်သိမ်းခဲ့ပြီးဖြစ်သော ကုန်သွယ်မှု မူဝါဒကောင်စီ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟောင်း သီဟ သူရ ဦးတင်အောင်မြင့်ဦးက ဆုံးဖြတ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်က ရှင်းပြသည်။

လေ့လာသူများ အဆိုအရ သမ္မတ ဦးသိန်းစိန်နှင့် သီဟ သူရ ဦးတင်အောင်မြင့်ဦးတို့ အကြား၌ ပဋိပက္ခ အားပြိုင်မှုများ ရှိနေပြီး ဦးသိန်းစိန် အနေဖြင့် သီဟ သူရ ဦးတင်အောင်မြင့်ဦး၏ လုပ်ပိုင်ခွင့်များကို လျှော့ချလိုမှု ရှိနေကြောင်း သိရသည်။

ယခု ဖွဲ့စည်းသည့် MIC တွင် သွင်းကုန်ထုတ်ကုန်လိုင်စင်များကို ချထားပေးသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့် ပါဝင်ခြင်း ရှိမရှိကိုမူ မသိရသေးပေ။

MIC သည် ယခုအထိ မူဝါဒပိုင်းပြောင်းလဲမှု သိသိသာသာမရှိသေးကြောင်း၊ ဈေးကွက်သဘောအတိုင်း လွတ်လပ်စွာ ဖွင့်ပေးမှုမရှိ ဘဲ ထိန်းချုပ်မှုများနှင့် တင်းကျပ်စွာ လုပ်ကိုင်နေသေးကြောင်း UMFCCI ဗဟိုအလုပ်အမှု ဆောင်က ပြောသည်။

ယခင်က MIC ၏ ဥက္ကဋ္ဌ အဖြစ် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိမ်းက ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံက စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း အစိုးရတရားဝင် ကိန်းဂဏန်းအချက် အလက်များအရ သိရသည်။

ပစ်ခတ်မှုအပြီး အစိုးရတပ်နှင့် KIA ကြား အပြန်အလှန်စောင့်ကြည့်နေကြ

KNG

မေ ၂၇၊ ပြီးခဲ့သည့်အပတ် သောကြာနေ့ မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲငယ်ဖြစ်ပွားအပြီး တရက်ကြာ ရှေ့တန်းစစ်မျက်နှာမှ နှစ်ဖက်တပ်များ အပြန်အလှန် သတိထားစောင့်ကြည့်နေကြသည်ဟု KIA အရာရှိများပြောသည်။

မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များတွင် ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြီးရင် အင်အားအကြီးဆုံး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) သည် လတ်တလော အစိုးရတပ်များ လှုပ်ရှားမှု များလာခြင်းကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ၎င်း၏တပ်ဖွဲ့အားလုံးကို တပ်လှန့်ထားရသည်ဟု KIA အရာရှိများပြောသည်။

မုန်ညန်(မိုးညှင်း)မြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်ခေါန် KIA တပ်ရင်း ၅ အနီး နေရာယူထားသည့် မြန်မာတပ်စခန်း ၃ အခုအပါအ၀င် ကျန် KIA တပ်စခန်းများအနီးရှိ မြန်မာစစ်တပ်အားလုံးကို မေ ၂၅ ရက်နောက်ဆုံးထား တပ်ဆုတ်ခွာပေးရန် အစိုးရစစ်တပ်အား သတိပေးစာပေးပြီးနောက် KIA တပ်များအားလုံးကို တပ်လှန့်ထားခြင်းလည်းဖြစ်သည်။

ယခုချိန်ထိ KIA တပ်ရင်း ၅ နှင့် ကိုက် ၃၀၀ အကွာရှိ အစိုးရစစ်စခန်းများကို အနည်းငယ် နောက်ဆုတ်ပေးခြင်း ရှိသော်လည်း တပ်များ လုံးဝဆုတ်ခွာပေးခြင်း မရှိကြောင်း ကချင်ပြည်နယ် KIA လိုင်ဇာ ဌာနချုပ်မှ အရာရှိများပြောသည်။

KIA က နှစ်ပြည်နယ်ရှိ ၎င်း၏အမြဲတန်းတပ်ဖွဲ့များ၊ ကျေးလက်ကာကွယ်ရေးတပ်များနှင့် အသစ်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KIA ပြည်သူ့စစ်) များအား မြန်မာစစ်သားများ မိမိနယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်လျင် ဟန့်တားပစ်ခတ်ရန် ပစ်မိန့် ပေးထားသည်။

သောကြာနေ့ ကချင်ပြည်နယ်၊ မန်မော်(ဗန်းမော်)ခရိုင်၊ မန်ဂျေ(မံစီ) မြို့နယ်၊ ရှဒန်ဂါးဂေါ့၊ ၀မိကောင်၌ မြန်မာစစ်တပ်နှင့် KIA တပ်ရင်း ၂၇ ကြား ပစ်ခတ်မှု မိနစ်အတော်ကြာ ဖြစ်ပွားခဲ့သည်။

ယင်းပစ်ခတ်မှုအတွင်း KIA ဘက် သေဆုံး ထိခိုက်ဒဏ်ရာမှု တစုံတရာ မရှိသော်လည်း မြန်မာစစ်တပ်ဘက်မှ သတင်းမသိရပါ။

မည့်သည့် KIA တပ်စခန်းတွင်ဖြစ်စေ အစိုးရတပ်များချဉ်းကပ်ဝင်ရောက်လာပါက အချိန်မရွေး ပစ်ခတ်မှုများ ဖြစ်လာမည်ဖြစ်ကြောင်း လိုင်ဇာဌာနချုပ်မှ KIA အရာရှိများပြောသည်။

တိုင်းရင်းသား နိုင်ငံရေးရပိုင်ခွင့်ရှိသည့် စစ်မှန်သောပြည်ထောင်စုကို ပြန်လည်ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသား နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ်အဖွဲ့ “ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council, UNFC)” ကို KIA ဦးဆောင်မှုဖြင့် ယခုနှစ် ဖေဖေါ်ဝါရီလတွင် ဖွဲ့စည်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအစိုးရသစ် သမ္မတ ဦးသိန်းစိန်၏ မေ ၂၆ တွင်စတင်သည့် တရုတ်ပြည် ၃ ရက်ခရီးစဉ်ကို UNFC က လေ့လာအကဲခတ်နေသည် ဟု ဆိုသည်။

စီးပွားရေး လုပ်ငန်းရှင်ကြီးများ မီဒီယာလုပ်ငန်းတွင်လည်း ၀င်ပါမည်

စည်သူ Monday, 30 May 2011

အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည့် ယခင် အမှတ်(၁) စက်မှုဝန်ကြီး ဟောင်း ဦးအောင်သောင်း၏ သား IGE လုပ်ငန်းစုပိုင်ရှင် ဦးနေအောင်သည် ဂျာနယ် ထုတ်ဝေရန်အတွက် ပြင်ဆင်မှုများပြုလုပ် နေကြောင်း သိရသည်။

ဦးနေအောင်က Myanmar Wall Street ဟု အမည်ပေး၍ စီးပွားရေး သတင်းများကို ဦးစားပေးထုတ်ဝေရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ မီဒီယာအသိုင်းအ၀ိုင်းက ပြောသည်။

အခုလတ်တလောမှာတော့ လက်ရှိ မီဒီယာလောက က ဂျာနယ်လစ် တချို့ကို ချဉ်းကပ်ပြီး ခေါ်နေတယ်။ လက်ရှိလုပ်နေတဲ့ လစာ ထက် နှစ်ဆ၊ သုံးဆပိုပေးပြီး ခေါ်မယ်လို့ ကြားတယ်။ မီဒီယာလောကမှာ အင်နဲ့အားနဲ့ရင်းနှီးမြှပ်နှံမယ်လို့လည်း ကြားတယ်”ဟု ဂျာ နယ် အယ်ဒီတာ တဦးက ဆိုသည်။

ဦးတေဇ ၏ ထူးစီးပွားရေးလုပ်ငန်းစုသည်လည်း မီဒီယာလုပ်ငန်း လုပ်ကိုင်ရန် အစီစဉ်ရှိကြောင်းနှင့် ထုတ်ဝေမည့်ဂျာနယ်၏ အမည်နှင့် မည်သည့်အကြောင်းအရာအား ဦးစားပေးလုပ်ကိုင်သွားမည်ကိုမူ မသိရှိရသေးကြောင်း ကြားသိရသည်။

ထူးစီးပွားရေးလုပ်ငန်းစုမှ တာဝန်ရှိသူတဦးက ၎င်းတို့အနေဖြင့် လတ်တလောတွင် မီဒီယာလုပ်ငန်း လုပ်ကိုင်ရန် အစီအစဉ်မရှိသေး ကြောင်း ငြင်းဆိုထားသည်။

ပြည်တွင်းရှိ စီးပွားရေးပညာရှင်တဦးကို အယ်ဒီတာချုပ်အဖြစ်လုပ်ကိုင်ရန် IGE က ကမ်းလှမ်းထားပြီး ထူးအနေဖြင့်မူ ပြည်တွင်း ဂျာနယ်များတွင် လက်ရှိလုပ်ကိုင်နေသူများထဲမှ သုံးဦးကို အယ်ဒီတာချုပ်၊ ဒု အယ်ဒီတာချုပ် နှင့် တာဝန်ခံ အယ်ဒီတာများလုပ်ကိုင်ရန် ကမ်းလှမ်းထားသည်ဟု နီးစပ်သူ တဦးက ပြောသည်။

“IGE က ကမ်းလှမ်းထားတာတွေပဲ ရှိသေးတယ်။ ထူးက ပြည်တွင်းက ဂျာနယ်လစ် တချို့ခေါ်ထားတယ်။ ရှေ့လထဲမှာ အယ်ဒီ တာချုပ်၊ ဒု အယ်ဒီတာချုပ်နဲ့ တာဝန်ခံအယ်ဒီတာလုပ်မယ့် သူတွေက သူတို့သက်ဆိုင်ရာဂျာနယ်တွေကထွက်ခွင့်ရရင်လုပ်ငန်းစကြ မယ်လို့ သိရပါတယ်”ဟု ကမ်းလှမ်းထားသူများနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက ကမ်းလှမ်းခံထားရသူများ၏ အမည်နှင့် အသေးစိတ် အစီအစဉ်များကို ပြောကြားရန် ငြင်းဆန်ခဲ့ပြီး မည်သည့်အချိန်တွင် ထုတ်ဝေမည်ကိုလည်း မသိရှိရသေးကြောင်း ပြောဆိုသည်။

“သူတို့က နေ့စဉ်ထုတ်အထိဖြစ်ဖို့ ရည်မှန်းထားတယ်လို့ ပြောတယ်။ မန္တလေးနဲ့ နေပြည်တော်မှာလည်း ရုံးခွဲတွေဖွင့်ဖို့ရှိတယ် လို့ လည်း ကြားရတယ်”ဟု အထက်ပါ ကမ်းလှမ်းထားသူများနှင့် နီးစပ်သူက ဆိုသည်။

ဦးနေအောင်သည် အောင်ရည်ဖြိုး၊ IGE ၊ MRT ၊ ယူနိုက်တက် အမရ စသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်ခြင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၊ သစ်ထုတ်လုပ်ခြင်း၊ ဟိုတယ် လုပ်ငန်း၊ ဘဏ်လုပ်ငန်းများ လုပ်ကိုင်သည့်အပြင် အမှတ်(၂) လျှပ် စစ် ၀န်ကြီးဌာနသို့ မဟာ ဓာတ်အားလိုင်းများတွင် အသုံးပြုသည့် အကြီးစားလျှပ်စစ် ကြိုးခွေများ တင်သွင်းရေး လုပ်ငန်းများလည်း လုပ်ကိုင်သည်။

မကြာသေးမီကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်းများကို စီမံကိန်းဧရိယာသို့ အရောက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို IGE က လုပ်ကိုင်ခွင့်ကို ရရှိခဲ့သည်။

ဦးတေဇသည် စွမ်းအင်နှင့် လောင်စာဆီ လုပ်ငန်း၊ ဘဏ် လုပ်ငန်း၊ လေကြောင်းလိုင်း၊ တယ်လီဖုန်းနှင့် ဖုန်းကတ် အပါအ၀င် ဆက်သွယ်ရေးလုပ်ငန်း ၊ ဆောက်လုပ်ရေး ၊ အပန်းဖြေ ဥယျာဉ် စသည့် မြန်မာပြည်တွင်းရှိ အဓိက စီးပွားရေးလုပ်ငန်းကြီး များစွာကို လုပ်ကိုင်နေပြီး ကျပ် သိန်းထောင်ချီ အကုန် အကျ ခံ၍ ရန်ကုန် ယူနိုက်တက် အမည်ရှိ ဘောလုံး အသင်း တသင်းကိုလည်း တည်ထောင်ထားသူ ဖြစ်သည်။ ၎င်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူသိများသည်။

ထိုသို့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ မီဒီယာလောက ၀င်ရောက်လာခြင်းသည် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ထက် အခြား ရည်ရွယ်ချက်များ ရှိနိုင်ကြောင်း မီဒီယာ အသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိကြသည်။

“ဒီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အကျိုးအမြတ်က အများကြီးရှိတယ်လေ။ ဂျာနယ်လောကရဲ့ အမြတ်ဆိုတာ သိပ်မရှိဘူး။ ဒီလောကထဲကို ၀င်လာတာဟာ စဉ်းစားစရာပါပဲ”ဟု အယ်ဒီတာတဦးက ပြောသည်။

လက်ရှိလစာထက် နှစ်ဆ၊ သုံးဆ ပေးမည်ဟု ကမ်းလှမ်းသော်လည်း ကမ်းလှမ်းခံရသူဂျာနယ်လစ်အများစုက စိတ်ဝင်စားမှုနည်းပါးသည်ဟု သိရသည်။

“ပြီးခဲ့တဲ့ တပတ်လောက်က ထူးကခေါ်ထားတဲ့ ဂျာနယ်လစ်တဦးက ကျနော့်ကို ကမ်းလှမ်းလာပါတယ်။ လက်ရှိလစာထက် အနည်း ဆုံး နှစ်ဆ ဒါမှမဟုတ် သုံးဆပေးမယ်ပြောတယ်။ သူတို့ရဲ့ မူဝါဒကို မသိရတာရယ်။ သူတို့လုပ်နေတဲ့ ကျောက်တူး လုပ်ငန်းကြောင့် ပတ်ဝန်းကျင် ပျက်စီးတာတွေ၊ စီးပွားရေးလောကကို လက်ဝါးကြီးအုပ်ထားတာတွေကို ရေးလို့ရေရှည်မှာ အကျိုးစီးပွား ထိပ်တိုက်
တွေ့ရနိုင်တာတွေ ရှိလာမယ်။ ဒါကြောင့် ကမ်းလှမ်းလာတဲ့ ငွေကြေးပမာဏကို မက်ပေမယ့် ရေရှည်ကို ကြည့်ပြီး ငြင်းလိုက်ပါတယ်။ တခြားဂျာနယ်လစ်တွေလည်း ငွေတခုတည်းကြည့်ပြီးလက်မခံဖို့ ရေရှည်စဉ်းစားဖို့ တိုက်တွန်းပါတယ်”ဟု ထူးမှ ကမ်းလှမ်းခြင်း ခံရသည့် ဂျာနယ် သတင်းထောက်တဦးက ပြောကြားသည်။

လက်ရှိတွင် အစိုးရနှင့် နီးစပ်သူများဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်ဖြစ်သည့် ဒေါက်တာ တင်ထွန်းဦးသည် မြန်မာ တိုင်းမ် ဂျာနယ် အယ်ဒီတာချုပ်နှင့် ၎င်းပိုင် စွယ်စုံမီဒီယာမှ သုတစွယ်စုံ မဂ္ဂဇင်း၊ ပြည်မြန်မာ ဂျာနယ် ၊ သတင်းလွှာ ဂျာနယ်များကို ထုတ်ဝေနေပြီး ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ၏ သား ဦးဇော်မင်းအေးက Messanger ဂျာနယ်ကို လည်းကောင်း၊ န၀တ ခေတ် အတွင်းရေးမှူး (၃) ဗိုချုပ်ဝင်းမြင့် မိသားစုဝင်များက ပေါ်ပြူလာ ဂျာနယ် ကို လည်းကောင်း စသည်ဖြင့် ထုတ်ဝေလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ် ပေါင်း ၁၇၀ ကျော် ရှိကြောင်း မီဒီယာ အသိုင်းအ၀ိုင်း၏ ခန့်မှန်းချက်အရ သိရ သည်။

ကရင်နယ်ခြားစောင့်တပ်အတွင်း ပုန်ကန်မှုဖြစ်

စောရန်နိုင်

ဒု ဗိုလ်မှူးကြီး ပိုဘီ ဦးဆောင်သည့် ကရင်ပြည်နယ် မြိုင်ကြီးငူအခြေစိုက် ကရင်နယ်ခြားစောင့် တပ်ရင်း ၁၀၁၂ သည် မြိုင်ကြီးငူဒေသ ကို ထိန်းချုပ်၍ ပုန်ကန်မှုပြုလုပ်နေကြောင်း သိရသည်။

ပိုဘီ ၏ တပ်သည် ဗိုလ်ချုပ် ကျော်သန်း အပါအ၀င် နယ်ခြားစောင့် အရာရှိ ၇ ဦးကို ပြန်လည် ပုန်ကန်ခြင်းဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် မြိုင်ကြီးငူမှ မယ်သဝေါအထိ ဒု ဗိုလ်မှူးကြီးပိုဘီ ၏ တပ်များ ချထားကြောင်း၊ ယင်း ပိုဘီ ၏ တပ် အင်အားမှာ ၅၀၀ ခန့်ရှိကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။

မြိုင်ကြီးငူတွင်ရှိသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁ ကလည်း ပိုဘီ အဖွဲ့နှင့် ပူးပေါင်းလိုက်ပြီး တခြားသော ကရင်နယ်ခြားစောင့် တပ်များကမူ ပူးပေါင်းခြင်း မရှိသေးကြောင်း၊ ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် DKBA တပ်မဟာ ၅ မှ အင်အား ၁၀၀ ခန့် သွားရောက် ပူးပေါင်းကြောင်း သိရသည်။

ပိုဘီအဖွဲ့က အစိုးရဖွဲ့ပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် အကြံပေးအရာရှိ ၇ ဦးကို မကြိုက်လို့တဲ့၊ အဲဒီ ၇ ယောက်ကို ဖမ်းမယ် တဲ့”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။

၎င်း အကြံပေးအရာရှိ ၇ ဦးတွင် ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်ချစ်သူ၊ ဗိုလ်ဖားနွီး တို့ ပါဝင်ကြောင်း သိရသည်။

ပိုဘီ တပ်ဖွဲ့ သည် ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းရန်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း၊ ၎င်းတို့ အဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် ဆက်လက်မလုပ်လိုကြောင်း နီးစပ်သူများက ဆိုသည်။

DKBA နှင့် နီးစပ်သူ တဦးဖြစ်သည့် စောထီးမူးကလည်း“သူတို့ လူကြီးကိုမကျေနပ်လို့တဲ့၊ သူတို့ကို ခိုင်းစားတယ်လို့ ခံစားရတာကြောင့် တဲ့၊ အခုကြားတာက နယ်ခြားစောင့်ဖြစ်လာတဲ့ DKBA ကို အစိုးရက သိပ်မယုံတော့ဘူး၊ သူတို့လက်နက်ကို သိမ်းမယ်လို့ ကြားတယ်၊ သူတို့ကလည်း အဲဒါကို အဖြစ်မခံနိုင်ဘူး၊ စစ်ဖြစ်လာရင် KNU ကို အကူအညီ တောင်းထားတယ်လို့ သိရတယ်”ဟု ပြော သည်။

“နယ်ခြားစောင့်တပ်ကို ဆက်မလုပ်နိုင်တော့လို့ သူတို့ခေါင်းဆောင်ကို ပြန်ပြီး ပုန်ကန်တဲ့သဘောပေါ့”ဟု KNU မှ ဒု ဗိုလ်မှူးကြီး
စော ဖောဒို ကလည်း ပြောဆိုသည်။

မြိုင်ကြီးငူတွင် ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း သဘောထားမတူညီသည့် ကရင်နယ်ခြားစောင့်တပ်အချင်းချင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အစိုးရဘက် အရာရှိတချို့ ကရင်နယ်ခြားစောင့်တပ် အရာရှိများနှင့် လာရောက်တွေ့ဆုံနေပြီး အစိုးရက အနုနည်းနှင့် မဖြေရှင်း နိုင် ပါက ကြီးမားသည့် တိုက်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ယင်း နယ်ခြားစောင့်တပ်မှ လစဉ်နီးပါး ထွက်ပြေးသည့် တပ်ပြေးများလည်း များပြားလာကြောင်း သိရသည်။

DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် KNU တာဝန်ရှိသူများက ပြောဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်း ပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်း ရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေ ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ် သည်။

အစိုးရ ကျောင်းတချို့ လာဘ်ယူနေဆဲ

ယုယမိုး

ကျောင်းအပ်ရာသီကာလ အစိုးရကျောင်းများတွင် သတ်မှတ်နှုန်းထားထက်ပို၍ အလှူငွေ ကောက်ခံခြင်းများ မပြုလုပ်ရန် ညွှန်ကြားထားသော်လည်း အခြေခံပညာကျောင်းအချို့တွင် လာဘ်ယူမှုများ ရှိနေဆဲဖြစ်သည် ဟုသိရသည်။

မကြာသေးမီက ရန်ကုန်တိုင်း ဒေသကြီအတွင်းရှိအထင်ကရ ကျောင်းများဖြစ်သော အထက(၂)မင်္ဂလာဒုံ၊ အထက(၁)ဒဂုံ၊ အထက(၂)ကမာရွတ်၊ အထက(၂)လသာ၊ အထက(၂)ဗဟန်း၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC) အစရှိသည့် ကျောင်း ၁၉ ကျောင်းအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးဉာဏ်ထွန်းဦးက ခေါ်ယူသတိပေးမှုများ ပြုလုပ်ခဲ့သည်။

ခေါ်ယူသတိပေးခြင်း ခံခဲ့ရသည့် ကျောင်းများက ရန်ပုံငွေ၊ အလှူငွေကြေးများ ကောက်ခံခြင်း မရှိသော်လည်း အဆိုပါ နာမည်ရ ကျောင်းများသို့ ၀င်ခွင့်ရရှိစေရန် လာဘ်ပေးနေရမှုများ ရှိနေသည် ဟု ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC)မှ ကျေင်းသားမိဘ တစ်ဦးဖြစ်သူ မမျိုးမျိုးက ဧရာဝတီကိုပြောသည်။

ကျောင်းဝင်ခွင့်ရဖို့က သက်ဆိုင်ရာ ပညာရေးဌာနက ပါမောက္ခတွေ၊ စစ်တပ်က ရာထူးကြီး အရာရှိတွေရဲ့ လက်မှတ်တွေ ပါမှဖြစ်တာပါ၊ သူတို့လက်မှတ်တွေ ရဖို့အတွက် ကြားထဲက ပွဲစားတွေကို လိုင်းကြေးသဘောမျိုးပေးရပါတယ် ဒီနှစ် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း( TTC) ကျောင်းဝင်ခွင့် ရဖို့ ကျောင်းသားသစ် ၀င်ကြေးက ကျပ် ၁၀သိန်းကနေ ၁၅ သိန်းကြားရှိပါတယ်”ဟု သူကဆိုသည်။

ရန်ကုန်မြို့၏ နာမည်ရ ကျောင်းများ ဖြစ်သည့် ဒဂုံ(၁)နှင့် အထက(၂) ကမာရွတ်(စိန်အော်ဂတ်စတင်း) ကျောင်းများ၏ ကျောင်းသားသစ် ၀င်ကြေးမှာလည်း ကျပ် နှစ်သိန်းမှ သုံးသိန်းကြား ရှိသည် ဟု ကမာရွတ်မြို့နယ်မှ အဋ္ဌမတန်း တတ်ရောက်မည့် ကျောင်းသားမိခင် တစ်ဦး ကပြောပြခဲ့သည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး နေ့များကို မေလ၂၅ရက်မှ ၃၁ရက်အတွင်း တစ်နိုင်လုံးရှိ အခြေခံပညာကျောင်း တွင်ပြုလုပ်ရမည်ဟု ပညာရေး ၀န်ကြီးဌာနက ညွှန်ကြားထားသည်။

ရန်ကုန်မြို့၏ အထင်ကရ ကျောင်းများတွင် သာမက အခြားမြို့နယ်ရှိ ကျောင်းများတွင်လည်း ၀င်ခွင့်ရရှိ စေရန် ကျောင်းအုပ်ကြီးများအား လာဘ်ပေးရမှုများ ရှိနေပြီး ကျောင်းအပ်ရာသီ မရောက်ခင်ကပင် ကျောင်းအပ်လက်ခံကာ အမြတ်ထုတ်လျက် ရှိသည်ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမှ ကျောင်းသား မိဘတစ်ဦး ကဆိုသည်။

“ အထက ၃ ဒဂုံမြို့သစ် မြောက်ပိုင်းက ကျောင်းအုပ်ကြီး တစ်ဦးဆိုရင် ကျောင်းအပ်ရာသီ ဖြစ်တဲ့ မေလ ၂၅ ရက်နေ့ မတိုင်ခင် ကတည်းက ကျောင်းအပ်လက်ခံတာတွေ လုပ်နေပါတယ် သူနဲ့ခင်မင်ရင်းနှီးတဲ့သူတွေ အဆက်အသွယ်နဲ့လာတဲ့သူတွေဆိုရင် အလှူငွေအဖြစ် သုံးသောင်းကျပ် ကောက်ခံပြီး အဆက်အသွယ်ကောင်းမရှိတဲ့ ကျောင်းသားကျောင်းသူတွေဆို ငါးသောင်း ပေးရပါတယ် အချို့ ပိုက်ဆံတတ်နိုင် သူတွေကိုဆို တစ်သိန်းနဲ့အထက် ကောက်ခံ ပြီး အကျိုးအမြတ်ထုတ်နေပါတယ်” ဟုပြောပြသည်။

အဆိုပါ ကျောင်းအုပ်ကြီးသည် မိဘများကိုသာမက ကျောင်းရှိ ဆရာ၊ ဆရာမများ အပေါ်တွင်လည်း လာဘ်စားမှုများရှိနေသည် ဟု သူကဆိုသည်။

“အတန်းကောင်းကောင်း လိုချင်ရင် ဆရာမတွေဆီကနေ ကျပ်တစ်သိန်းကနေ တစ်သိန်းခွဲအထိ တောင်းပါတယ်၊ မပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေကို အတန်းပိုင်ရာထူး မပေးပါဘူး၊ သူ့ကို လာဘ်ပေးပြီးတော့ မျက်နှာရအောင် လုပ်တဲ့သူတွေကိုပဲ အတန်းပိုင်တို့၊ အတန်းမှူးရာထူးတို့ပေးပါတယ်” ဟု၎င်းက ပြောသည်။

အဆိုပါကျောင်းသည် ဒဂုံမြို့သစ် မြောက်ပိုင်း ဘုရင့်နောင်လမ်းမကြီး(ကျောင်းလမ်း)တွင်တည်ရှိပြီး ၃၅ရပ်ကွက်နှင့် ၃၆ရပ်ကွက် အကြားတည်ရှိသည်။

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံမြို့နယ်ရှိ မြို့နယ်ပညာရေးမှူး တစ်ဦးသည် ယခုလ ၂၄ရျက်နေ့က ကျောင်းအပ်နှံရေးနေ့ ရန်ပုံငွေ အဖြစ် ငွေကျပ် တစ်သောင်း၊နှစ်သောင်း စသည်ဖြင့် မိဘများထံမှ ခွဲတမ်းဖြင့် ကောက်ခံရန် ချမ်းအေးသာဇံ မြို့နယ်ရှိ ကျောင်းအုပ်ကြီးများအား ညွှန်ကြားထားသောကြောင့် ကျောင်းအပ်နှံရန်ပင် အဆင်မပြေသည့် မိဘများမှာ အခက်အခဲတွေ့နေရသည် ဟု မန္တလေးမြို့ အထက(၁၄)မှ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီကိုပြောသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများ အကြား ယင်းကဲ့သို့ လာဘ်ပေး လာဘ်ယူမှုများ ဖြစ်ပေါ်နေခြင်းသည် အစိုးရ၏ ပညာရေးဌာန အတွက် ဘတ်ဂျက် ချထားပေးမှု နည်းပါးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်မှ ကျောင်းအုပ်ဆရာကြီးတစ်ဦးက သုံးသပ်ပြသည်။

အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနပေါင်း ၃၁ခု ရှိပြီး အခြား ၀န်ကြီးဌာနများနှင့်စာလျှင် ပညာရေးဝန်ကြီးဌာနသည် လာဘ်စားမှုအနည်းဆုံး ဌာန တစ်ခုဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

အစိုးရ၏ ၀န်ကြီးဌာနများသို့ ချထားပေးသော ဘတ်ဂျတ် တန်ဖိုးများအရ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၁.၁၃ ရာခိုင်နှုန်း ဖြင့်အများဆုံး ရရှိကာ ပညာရေးဝန်ကြီးဌာနသည် ၄.၉၇ ရာခိုင်နှုန်းခန့်သာ ရရှိသည်ကို ဧရာဝတီက ရရှိထားသော ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော် ပြန်တမ်းအရ သိရသည်။

ယခု ပညာသင်နှစ် မှစတင်၍ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာ သင်ယူနိုင်စေရန် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ငါးသန်းကျော်အတွက် ငွေကျပ်သန်း ၂၄၀၀ တန်ဖိုးရှိ ကျောင်းသုံး စာအုပ်များ အခမဲ့ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမြအေး ပြောကြားချက်ကို မေလ ၂၆ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းပေါင်းလေးသောင်းရှစ်ရာ ကျော်ရှိပြီး အဆိုပါကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူဦးရေ ရှစ်သန်းကျော် ရှိကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာလယ်သမားထု ဆင်းရဲမွဲတေမှုမှလွတ်မြောက်ခြင်း လေးပါး

ထက်အောင်

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတခု အဖြစ် မြန်မာပြည် ဒေ၀ါလီခံခဲ့ရတဲ့ ၁၉၈၇ ခုနှစ်က စပြီး တွက်ကြည့်မယ် ဆိုရင် မြန်မာပြည်သူတွေ ဆင်းရဲနေတာ ရာစုနှစ်ရဲ့ လေးပုံတပုံခန့် ရှိနေပေမယ့် တိုင်းပြည်ကို အစဉ်အဆက် အုပ်ချုပ်လာခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေက မနေ့တနေ့ကမှ ဒီကိစ္စကို အရေးတယူ ဆောင်ရွက်လာကြပါတယ်။

၃ ရက်ကြာ ကျင်းပခဲ့တဲ့ “ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ” ကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တတ်ရောက် ဖွင့်လှစ်ပေးခဲ့သလို မူဝါဒရေးရာ မိန့်ခွန်းလည်း ပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို အစိုးရ၀န်ကြီးတွေ၊ အဆင့်မြင့် အရာရှိကြီးတွေ၊ ပညာရှင်တွေနဲ့ အစိုးရက ဖွဲ့စည်းပေးထားတဲ့ သမ၀ါယမ လို အသင်းအဖွဲ့များမှ ကိုယ်စားလှယ်တွေအပြင် မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ သမ္မတရဲ့ စီးပွားရေးအကြံပေး အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်၊ ဒေါက်တာစိန်လှဗိုလ်၊ ဦးဆက်အောင်တို့လည်း တတ်ရောက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၃ နှစ်တာကာလ စစ်အစိုးရလက်ထက် မြန်မာပြည်သူတွေရဲ့ လူမှုဘ၀ဟာ ဘယ်ဘက်က ကြည့်ကြည့် တိုးတက် ပြောင်းလဲလာတာကို မြင်ရခဲပါတယ်။ ဒါပေမယ့် စစ်အစိုးရကာလကို မေ့ထားခဲ့ချင်ပြီး အခုမှ အာဏာရလာတာ ရက်ပိုင်းပဲ ရှိသေးလို့ အစိုးရသစ်ကို မကောင်းတဲ့အမြင်နဲ့ မဝေဖန်ချင်တဲ့၊ စောင့်ကြည့်ပါဦးလို့ အကြံပြုချင်ကြတဲ့ ပြည်တွင်းပြည်ပက မြန်မာ့အရေး စိတ်ဝင်စားသူတချို့ရဲ့ လက်သုံးစကားကို ယူသုံးရရင် “ဘာမှ မလုပ်တာနဲ့ စာရင် တခုခု လုပ်တာ ကောင်းပါတယ်” (Something is better than nothing) လို့ ပြောရမလိုပါပဲ။

သမ္မတဦးသိန်းစိန်မိန့်ခွန်းရဲ့ ထူးခြားချက်က စစ်အစိုးရလက်ထက် “ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းကြီး ၅ ရပ် ဆောင်ရွက် ခဲ့လို့ ဖွံ့ဖြိုး တိုးတက်မှုတွေ ရှိခဲ့သော်လည်း ယခင်လုပ်နည်း လုပ်ဟန်များထက် ပိုမို ထိရောက်စွာ ပြောင်းလဲ တိုးတက်အောင် အဖြေရှာ ဆောင်ရွက်သင့်တဲ့ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေး ညှိနှိုင်း ဖော်ထုတ်သင့်တယ်” လို့ ဆိုပြီး လမ်းညွှန်ချက်အသစ် ၁၀ ချက်ကို ချပေးခဲ့တာပါပဲ။

“ယခင် လုပ်နည်း လုပ်ဟန်များထက် ပိုမိုထိရောက်စွာ” လို့ သုံးနှုန်းလိုက်တဲ့ အတွက် ယခင် စစ်အစိုးရလုပ်နည်း လုပ်ဟန်တွေက ထိရောက်သင့်သလောက် မထိရောက်ခဲ့ဘူးလို့ ၀န်ကြီးချုပ် တဖြစ်လဲ သမ္မတအသစ်ရဲ့ ပထမဆုံး လူသိရှင်ကြား မလုံမလဲ ပြောခဲ့ရတဲ့ စကားပါပဲ။

သမ္မတဦးသိန်းစိန်ရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမူ ၁၀ ချက်ကို အတိုချုပ် ပြောရရင်
(၁) လယ်မြေ တိုးချဲ့ဖို့ထက် ရှိပြီးသားမြေမှာ အထွက်နှုန်း တိုးအောင် သီးနှံမျိုး ပြောင်းလဲပေးဖို့၊
(၂) ဈေးကွက်ဝင် မျိုးစေ့ကောင်းများ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲ စိုက်ပျိုးပြီး တောင်သူများ ၀င်ငွေတိုးပွားစေဖို့၊
(၃) ထုတ်လုပ်စရိတ် နည်းပါးအောင် နည်းလမ်းရှာဖို့၊
(၄) သီးနှံ ရိတ်သိမ်းသိုလှောင်မှု အဆင့် ဆင့်တွင် အလေအလွင့် နည်းပါအောင် စက်မှုနည်းပညာ သုံးစွဲဖို့၊
(၅) မျိုးစေ့မှစပြီး အခြားစိုက်ပျိုးကရိယာ အရင်းအနှီးများ ညီတူညီမျှ လက်လှမ်းမီဖို့၊
(၆) အသေးစားငွေချေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့၊
(၇) လယ်ယာလုပ်သားအစု အဖွဲ့လိုက် နည်းပညာသင်တန်း ပေးဖို့၊
(၈) စိုက်ပျိုးရေးက ရတဲ့ ပထမ၀င်ငွေ (Primary Income) ကို ကာလတခုကြာ စောင့်ရတဲ့အတွက် တပိုင်တနိုင် မွေးမြူရေး လုပ်ပြီး ဒုတိယ၀င်ငွေ (Secondary Income) ရှာဖို့နဲ့ အခြေအနေပေးရင် ပေါင်းစည်း လယ်ယာ (Integrated Farming) တိုးချဲ့ဆောင်ရွက်ဖို့၊
(၉) ကျေးရွာတရွာ ထွက်ကုန်တမျိုး (One Village One Product) ဖြစ်လာအောင် ဆောင်ရွက်ဖို့နဲ့
(၁၀) ထိုသို့ ထုတ်လုပ်နိုင်အောင် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းနှင့် အသေးစား စက်မှုလုပ်ငန်းတွေကို အားပေး မြှင့်တင်ဖို့ တို့ ဖြစ်ပါတယ်။

သမ္မတကြီးရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးမူ ၁၀ ချက်ဟာ ရုတ်တရက်ကြည့်ရင် ကောင်းမွန်တဲ့အချက်တွေချည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေကို အကောင်အထည် မဖော်ခင် မြန်မာလယ်သမားထု လက်ရှိ ရင်ဆိုင်နေရတဲ့ လက်တွေ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်နဲ့ စစ်အစိုးရခေတ် ၂ ခေတ်စလုံးမှာ ကျေးလက်က မြန်မာ လယ်သမားထု ဆင်းရဲ မွဲတေမှုနွံထဲက ရုန်းမထွက်နိုင်ခဲ့တာဟာ အစိုးရ အဆက်ဆက်က ၎င်းတို့ရဲ့အခြေခံ အခွင့်အရေး ၄ ရပ်ကို ပိတ်ပင်ထားခဲ့လို့ ဖြစ်ပါတယ်။

အဲ့ဒီ အခြေခံ အခွင့်အရေးတွေက လယ်ယာမြေ ပိုင်ဆိုင်ခွင့်၊ စိုက်ပျိုးသီးနှံကို လွတ်လပ်စွာ ရွေးချယ် စိုက်ပျိုးပိုင်ခွင့်၊ လယ်ယာ ထွက်ကုန်တွေကို လွတ်လပ်စွာ ရောင်းချပိုင်ခွင့်နဲ့ ဈေးကွက် လွတ်လပ်ခွင့် တို့ပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အတွက် ကျေးလက် လယ်သမားထုဟာ ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်ခဲ့တဲ့ သာဓကတွေ အများအပြား ရှိနေခဲ့တာ အထင် အရှားပါပဲ။

လက်တလော ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ ပြဿနာက ဘိုးစဉ်ဘောင်ဆက် ထွန်ယက် စိုက်ပျိုးလာခဲ့ကြတဲ့ လယ်ယာမြေတွေ အတင်းအဓမ္မ သိမ်းယူခံနေရပြီး ဒါကို အစိုးရသစ်အနေနဲ့ ဘယ်လို ကာကွယ်ပေးမှာပါလဲ။ သိမ်းယူတဲ့သူတွေက ဈေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးပြီးနောက် ပေါ်ထွန်းလာတဲ့ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ၊ အစိုးရရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီး မြုပ်နှံလာကြတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ဖြစ်ပါတယ်။

ဈေးကွက်စီးပွားရေးနဲ့ လိုက်လျော ညီထွေအောင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးမှာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ ပိုမို ရင်းနှီးမြုပ်နှံဖို့ အစိုးရက တွန်းအားပေးနေသလို ကုမ္ပဏီတွေဘက်ကလည်း စီးပွားဖြစ် သီးနှံတွေကို ဧက ထောင်နဲ့ချီပြီး စိုက်ပျိုးဖို့ ရင်နှီးမြုပ်နှံလာပါတယ်။

ဒါပေမယ့် ကုမ္ပဏီတွေဟာ သူတို့လိုအပ်တဲ့ လယ်မြေတွေအတွက် အသစ် ရှာဖွေဖော်ထုတ်မှုအပိုင်းမှာ ရင်းနှီမြုပ်နှံမှု မလုပ်ဘဲ တည်ဆဲမြေယာဥပဒေကို အလွဲသုံးစား လုပ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ အဆင်သင့် ထွန်ယက် စိုက်ပျိုးနိုင်တဲ့ လယ်ယာမြေတွေကို တောင်သူတွေဆီက အတင်းအဓမ္မ သိမ်းယူနေသလို ဒီလို သိမ်းယူတာကို အစိုးရက ခွင့်ပြုနေတာ တွေ့မြင်နေရပါတယ်။

ဥပမာပြရရင် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှာ ယခု အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စီးပွားရေး လုပ်ငန်းရှင် ယူဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ဟာ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းမှာ ကြံနဲ့ ပီလောပီနံကို စီးပွားဖြစ် စိုက်ပျိုးဖို့ အတွက် ဒေသခံ တောင်သူ ၆၀၀ ခန့် ထွန်ယက် လုပ်ကိုင်နေတဲ့ လယ်ယာမြေဧက ၁၀၀၀ ကျော်ကို လျော်ကြေး အနည်းငယ်သာ ပေးပြီး အတင်း အဓမ္မ သိမ်းယူခဲ့ပါတယ်။

ထို့အတူ ကြံ့ဖွံ့ပါတီရဲ့ နောက်ထပ် လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်တဲ့ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေဟာ မွန်ပြည်နယ် ကျိုက်မရော မြို့မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ အတွက် လယ်မြေဧက ၆၀၀ ခန့်ကို ကာလပေါက်ဈေးထက် အများကြီး လျော့နည်းတဲ့ တန်းဖိုးနဲ့ လျော်ကြေးပေးပြီး သိမ်းယူခဲ့ပါတယ်။

အဆိုပါဖြစ်ရပ် နှစ်ခုစလုံးမှာ လယ်သမားတွေ လယ်မြေတွေ ပြန်ရဖို့ တရား စွဲကြပေမယ့် အခု အချိန်အထိ ဥပဒေ အကာအကွယ် မရရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ လယ်မြေကို ဘာကြောင့် အစိုးရပိုင် ပြုလုပ်ခဲ့ရပါသလဲ။ ကိုလိုနီခေတ် မြေယာပိုင်ဆိုင်မှုမှာ အင်္ဂလိပ် ကိုလိုနီတွေ အိန္ဒိယက ခေါ်လာတဲ့ ငွေတိုးချေးစားတဲ့ အိန္ဒိယ ချစ်တီး ကုလားတွေလက်ထဲ လယ်မြေ အများအပြား ကျရောက်ခဲ့တဲ့ အတွက် မြန်မာတိုင်းရင်းသား လယ်သမားထုဟာ လယ်မဲ့ယာမဲ့ ဘ၀ ရောက်ခဲ့ရတယ်။ ဒီအဖြစ်ကို ပြောင်းပြန်လှန်ဖို့ လွတ်လပ်ပြီးစ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက လယ်ယာမြေ အားလုံးကို နိုင်ငံတော်ပိုင် ပြုခဲ့ပြီး တိုင်းရင်းသား လယ်သမားတွေလက်ထဲ ပြန်လည် အပ်နှံခဲ့ပါတယ်။

အဲ့ဒီအချိန်က သမိုင်း လိုအပ်ချက်အရ လယ်ယာမြေ အားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်း တပါတီအာဏာရှင် ဖြစ်လာတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီက တိုင်းရင်းသား လယ်သမားထု လက်ထဲက လယ်မြေအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်လိုက်ပြီး လယ်ယာ စီးပွားရေး ကဏ္ဍ တခုလုံးကို အစိုးရက ထိန်းချုပ်တဲ့ စီမံကိန်း စိုက်ပျိုးရေးစနစ် သွတ်သွင်းခဲ့တဲ့ အတွက် လယ်သမားတွေ ပိုင်ဆိုင်မှုမဲ့ကာ ဆင်းရဲတွင်း နက်ခဲ့သလို တိုင်းပြည် စီးပွားရေးလည်း ပြိုလဲခဲ့ပါတယ်။

ဒီသင်ခန်းစာကိုယူပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ လမ်းစဉ်ပါတီကနေ အသွင် ပြောင်းခဲ့တဲ့ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ (တစည) က “လယ်လုပ်သူ လယ်ပိုင်ခွင့်” မူဝါဒကို ပြောင်းလဲ ကိုင်စွဲလိုက်သလို ရွေးကောက်ပွဲဝင်တဲ့ တခြား နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဒီမူဝါဒကို ကြွေးကြော်ရင်း လယ်သမားထုရဲ့ဆန္ဒမဲကို ရယူဖို့ စည်းရုံး လှုပ်ရှားခဲ့ကြပါတယ်။

ဒါပေမယ့် သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ဖွံ့ပါတီက လယ်ယာမြေ အားလုံးကို နိုင်ငံတော်ပိုင် အဖြစ်ပဲ ဆက်လက် ကျင့်သုံးမယ် လို့ ကြွေးကြော်ခဲ့ပြီး ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တွေ ဦးဆောင်နေတဲ့ အခု အစိုးရသစ်ကလည်း ဒီမူဝါဒကိုပဲ ဆက်လက် ကျင့်သုံးနေပါတယ်။

အဲ့ဒါကြောင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲ မွဲတေမှု လျော့ချရေး ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော် ကထဲက ကြွေးကြော်လာခဲ့ပေမယ့် နိုင်ငံ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ တောင်သူလယ်သမားတွေ လယ်ယာမြေ ပိုင်ဆိုင်ခွင့် မရှိလို့ အခု အထိ အောင်မြင်မှုလမ်းစ ရှာမတွေ့နိုင်ပဲ ဖြစ်နေပါတယ်။

ဒုတိယ အကြီးဆုံးပြဿနာက စိုက်ပျိုးသီးနှံကို လွတ်လပ်စွာ ရွေးချယ် စိုက်ပျိုးခွင့် မရရှိခြင်းပါပဲ။ လယ်သမားတွေဟာ သူတို့ဒေသရဲ့ ရာသီဥတု၊ မြေအမျိုးအစားတို့နဲ့ ကိုက်ညီတဲ့ ဘယ်လို သီးနှံမျိုး စိုက်ပျိုးရမယ် ဆိုတာ အသိဆုံး ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရပိုင်းက ဘယ်သီးနှံကိုပဲ စိုက်ပျိုးရမယ်လို့ အမိန့် ပေးလာတဲ့အခါမှာ ရွေးချယ်ခွင့်မရှိဘဲ အရှုံးခံ စိုက်ပျိုး ကြရပါတယ်။ ဥပမာ နွေစပါး စိုက်ပျိုးလို့ မဖြစ်နိုင်တဲ့ဒေသမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီမံကိန်း ဖြစ်တဲ့ အတွက် မဖြစ်မနေ စိုက်ပျိုးရပါတယ်။ ရလဒ်အနေနဲ့ နွေစပါး မအောင်လို့ တောင်သူတွေ ကြွေးတင်ကြပါတယ်။ နောက်ဆုံး စိုက်ပျိုးစရိတ် အရင်း အနှီး မရှိတော့ အတိုးနှုန်းမြင့်မြင့်နဲ့ ဒေသခံ ငွေချေးသူတွေဆီက စိုက်စရိတ် ချေးငှားရာကအစ အကြွေး သံသရာထဲက ရုန်း မထွက်နိုင်တော့တဲ့အဖြစ် ရောက်ပါတော့တယ်။

တတိယအချက်က လယ်ယာထွက်ကုန်တွေကို လွတ်လပ်စွာ ရောင်းချခွင့် မရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ရာသီသုံးပါး အပင်ပန်းခံ စိုက်ပျိုး ထွန်ယက်ခဲ့ရပြီး ထွက်ရှိလာတဲ့ သီးနှံတွေ ဈေးကောင်းကောင်း ရရှိဖို့ ကိုယ်ကြိုက်တဲ့ ဈေးကွက်မှာ ရောင်းချချင်ပေမယ့် ဒေသခံ အာဏာပိုင်တွေက စည်းကမ်း ဥပဒေ အမျိုးမျိုးကို ထုတ်ပြန် တားမြစ်ထားပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ၀န်ထမ်း ရိက္ခာအတွက် အစိုးရ ကိုယ်တိုင်က ဈေးနှိမ် သတ်မှတ်ဝယ်ယူတာ၊ ဈေးကွက်ပေါက်ဈေးကို အာဏာနဲ့ ထိန်းချုပ် သတ်မှတ်တာတွေဟာ တောင်သူတွေ ရသင့်တဲ့ အကျိုးအမြတ် မရရှိအောင် ပိတ်ပင် တားမြစ်တာဖြစ်ပြီး ဆင်းရဲမွဲ တေမှု ပိုမို ဆိုးရွားအောင် ဖန်းတီးထားတာပဲ ဖြစ်ပါတယ်။

စတုတ္ထအချက်က ဈေးကွက် လွတ်လပ်မှု မရှိတာပါ။ ဒီနေရာမှာ တောင်သူတွေ အဓိက ရင်ဆိုင်နေရတာက သူတို့ရဲ့ လယ်ယာ ထွက်ကုန်တွေအပေါ် ဈေးနှုန်း သတ်မှတ်မှုဟာ သူတို့ရဲ့ လက်ထဲမှာ မရှိတာပါပဲ။ အစိုးရနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ဈေးနှုန်း သတ်မှတ်ပါတယ်။

လွတ်လပ်တဲ့ ဈေးကွက်မှာ ထွက်ကုန် ဈေးနှုန်းတွေဟာ ဈေးကွက် လိုအပ်ချက်အပေါ် မူတည်ပြီး နှုန်းရှင် အဖြစ် နေစဉ်ပြောင်းလဲ နေပေမယ့် အစိုးရက ဈေးကွက် ပေါက်ဈေးထက်နိမ့်ပြီး နှုန်းသေ သတ်မှတ် ၀ယ်ယူလာတဲ့အခါမှာ မရောင်းမနေရ ဖြစ်တဲ့အတွက် တောင်သူတွေ ရရှိသင့်တဲ့ အကျိုး အမြတ် မရရှိဘဲ ဆုံးရှုံးနေကြရပါတယ်။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်ဟာ ကျေးလက် ဖွံ့ဖြိုးရေး၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးတို့ကို တကယ် ထိထိ ရောက်ရောက် ဆောင်ရွက်ချင်တယ် ဆိုရင် တောင်သူလယ်သမားတွေ ဆုံးရှုံးနေတဲ့ အထက်ပါ အခြေခံအခွင့်အရေး ၄ ရပ်ကို လက်တွေ့ ကျကျ ဖြည့်ဆည်း ဆောင်ရွက်ပေးလိုက်ပါမှ သမ္မတကြီး ပြောသလို လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်လာမှာပါ။