Thursday, April 30, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်တိုင်းနှင့်ပြည်နယ်ခေါင်းဆောင်များ ဆွေးနွေး

DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွေဟာ တိုင်းဒေသကြီးနဲ့ပြည်နယ်က အလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး ဆွေးနွေးမှု တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဆွေးနွေးပွဲကို ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်မှာ ဧပြီလ ၂ရ ရက်နေ့က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ တဖွဲ့ချင်းစီ သီးခြားတွေ့ဆုံဆွေးနွေး နေတာဖြစ်ပါတယ်။

အဓိကအားဖြင့် တိုင်းနဲ့ပြည်နယ်တွေရဲ့အခြေအနေတွေ တင်ပြတာ၊ ရွေးကောက်ပွဲအောင် နိုင်ရေးအခြေအနေတွေကို တင်ပြဆွေးနွေးကြတယ်လို့ ရန်ကုန်တိုင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေး ပြောပါတယ်။

“အဓိက ကျနော်တို့တွေ့ဆုံမှုအပိုင်းမှာတော့ အောင်နိုင်ရေးကိစ္စပါပဲခင်ဗျာ။ ကျနော်တို့အခု တိုင်းနဲ့ပြည်နယ်၊ မြို့နယ်-ရပ်ကျေးအထိ ဖွဲ့ထားတဲ့ အခြေအနေကို ဆွေးနွေးဖြစ်တယ်။ ပြီးတော့ ကိုယ့်တိုင်းနဲ့ ပြည်နယ်ထဲမှာရှိနေတဲ့ မြို့နယ်တွေရဲ့ စည်းရုံးရေးအခြေအနေတွေကို ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြတာပေါ့။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကတော့ မဲစိစစ်ရေးကိစ္စတို့၊ မဲရုံစောင့်ကိစ္စတို့၊ မဲရုံကိုယ်စားလှယ်ကိစ္စတို့ အရေးကြီးတဲ့အကြောင်းတွေကို ကျနော်တို့ကို ပြန်ဆွေးနွေးတာပေါ့လေ။ လိုအပ်တဲ့ကိစ္စတွေကို ပြန်ပြီးတော့ အကြံဉာဏ်ပေး တာပါပဲ။”

လက်ရှိမှာတော့ ရန်ကုန်၊ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းအပြင် မွန်နဲ့ ရခိုင် ပြည်နယ်က အလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးဖြစ်ပါတယ်။

လာမယ့် မေလ ၄ ရက်နေ့ တွေ့ဆုံမယ့် ကရင်ပြည်နယ်အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဒေါ်နန်းခင်ထွေးမြင့်ကတော့ “အန်တီတို့ တိုင်းနဲ့ပြည်နယ်မှာဖွဲ့ထားတဲ့ အလုပ် အမှုဆောင်တွေဟာ ကိုယ့်မြို့နယ်မှာရှိတဲ့ တယောက်ကို ကိုယ်စားပြု ပြီးတော့ စုပြီးတော့ ဖွဲ့ထားတာ။ အန်တီတို့ ကရင်ပြည်နယ်တခုမှာဆိုရင် ၇ မြို့နယ်ဆိုရင် ၇ မြို့နယ်က လူတွေ အကုန်ပါတယ်။”

ပြည်နယ်နဲ့တိုင်းတခုချင်းစီက ဗဟိုအလုပ်အမှုဆောင်တွေ ခေါ်ယူတွေ့ဆုံတာဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းနဲ့ပြည်နယ်က အခက်အခဲတွေ အနေအထားတွေကို သိချင်လို့ ခေါ်ယူတာဖြစ်တယ်လို့လည်း ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

အဆိုတော် လင်းနစ်နေအိမ်ဖောက်ထွင်းခံရမှု ကျူးလွန် သူဖမ်းမမိသေး

ကျော်စိုးမိုး

အဆိုတော် လင်းနစ် ၏နေအိမ် မှငွေကြေး များဖောက်ထွင်း ခိုးယူခံရမှုနှင့် ပတ်သက်၍ အမှုဖွင့် စစ်ဆေးနေပြီး ကျူးလွန်သူကို ဖမ်းဆီး ရမိခြင်းမရှိသေးဟု သင်္ဃန်းကျွန်းမြို့မရဲစခန်း မှ ရဲအရာရှိ တစ်ဦးက ဧပြီ ၂၇ ရက်၊ ညပိုင်းတွင် မဇ္ဈိမ ကိုပြောသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက်၊ ညပိုင်းက သင်္ဃန်း ကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ရိပ်သာ လမ်းရှိ တိုက်ခန်းတစ်ခု၏ ပထမတိုက် တွင်နေထိုင်သည့် အဆိုတော် လင်း နစ်အိမ်မှ ကျပ် ၄၈ သိန်းခန့်ဖောက် ထွင်းခိုးယူခံ ရခြင်းဖြစ်သည်။

ထိုကဲ့သို့ ခိုးယူခံရသည်ကို ဧပြီ ၂၅ ရက်၊ နံနက် အိပ်ရာနိုးသည့် အချိန်မှသာ သိခဲ့ရပြီး ပစ္စည်းများ ခိုးယူခြင်း မခံခဲ့ရသော်လည်း အိမ်တွင်းရှိ ပိုက်ဆံများအားလုံး ခိုးယူခံခဲ့ရခြင်းဖြစ်သည်ဟု တေးသံရှင်လင်းနစ်ကပြောသည်။

သင်္ဃန်းကျွန်း မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးသိန်းဟန်က "ကျူးလွန်သူကို ဖမ်းဆီးရမိဖို့အတွက် စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ " ဟုပြောသည်။

အဆိုပါဖြစ်စဉ်ကို သင်္ဃန်းကျွန်းမြို့မရဲစခန်းက (ပ) ၂၁၂/၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်သည်။

မြိုင်ကလေးသဘာဝ ဓာတ်ငွေ့ထိန်းသိမ်းဖြန့်ဖြူးရေးစခန်း ဂက်စ်အိုးပေါက်ကွဲ လူထုထိခိုက်မှုမရှိ

နန်းဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ခြမ်း ဖိုးဆိုးကျေးရွာတွင်တည်ရှိသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ၏ မြိုင်ကလေးသဘာဝဓာတ်ငွေ့ထိန်းသိမ်းဖြန့်ဖြူးရေးစခန်းတွင် ဧပြီလ ၂၇ရက်နေ့က ဂက်စ်အိုး ပေါက်ကွဲမှုဖြစ်ခဲ့သော်လည်း ဒေသခံလူထု ထိခိုက်မှုမရှိကြောင်း သိရသည်။

ထိုနေ့ညနေ ၄နာရီကျော်အချိန်က ဖြစ်ပွားခဲ့သည့် အဆိုပါဂက်စ်အိုးကြီး၏ ပေါက်ကွဲမှုတွင် မီးခိုးလုံးကြီးများ ပေါက်ကွဲပြီး ဂက်စ် အိုးအပိုင်း အစများမှာ ဒေသခံများ၏ နေအိမ်အနီးအနားသို့ လွင့်ကျလာသည့်အပေါ် ကြောက်လန့်ကာ ထွက်ပြေးကြသူများ၊ သတိမေ့သွားကြသူများရှိသော်လည်း ထိခိုက်သေကြေမှုများ မရှိဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

ဒေသခံရွာသား ဦးတင်အောင်က “အဲဒီပေါက်ကွဲတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုတောင်သေနေပြီလို့ထင်တာ။ မီးခိုးလုံးကြီးတွေ လည်း အိမ်ထဲကိုဝင်တယ်။ နောက်ပြီး အိမ်ခေါင်မိုးပေါ် ခဲလုံးတွေလည်း ကျတာပေါ့။ ကံကောင်းလို့ လူတွေမထိတာ။ ဒါပေမယ့် အဲလိုဖြစ်တော့ အရမ်းကြောက်ကြတယ်”ဟု ပြောသည်။

အဆိုပါပေါက်ကွဲသည့် ဂက်စ်သည် မြိုင်ကလေးတန် ၄၀၀၀ ဘိလပ်မြေစက်ရုံလိုင်း၊ အုန်းနည်းလိုင်းနှင့် သထုံ GD လိုင်းတို့မှ မီး အားဖြန့်ဝေပေးပြီး နေ့စဉ် ပုံမှန်မီးပေးအား ၄၅၀ဖြစ်သော်လည်း ပေါက်ကွဲသည့်အချိန်တွင် မီးပေးအား ၂၇၀သာရှိသည်ဟု မြိုင် ကလေး သဘာဝဓာတ်ငွေ့ထိန်းသိမ်းဖြန့်ဖြူးရေးစခန်းမှ သဘာဝဓာတ်ငွေ့ထိန်းစက် တာဝန်ခံ စတုတ္ထအင်ဂျင်နီယာ (ထုတ်လုပ် ရေး) ဦးလှကိုက ကေအိုင်စီသို့ ပြောသည်။

“ဘာကြောင့် ပေါက်ကွဲတာလည်းတော့ ကျနော် မသိပါဘူး။ ကျနော်ပြောနိုင်တာ တစ်ခုကတော့ မီးပေးအား၂၇၀မှာ ပေါက်ကွဲ တာဖြစ်တယ်။ အမှန်ဆိုရင် ဒီ ၂၇၀နဲ့တော့ ကွဲစရာအကြောင်း မရှိဘူး။ ယခင် ၄၇၀အထိတောင် ပေးဖူးတယ်။ အခု ဘာကြောင့် ကွဲလဲဆိုတာ လူကြီးတွေ လာစစ်မှာ ဖြစ်တယ်”ဟု ဦးလှကိုက ဆိုသည်။

လက်ရှိ ပေါက်ကွဲမှုဧရိယာအတွင်း သက်ဆိုင်ရာ အထက်တာဝန်ရှိသူများမှ သဘာဝဓာတ်ငွေ့ထိန်းစက် တာဝန်ခံနှင့်အတူ ပေါက် ကွဲသည့်နေရာများကို လာရောက်စစ်ဆေးမှု ပြုလုပ်ပေးမည်ဖြစ်သည့်အတွက် ၎င်းဧရိယာအတွင်းသို့ ပြင်ပမှ မှတ်တမ်းဓာတ်ပုံ ရိုက်ယူခြင်း၊ ဝင်ရောက်လေ့လာခြင်းများကို တားမြစ်ပိတ်ပင်ထားသည်ဟု သိရသည်။

မြိုင်ကလေးကျေးရွာတွင် ဂက်စ်ပေါက်ကွဲမှုအပြင် နေ့စဉ် မြိုင်ကလေးဘိလပ်မြေစက်ရုံမှ ကျောက်မိုင်းဖောက်ခွဲမှုများရှိသည့်အ တွက် ထိုဒေသရှိ ကျေးရွာအများစုမှ ပေါက်ကွဲမှုအရှိန်ကြောင့် သစ်အိမ်များလှုပ်ခါခြင်း ကွန်ကရစ်အိမ်နံရံများ အက်ကွဲလာခြင်း များရှိသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

နောင်ချိုမြို့၌ ယာဉ်ငယ် ငါးစီးဖြင့် တင်ဆောင်လာသော ကျောက်စိမ်းတုံး ရာချီ ဖမ်းဆီးရမိ

Mizzima

မူဆယ်-မန္တလေး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော နောင်ချိုမြို့၌ ယာဉ်ငယ်ငါးစီးဖြင့် တင်ဆောင်လာသော ကျောက်စိမ်းတုံးများကို တရားမဝင် ကုန်သွယ်မှုရွေ့လျားတားဆီး ထိန်းချုပ်ရေးအဖွဲ့က ဧပြီ ၂၅ ရက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

မန္တလေးဘက်မှ မူဆယ်ဘက်သို့ ဦးတည်သွားလာသည့် အဆိုပါ ယာဉ်ငါးစီးသည် မိုင်ဘိုင်းအဖွဲ့ စစ်ဆေးနေသည့် နောင်ချိုမြို့အ၀င် အေးရှားဝေါလ်တိုးဂိတ် အနီးသို့ ရှေ့ဆင့်နောက်ဆင့်ရောက်ရှိလာ၍ ရပ်တန့် စစ်ဆေးရာ ယာဉ်မောင်းများက ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ထို့ကြောင့် မိုဘိုင်းအဖွဲ့က အဆိုပါကားများကို စစ်ဆေးရာ Nissan Cefino (3G-….) ယာဉ်မှ ကျောက်စိမ်းတုံး အရွယ်စုံ ၅၄ တုံး၊ ကျောက်ဖြတ်စအသေး တစ်ထုတ်၊ Toyota Grande Mark 2 (9D-….) ယာဉ်ပေါ်မှ ကျောက်စိမ်းတုံးအရွယ်စုံ ၇၀ တုံး၊ Toyota Vitz (1E-….) ယာဉ်မှ ကျောက်စိမ်းလက်ကောက် ဖြတ်စ ငါးအိတ်၊ Nissan AD Van (DD-….) မှ ကျောက်စိမ်း လက်ကောက်ဖြတ်စ ငါးအိတ်နှင့် ကျောက်စိမ်းတုံး ၄၂ တုံး၊ Misubishi Grandis (6G-….) ယာဉ်မှ ကျောက်စိမ်းတုံး ၂၆ တုံး၊ ကျောက်စိမ်းတုံးအသေးအရွယ်စုံ ငါးထုတ်ပါ အိတ်တစ်အိတ်၊ လက်ကောက်ကွင်းကြမ်း နှစ်အိတ်၊ လက်ကောက်ကွင်းချော တစ်အိတ်တို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သိမ်းဆည်းရမိသည့် ကျောက်စိမ်းတုံးများ၊ လက်ကောက်ဖြတ်စ၊ လက်ကောက်ကွင်းများနှင့် ယာဉ်များကို ခန့်မှန်းတန်ဖိုးတွက်ချက်ပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်၍ အရေးယူဆောင်ရွက်သွားမည်ဟု မိုဘိုင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် မြန်မာ့ကျောက်စိမ်း၏ အဓိက၀ယ်လက်ဖြစ်ရာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော မူဆယ်-မန္တလေးလမ်း၌ ကျောက်စိမ်းနှင့် အခြားအဖိုးတန်ကျောက်များကို တရားမ၀င်ကူးသန်း ရောင်းဝယ်များ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအထိ မိုဘိုင်းအဖွဲ့များသည် ခန်မှန်း တန်ဖိုး ကျပ် ၃,၅၉၉ သန်းဖိုးရှိ ကျောက်စိမ်းဟု ယူဆရသည့် ကျောက်၊ အင်ကြင်းကျောက်၊ သလင်းကျောက်၊ စကျင် ကျောက်၊ သတ္တုကျောက်မှုန့် ၇၆,၅၀၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး အမှုတွဲပေါင်း ၁၁၃ မှု ဖွင့်လှစ်အရေးယူထားသည်။

နှစ်နှစ်ကျော် ကာလအတွင်း Mobile Team အဖွဲ့မှ ခန့်မှန်း တန်ဖိုး ကျပ် ၂,၉၃၉ သန်းရှိ ကျောက်စိမ်း ကီလို ၃၅,၉၄၄ ကို ဖမ်းဆီးခဲ့ပြီး အမှုတွဲ ၇၄ ခုကို ဖွင့်လှစ်အရေးယူထားသည်။ ထို့အတူ ခန့်မှန်း တန်ဖိုးကျပ် ၃၃၂ သန်းရှိ အင်ကြင်းကျောက် ကီလို ၁၆,၅၇၅ ကို ဖမ်းဆီးထားပြီး အမှုတွဲ ငါးခု ဖွင့်လှစ်အရေးယူထားခြင်း ဖြစ်သည်။

သပိတ်မှောက်ကျောင်းသားတွေကို သာယာဝတီ တရားရုံးမှာ ရုံးထုတ်


“၀” နယ်တွင် ကျင်းပမည့် တိုင်းရင်းသား ညီလာခံ ၃ ရက် ထပ်တိုး

နန်းလွင်နှင်းပွင့်

“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် ကျင်းပမည့် တိုင်းရင်းသား ထိပ်သီးညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများကို အဖြေရသည်အထိ ဆွေးနွေးရန် ရည်ရွယ်ပြီး ညီလာခံ ကျင်းပ မည့်ရက်ကို ၃ ရက် ထပ်တိုးလိုက်ကြောင်း သိရသည်။

ပန်ဆန်း တိုင်းရင်းသား ထိပ်သီးညီလာခံကို ယခင်က မေလ ၁ ရက်မှ ၃ ရက် အထိ ကျင်းပရန် သတ်မှတ်ထားသော်လည်း မေလ ၁ ရက်မှ ၆ ရက် အထိ ကျင်းပရန် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

“၆ ရက်နေ့ အထိ တိုးလိုက်တာက ကျနော်တို့ ဆွေးနွေးမယ့် အကြောင်းအရာတွေကို အဖြေသေချာ ထွက်အောင်အထိ သေ သေချာချာ ဆွေးနွေးမှာမို့ပါ”ဟု အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA) မှ ပြော ရေး ဆိုခွင့်ရှိသူ ဦးကြည်မြင့်က သတင်းမီဒီယာများကို ပြောသည်။

NDAA သည် ယခုကျင်းပမည့် တိုင်းရင်းသား ညီလာခံသို့တက်ရောက်ရန် ပန်ဆန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယင်းညီလာခံတွင် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ တိုင်းရင်းသား ဒေသများရှိ ငြိမ်းချမ်းရေး အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ အကြား ဆွေးနွေးနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာကိစ္စရပ်များ၊ ငြိမ်း ချမ်းရေး ဆွေးနွေးနေသော်လည်း အစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့် ဒေသဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြ မည်ဟု တက်ရောက်လာကြသည့် တိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုသည်။

အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဘက်မှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အကြား သဘောတူ လက်မှတ်ထိုး ထားသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း (NCA) တွင် လတ်မှတ်ထိုးသင့် မထိုးသင့် ဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးကြမည်ဟု သိရသည်။

“အခု ညီလာခံမှာ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေးနဲ့ပတ်သက်ပြီး အကြိတ်အနှယ် ဆွေးနွေးရမယ့် ကိစ္စတွေ ရှိပါတယ်”ဟု ညီလာခံတက်ရန် ရောက်ရှိနေသည့် မွန်ပြည်သစ် ပါတီ(NMSP)မှ နိုင်ဟံသာပွန်ခိုင်း ကလည်း ပြောသည်။

ပန်ဆန်း တိုင်းရင်းသား ညီလာခံကို UWSA က ဦးစီးကျင်းပခြင်းဖြစ်ပြီး ညီလာခံသို့ UWSA အပါအ၀င် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ် ပါတီ (NMSP) ၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA) ၊ ရှမ်းပြည် တိုးတတ်ရေး ပါတီ (SSPP/SSA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့် တပ်မတော် (AA) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)တို့မှ ထိပ်သီးခေါင်းဆောင်များနှင့် စစ်ဦးစီးချုပ် များ တက်ရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ထိုညီလာခံသို့ ချင်းအမျိုးသား တပ်ဦး(CNF) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ဝ အမျိုးသား အဖွဲ့ချုပ်(WNO) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) တို့ အပါအ၀င် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၊ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) စသည့် NCCT အဖွဲ့ဝင်များ နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန်(NSCN-K) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ကို UWSA က ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိပေ။

မေဒေးမှာ အလုပ်သမား၂၀၀၀ ဆန္ဒပြဖို့ စာတင်ပေမယ့် ၅၀၀ သာခွင့်ပြု


"ဝ" ဒေသ ဆွေးနွေးပွဲသို့ ဖိတ်ကြားထာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့

Mizzima

"ဝ" ပြည် သွေးစည်းညီညွတ်ရေး ပါတီ။ (UWSP) က ၎င်းတို့၏ ပန်ဆန်းဌာနချုပ်သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ ကိုဖိတ်ကြားကာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း၊ ပြည်တွင်းနိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း နိုင်ငံရေး အကျပ်အတည်း ကိစ္စများကို ၂၀၁၅ ခုနှစ် မေလ ၁ ရက်မှ ၃ ရက်အထိ ဆွေးနွေးမည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် UWSP က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ကို ဖိတ်ကြားထားပြီး ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ရက္ခိုင့်တပ်မတော် (AA)

၂။ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့။ (KIO)

၃။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ။ (KNPP)

၎။ ကရင်အမျိုးသား အစည်းအရုံး။ (KNU)

၅။ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)

၆။ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS)

၇။ မွန်ပြည်သစ်ပါတီ (NMSP)

၈။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)

၉။ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော်။ (RCSS/SSA)

၁၀။ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်။ (RCSS/SSPP)

၁၁။ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်။ (TNLA/PSLF)

၁၂။ "၀" ပြည် သွေးစည်းညီညွတ်ရေး ပါတီ။ (UWSP)

UWSP ဌာနအတွင်း ဆွေးနွေးပွဲသို့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ကို တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်။ (TNLA/PSLF) ဒုတိယဥက္ကဌ တာဂျူတ်ဂျားမှ သိရသည်။

တရုတ်ပြည်ဘက် တရားမ၀င်းသွားလုပ်မယ့် လူငယ်တွေကို ရဲတပ်ဖွဲ့ နေရပ်ပြန်ပို့


ရခိုင်စစ်ပြေးရှောင် ဒုက္ခသည်များအတွက် စိုးရိမ်ကြောင်း အမေရိကန် သံရုံးထုတ်ပြန်

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်( Arakan Army) တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရာနှင့်ချီပြီး နေရပ်စွန့်ခွာထွက်ပြေးလာသူများအတွက် စိုးရိမ်မိကြောင်း ဧပြီလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်သည်။

အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် လတ်တလောဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ရာနှင့်ချီသော ရခိုင်အရပ်သားများ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုသတင်းများ သိရှိရသည့်အတွက် အမေရိကန်ပြည်ထောင်စု အနေဖြင့် စိုးရိမ်ပူပန်မိပါကြောင်း ဦးစွာ ဖော်ပြသည်။

ထွက်ပြေးလာကြရသော စစ်ဘေးရှောင် ဒုက္ခသည်များအတွက် နိုင်ငံတကာ စံနှုန်းများနှင့် အညီ ထောက်ပံ့ပေးရန်လည်း အောက်ပါအတိုင်း တောင်းဆိုထားသည်။

“ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် Arakan Army တို့ကြား လတ်တလော ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ရာနှင့်ချီသော ရခိုင်အရပ်သားများ နေရပ် စွန့်ခွာတိမ်းရှောင်ရမှု သတင်းများ သိရှိရသည့်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် စိုးရိမ်ပူပန်မိပါသည်။ လက်ရှိ ဖြစ်ပွားလျက်ရှိသော အခြေအနေများကို တိုက်ရိုက်တွေ့ကြုံခံစားနေရသောသူများအတွက် တာဝန်ရှိသူ အားလုံးကို ရန်လိုမှုများရပ်ဆိုင်းကြရန်၊ အရပ်သားများ ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးနိုင်ရန် နှင့် လိုအပ်သမျှသော လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော စံနှုန်းများနှင့်အညီ အချိန်မီ ထောက်ပံ့ဖြန့်ဖြူးနိုင်ရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုပါသည်” ဟု ပါရှိသည်။

ယခုအခါ လတ်တလော ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူမှာ ၆၀၀ နီးပါးခန့်ရှိနေပြီး ရာနှင့် ချီသော ကျေးရွာသားများမှာလည်း ရွာထဲမှ ရွာပြင်သို့ မထွက်ရသဖြင့် အလုပ်အကိုင်ပျက်ကာ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

လန်ဒန်ဆရာတော်တို့ ပုဒ်မနှစ်ခုထဲက တခုပယ်ဖျက်ဖို့ လျှောက်ထားမှု ကြားနာ


တစ်ရက် အနည်းဆုံးအခကြေးငွေ ၅၆၀၀ သတ်မှတ်ရေး အလုပ်သမားနေ့တွင် ဆန္ဒပြမည်

ဟိန်းကိုစိုး

တစ်ရက် အနည်းဆုံး အခကြေးငွေ ၅၆၀၀ ကျပ် သတ်မှတ်ရေး လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ငွေပင်လယ် စက်မှုဇုန် တို့မှ အလုပ်သမားတို့ ကအလုပ်သမားနေ့တွင် ဆန္ဒပြတောင်း ဆိုမည်ဟု စံကောင်းပီနံအိတ်စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်စိုးမင်းက ဧပြီ ၂၉ ရက် တွင်ပြောသည်။

"အနည်းဆုံးလုပ်ခ ၅၆၀၀ ကို အလုပ်ရှင် တိုင်းပေးနိုင်ရင် အလုပ်သ မားတွေ အဆင်ပြေမယ်၊ အခု အားလုံး နီးပါးက ၁၅၀၀ကျော်ရနေ ကြပါတယ်၊ အချိန် ပိုကြေးက တစ်နာရီက ၆၀၀ ၀န်းကျင်မှာ ရကြပါတယ် အလုပ်ရှင်တွေ တင်ပြတဲ့ ၁၅၀၀ ဆိုတာတော့ မဖြစ်နိုင်ပါဘူး" ဟု ၎င်းကဆိုသည်။

တစ်ရက် အနည်းဆုံး အခကြေးငွေ ၅၆၀၀ ရရှိရေး အတွက် အလုပ်သမား အင်အား ၂၀၀၀ ဖြင့် ဆန္ဒပြတောင်း ဆိုရန် တင်ပြ ခဲ့သော်လည်း အင်အား ၅၀၀ဖြင့် ဗဟန်း ဗိုလ်စိန် မှန်ကွင်းမှ ကျိုက္ကဆံကွင်း အတွင်းသို့ ချီတက် ဆန္ဒပြရန် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများက ခွင့်ပြု ထားသည်။

ဆန္ဒပြပွဲတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအပြင်၊ အလုပ်သမား အခွင့်အရေး၊ ဖမ်းဆီးခံ အလုပ်သမားများ လွတ်မြောက်ရေး အပါအဝင် အချက် ၁၀ ချက်ထိတောင်း ဆိုရန်ပြင်ဆင် ထားသည်ဟု ဦးအောင်မင်းစိုး ကပြောသည်။

"အဓိကက အစိုးရက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရင် ခန့်မှန်းလို့ ရအောင် အသိပေးတာပါပဲ၊ အလုပ်ရှင်တွေက ၁၅၀၀ လို့ သတ်မှတ်ချင်တာရှိလို့ပါ" ဟု အလုပ်သမားရေး ဆောင်ရွက်သူ၊ ဆန္ဒပြပွဲ ဥပဒေအကြံပေး ဦးဌေးက ဆိုသည်။

ဧပြီ ၂၅ရက် ကုန်သည်/ စက်မှု အသင်းချုပ် (UMFCCI) တွင်ပြုလုပ်သည့် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူ လုံရေး ဝန်ကြီး ဌာနနှင့်တွေ့ ဆုံပွဲတွင် အနည်းဆုံး အခကြေးငွေကို တစ်နေ့ ၁၅၀၀ကျပ်နှုန်း သတ်မှတ်ရန် အလုပ်ရှင် အဖွဲ့အစည်းတို့က တင်ပြခဲ့ကြသည်။

၂၀၁၃ခုနှစ် ဒီဇင်ဘာ ၂၀တွင် ဖွဲ့စည်းခဲ့သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီသည် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အတွက် အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ၂၆ကြိမ်တိုင် ဆွေးနွေးထားသည်။

"ပြည်ထောင်စု ဝန်ကြီးနဲ့ အလုပ်ရှင်တွေတွေ့ဆုံပွဲမှာ အလုပ်ရှင်တွေက ၁၅၀၀ထက် ပိုမပေးဘူးလို့ပြောတာ သိလိုက်ရတယ်၊ အလုပ်ရှင်တွေရဲ့ ကုန်ကျစရိတ်က ဘယ်လိုရှိလဲဆိုတာကို စစ်တမ်းကောက်ဖို့ ဝန်ကြီးကို အကြံပြုမယ်" ဟု တာမွေမြို့နယ် သယ်ယူပို့ဆောင်ရေးအလုပ်သမား အဖွဲ့အစည်းဥက္ကဋ္ဌ ဦးလှဌေးက ဧပြီ လ ၂၆ရက့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီနှင့် အလုပ်သမား ကိုယ်စားလှယ် များတွေ့ဆုံစဉ်ပြော ကြားသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ် ၁၅ခု၏ မြို့နယ် ၁၀၈မြို့နယ်၊ အိမ်ထောင်စုပေါင်း ၂၂၀၃၂ ကို ၂၀၁၅ခုနှစ် ဇန်န၀ါရီ ၂၆မှ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်တမ်းကောက်ယူ ခဲ့ရာတွင် ၃၀၀၀ မှ ၄၀၀၀ ကျပ် အဆိုပြုမှု ၁၇ကြိမ် အများဆုံး၊ ၅၀၀၀ ကျပ် အဆိုပြုမှု ၁၅ကြိမ် ဒုတိယ အများဆုံး၊ နှင့် ၂၅၀၀ ကျပ် အဆိုပြုမှု ၁၀ကြိမ် တတိယအများဆုံးအဖြစ် ရရှိခဲ့သည်ဟု အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီ၏ အချက်အလက် များကိုနိုင်ငံပိုင် သတင်းစာ များတွင်ဖော်ပြ ပါရှိသည်။

စစ်သုံးစရိတ်မြင့်တက်နေတာကြောင့် တခြားအရေးကြီးကဏ္ဍတွေ ထိခိုက်မှုရှိ


လိပ်ကျွန်းလူသတ်မှု တရားလိုပြသက်သေများ စစ်ဆေးမည်

DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်က လိပ်ကျွန်း ခေါ် ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကော့စမွီတရားရုံးက တရားလိုပြသက်သေတွေ စစ်ဆေးဖို့ရှိနေပါတယ်။

ကော့စမွီခရိုင်တရားသူကြီး အပြောင်းအလဲရှိတဲ့အတွက် ဧပြီလ ၃၀ ရက် မနက် ၉ နာရီ မှာ တရားလိုနဲ့ တရားခံ နှစ်ဘက်သက်သေများ အခြေအနေကို စစ်ဆေးမယ်လို့ တရားခံ မြန်မာလူငယ် ၂ ဦးဘက်ကနေ ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတိုင်ပင်ခံ အန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။

“တရားသူကြီးအသစ်ရောက်လာလို့ မနက်ဖြန် ကော့စမွီတရားရုံးမှာ ရုံးချိန်းရှိပါတယ်။ ၀င်း နဲ့ ဇော်တို့ဘက်က ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင် ရှေ့နေတွေ သွားကြမယ်၊ အစိုးရရှေ့နေဘက်ကလည်း လာကြမယ်။ အမှုစစ်တာတော့ မဟုတ်ပါဘူး၊ အမှုအတွက် နှစ်ဘက်ရှေ့နေတွေရဲ့ ပြင်ဆင်ချက်၊ သက်သေတွေကို စစ်ဆေးဖို့ပါ။ ၀င်း နဲ့ ဇော်တို့ကိုလည်း ခေါ်ထုတ်မှာပါ။”

ကော်စမွီမှာ ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌရော အဖွဲ့ဝင်တွေပါ စုစုပေါင်း ၇ ဦး ကြိုတင် ရောက်ရှိနေပြီး ချုပ်နှောင်ခံနေရတဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဒီကနေ့မနက်က တွေ့ဆုံ အားပေးစကားပြောခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ စက်တင်ဘာလက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရ တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆုရတ်ဌာနီခရိုင်ရဲတပ်ဖွဲ့က မြန်မာအလုပ်သမား လူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို တရားခံအဖြစ် စွပ်စွဲ တရားစွဲထားခဲ့တာပါ။

လူငယ် ၂ ဦးကတော့ ဒီအမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ ထိုင်းရဲများရဲ့ ခြိမ်းခြောက်မှုကြောင့် ၀န်ခံခဲ့ရတာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။

ဖမ်းဆီးခံကျောင်းသားတွေ သာယာဝတီရုံးထုတ်မြင်ကွင်း


တိုင်းပြည်ခေါင်းဆောင် ဒေါ်စုလည်း ဖြစ်သင့်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြော

မဇ္ဈိမ

မြန်မာနိုင်ငံ အတွက် သမ္မတလောင်းရွေး ချယ်ရာတွင် အတိုက် အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ပါဝင်ခွင့် ရရန် စဉ်းစား သင့်ကြောင်း တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်ကိုရီးယား သတင်းဌာန တစ်ခုဖြစ်သော Yonhapနှင့်တွေ့ ဆုံဆွေးနွေးမှု အတွက် ဧပြီလ ၂၉ ရက်ကပြော ဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက်ရွေးချယ် ခံနိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၅၉(စ) က အဟန့် အတားဖြစ်နေ သည်ဖြစ်ရာ ထိုအချက်ကို ရည် ညွန်းလျက် "ကျွန်တော်တို့ ဒီပြဿနာကိုဖြေရှင်းတဲ့နေရာမှာ လူတစ်ဦးတစ်ယောက်ရဲ့အမြင်ကနေ အချဉ်းကပ်သင့်ပါဘူး၊ တစ်နိုင်ငံလုံးရဲ့ အမျိုးသား အကျိုးစီး ပွားရှု့ထောင့်ကနေ ချည်းကပ်ရ မှာဖြစ်ပါတယ်" ဟု ဦးခင်အောင်မြင့် ကပြောသည်။

"ကျွန်တော့် အမြင်ပြော ရရင် လူတိုင်း ဟာနိုင်ငံ့ခေါင်းဆောင်ဖြစ် သင့်ပါတယ်" ဟု ဦးခင်အောင်မြင့်က ဆိုကာ "ဒေါ်အောင်ဆန်းစုကြည်ဟာ လူတော် တစ်ယောက်ဖြစ် ပါတယ်။ ပြီးတော့ သူဟာ ကျွန်တော်တို့နိုင်ငံထဲမှာ နိုင်ငံရေးပုံရိပ်ကောင်းရှိသူတစ်ဦးပါ၊ ကျွန်တော်ကတော့ တိုင်းပြည်ခေါင်းဆောင်ရွေးရာမှာ သူ့ကို ပါဝင်စေချင်ပါတယ်" ဟု ဦးခင်အောင်မြင့်က ဆိုသည်။

"ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်ရာမှာ တစ်ဦး တစ်ယောက် ဒါမှမဟုတ် အခြား တစ်ယောက်ယောက် အပေါ် အာရုံထားပြီး နိုင်ငံရဲ့ ကံကြမ္မာကို မဆုံးဖြတ် သင့်ပါဘူး" ဟုလည်း ဦးခင်အောင်မြင့် ကပြောသည်။

၂၀၁၅ နှစ်ကုန်ပိုင်းတွင်ကျင်းပရန်ရှိသည့် အထွေထွေ ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အလွန်အရေးပါ ပြီးရွေးကောက်ပွဲ အလွန် ကာလများသည်လည်း တိုင်းပြည်တည်ငြိမ်ရန်လည်း လိုသည်ဟု ဦးခင်အောင်မြင့်က သတိပေးသည်။

"လာမယ့်ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် ဒုတိယ အကြိမ် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ အတွက် ဒါဟာ အင်မတန် အရေးပါ ပါတယ်၊ရွေးကောက်ပွဲ အကြိုကာလ နဲ့ရွေးကောက်ပွဲ အလွန်ကာလတွေ မှာနိုင်ငံတည် ငြိမ်ဖို့နဲ့ တရားမျှ တဖို့လည်း လိုပါတယ်" ဟု ဦးခင်အောင်မြင့် ကပြောသည်။

နောက်တက် လာမည့် သမ္မတသည် မည်သူပင်ဖြစ်စေမြန်မာနိုင်ငံကောင်းလာ ရန်ရှေ့ဆက်ကြရ မည်ဟုလည်း သူကဆိုသည်။ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သည်တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ဥက္ကဌ Chung Eui-hwaနှင့်တွေ့ဆုံ ရန်တောင်ကိုရီးယားနိုင်ငံ သို့ရောက် ရှိနေခြင်းဖြစ်သည်။

မင်းပြားတွင် ဦးဥတ္တမကြေးရုပ်တု သွန်းလုပ်

မာန်ယုကျော် (ရွှေဝမြေ)

မန်မာ့ လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမအား ဂုဏ်ပြုသည့် အနေဖြင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ပူဇော် ထားရှိမည့် ဦးဥတ္တမကြေးရုပ်တုတစ်ခုကို သွန်းလုပ်နေသည်ဟု သတင်း ရရှိသည်။

အမြင့် ၇ ပေရှိသော အဆိုပါရုပ်တုကို ရခိုင်ကြေးသွန်းဆရာကြီး ဦးကျော်သာညွန့်က ကြေးပိဿာချိန် ၂၂ဝ ကိုသုံးစွဲကာ မင်းပြားမြို့လယ်ရှိ ဓမ္မာရုံတွင် ဧပြီလ ၂ဝ ရက်နေ့မှ စတင်သွန်းလုပ်နေသည်ဟု ရုပ်တုအားသွန်းလုပ်ရာတွင် ဦးဆောင်ပါဝင်သူ ဦးဇင်း ဦးဝရက မိန့်သည်။

ယင်းရုပ်တုကို မင်းပြားမြို့ပေါ်သံဃာတော်တချို့အပါအဝင် စေတနာရှင်များ၏လှူဒါန်းငွေ ကျပ်သိန်း ၁ဝဝ ဖြင့် သွန်းလုပ်ခဲ့ခြင်းကြောင်း သိရသည်။

ဆရာတော် ဦးဥတ္တမ ရုပ်တုအား ထားရှိမည့် နေရာနှင့် ပတ်သက်ပြီး မြို့ခံများအကြား သဘောထားကွဲလွဲမှုများရှိနေသဖြင့် အခက်အခဲတစ်ခုကြုံတွေ့နေရသည်ဟု ဦးဝရက ပြောသည်။

“ဆရာတော့်ရုပ်တုကို ထားမယ့်နေရာတစ်ခုအခက်အခဲဖြစ်နေသေးတယ်။ လောလောဆယ်တော့ မြို့လယ်က ဓမ္မာရုံမှာပဲယာယီထားရတယ်” ဟု ဆိုသည်။

ယင်းရုပ်တုကို မင်းပြားမြို့လယ်ရှိ ဂန္ဓဝေပန်းခြံတွင်ထားရှိရန် မြို့ခံတချို့ကဆန္ဒရှိနေသော်လည်း တချို့မြို့ခံများကမူ မြို့လယ်ဓမ္မာရုံတွင်သာထားရှိစေလိုသည်ဟု ဆိုသည်။

“တချို့က ပန်းခြံမှာထားမယ်၊ တချို့ကလည်း ဓမ္မာရုံမှာထားမယ်နဲ့ အငြင်းပွားနေတုန်းပဲ။ ကျနော့်အနေနဲ့ဆိုရင်တော့ ရုပ်တုကို ပန်းခြံမှာပဲထားသင့်တယ်။ ဒါပေမယ့် ခုနောက်ပိုင်း ပန်းခြံလည်း ပြုပြင်မှုမရှိတော့ ပန်းခြံနဲ့တောင် မတူတော့ဘူး”ဟု မြို့ခံ ကိုစိုးမင်းက ပြောသည်။

“ပူဇော်ထိုက်တဲ့သူကို ပူဇော်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အခုလို သွန်းလုပ်ရတာပါ။ ဒါကြောင့် အများပြည်သူတွေ မြင်တွေ့နိုင်တဲ့ နေရာမှာသာ ထားသင့်ပါတယ်”ဟု ဦးဇင်း ဝရက ပြောသည်။

ဆရာတော်ဦးဥတ္တမရုပ်တုကို ရခိုင်ပြည်နယ်အတွင်း စစ်တွေအပါအဝင် မြောက်ဦးနှင့် တောင်ကုတ်မြို့တွင် သွန်းလုပ်အပူဇော်ခံထားရှိပြီးဖြစ်သည်။

သက္ကရာဇ် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည့် ဆရာတော်ဦးဥတ္တမမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဖွား သံဃာတော်တစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိအောင် ထောင်အကြိမ်ကြိမ်အကျခံ၍ ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဦးဆောင်ကြိုးပမ်းခဲ့သည့် အာဇာနည် ရဟန်းတော် တစ်ပါးဖြစ်သည်။

ကင်းထောက်ကြီးများ ဒုတိယအကြိမ် တွေ့ဆုံပွဲ ရန်ကုန်မှာ ကျင်းပ


ဦးခင်ရွှေနှင့် ဒေါ်စုဆက်ဆံရေး မှန်းဆဝေဖန်မှု များကြောင့် ဒေါ်အောင်ဆန်းစုကြည် ထိခိုက်နိုင်ဟု ဦးခင်ရွှေသား ပြော

Mizzima

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင်နှင့် ကြံ့ခိုင်ရေး ပါတီ၏အမတ် ဦးခင်ရွှေထောက်ပံ့မှုကို ကော့မှူးပြည်သူများ ရယူပြီး မဲဆန္ဒပေးသည့်အခါတွင်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည့်အပေါ် မှန်းဆဝေဖန်ပြောဆိုမှုများသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်နိုင်ကြောင်း ဦးခင်ရွှေ၏ သားဖြစ်သူ ကိုဇေသီဟက ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးသို့ ဧပြီ ၂၇ ရက်က ရောက်ရှိစဉ် ပါတီဝင်များနှင့် ပြည်သူ ၁၅၀ ခန့်နှင့် တွေ့ဆုံစဉ် "ဦးခင်ရွှေပေးသမျှ ယူသာယူ၊ မဲထည့်ရင်သာ NLDကို မဲထည့်" ဟု ပြောဆိုခဲ့သည်။

ထိုပြောဆိုချက်အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေရာ ဦးခင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကော့မှူး ပြည်သူများ၏ ဆက်ဆံမှု၊ ရင်းနှီးမှုတို့ကို မသိသည့်သူများ၏ ပြောဆိုချက်သာဖြစ်သည်ဟု ကိုဇေသီဟက သူ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ်တွင် ရေးသားသည်။

"အဲဒီစကားလုံးပြောသွားတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရယ် ကျွန်တော့ အဖေရယ်၊ ကော့မှုးက ပြည်သူလူထုရယ် ကြားက ဆက်ဆံမှု၊ ရင်းနှီးမှု ၊အတူတကွလုပ်ဆောင်နေမှုတွေကို နားမလည်လို့ အမြင်တမျိုးဖြစ်ကြတာဖြစ်ပြီး၊ အတွေးတစ်မျိုးနဲ့ ရေးကြတာပါ" ဟု ဆိုသည်။

"ဘေးက ကြည့်တဲ့ သူတွေအဖို့ အလွယ်တကူမမြင်နိုင် တဲ့အနေအထားကို မှန်းပြီးပြောနေကြတာက ဒေါ်အောင်ဆန်းစုကြည်ကို အများကြီး ထိခိုက်သွားနိုင်တဲ့အပြင် ကော့မှူးမြို့က ပြည်သူအတွက်ပါနစ်နာသွားနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရော အဖေပါ ကော့မှူးမြို့ ပြည်သူတွေကို မဲဆွယ်တဲ့စကားတွေ ပြောဖို့မလိုအပ်ပါဘူး။မိသားစု ဆွေမျိုးတွေကြား ပြောတဲ့စကားက အပြင်ရောက်လာတယ်ဆိုတာ ထက်မပိုဘူး" ဟုလည်း ကိုဇေသီဟက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှာမူ ကောမှူးမြို့နယ်ပါဝင်သည့် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃)၏ အမျိုးသားလွှတ်တော်အမတ်အဖြစ် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့သူဖြစ်သည်။

နိုင်ငံခြားသား ၂ ဦးကို မူဆယ်ရဲတပ်ဖွဲ့ ပြန်လွှတ်ပေး

နန်းမြနဒီ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ဖတ်ကာ – နမ့်ခမ်းသွားလမ်း ၁၂ မိုင်ကနေ မူဆယ်မြို့နယ် ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား ၂ ဦးကို ဒီကနေ့ ညနေ ၃ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ဟာ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေထဲကို ၀င်ရောက်သွားတဲ့အတွက် လုံခြုံရေးအရ ခေါ်ယူစစ်ဆေးခဲ့တာလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုပြည်နယ်ရဲမှူး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်ကိုင်သောင်းကျန်းသူတွေ လှုပ်ရှားတဲ့ နယ်မြေကိုရောက်သွားလို့ ပြည်သူ့စစ်အဖွဲ့ကနေ တွေ့ရှိခေါ်ဆောင်ခဲ့ပြီး ကျနော်တို့ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပါတယ်။ အဲဒီနယ်မြေမှာ တိုက်ပွဲတွေလည်း မကြာခဏဖြစ်နေတယ်။ နှစ်ဘက်ပစ်ခတ်တဲ့ကြားထဲ ရောက်သွားရင် အသက် အန္တရာယ်ရှိမှာစိုးလို့လေ။ တခြားနိုင်ငံသားတွေ တစုံတခု ဒုက္ခရောက်မှာစိုးလို့ သူတို့ဘယ်တွေ သွားခဲ့သလဲ၊ ဘာတွေလုပ်ခဲ့သလဲ စိစစ်တဲ့သဘောပါ။ အမေရိကန်နိုင်ငံသားတယောက်နဲ့ သြစတြီးယားနိုင်ငံသားတယောက်ပေါ့။ သူတို့မှာ တရားဝင်ဗီဇာပါတယ်၊ ပတ်စပို့ပါတယ်။ အခုတော့ ပြန်လွှတ်ပေး လိုက်ပါတယ်။ လ၀ကကို လွှဲပေးလိုက်ပါတယ်။ လ၀က က လားရှိုးကို လိုက်ပို့တယ်။ ကားငှားပြီး လမ်းစရိတ်တွေ ဘာတွေပါ ထောက်ပံ့ပေးလိုက်ပါတယ်။”

ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံခြားသား ၂ ဦးကတော့ အမေရိကန် နိုင်ငံသား Mr.Nazaryan Khachaturn နဲ့ သြစတြီးယားနိုင်ငံသား Mr. Christian Johnnex Viets တို့ဖြစ်ပြီး သတင်းစုဆောင်းကာ တခြားသတင်းဌာနကို ပေးပို့ရောင်းချနေသူတွေ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲကို ၂၀၁၃ ခုနှစ်ကတည်းက ရောက်ရှိကာ ထိုင်းနိုင်ငံမှာ ဗီဇာတိုးပြီး ၀င်ထွက်သွားလာနေတာလို့ ပြည်နယ်ရဲ အရာရှိက ပြောပါတယ်။

အဆိုပါ နိုင်ငံခြားသား ၂ ဦးဟာ သွားလာဖို့ မိုင်းညီလေး လို့ခေါ်တဲ့ ပလောင်လူငယ်တဦးရဲ့ ပါဂျရိုကားကို ငှားရမ်းခဲ့ကြောင်း၊ ကားပေါ်မှာ ကျည်ဆန် ၂၂ တောင့်နဲ့ စိတ်ကြွဆေးပြား ၄၀ ပြား တွေ့ရှိတဲ့အတွက် မိုင်းညီလေးကို မူးယစ်မှု၊ လက်နက်မှုနဲ့ အမှုဖွင့်ထားကြောင်း၊ သူဟာ တီအန်အယ်လ်အေ ပလောင်လက်နက်ကိုင်အဖွဲ့ဝင်လို့ သံသယရှိပြီး ဆက်လက်စစ်ဆေးနေကြောင်း၊ ဒါပေမယ့် မိုင်ညီလေးကတော့ ခုထိဝန်မခံသေးဘူးလို့ ဆိုပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ မူဆယ်ခရိုင်ထဲကို သွားလာခွင့်ရှိပေမယ့်လည်း အခုလို လက်နက်ကိုင်အဖွဲ့တွေရှိတဲ့နေရာ၊ တိုက်ပွဲဖြစ်တတ်တဲ့နေရာတွေကို ရှောင်ရှားသင့်ကြောင်း၊ မသွားမဖြစ် သွားလာမယ်ဆိုရင် ရဲစခန်းတွေ၊ ဒေသခံအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အရင် တွေ့ဆုံမေးမြန်းသင့်တယ်လို့ ပြည်နယ်ဒုရဲမှူးက ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကတော့ ဖမ်းဆီးခံခဲ့ရသူတွေနဲ့ အဆက်အသွယ်ရပြီး လိုအပ်တဲ့ အကူအညီတွေပေးနေပြီလို့ ဒီဗွီဘီကို ပြောပါတယ်။

လားရှိုးမြို့နယ်မှာ မြေယာကိစ္စ ရှုပ်ထွေးမှုတွေ များပြား


ယာဉ်နှစ်စီးတိုက်သည့်ကိစ္စ ရွှေစင်စင်္ကြာ၏ ကြေညာ ချက်အတွက် ကျေနပ်သည်အထိ ပြန်တောင်းပန်ရန် Forever Group ထုတ်ပြန်

Mizzima

ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်တွင် ဧပြီလ ၅ ရက်က ဖြစ်ပေါ်ခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်ကို Shwe Than Lwin Media Co.,Ltd, Sky Net တို့အပြင် MRTV-4, မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV, 4 DIGITAL တို့မှ မှားယွင်း ထုတ်လွှင့်ခဲ့သည်ဆိုကာ ရွှေစင်စင်္ကြာ ကုမ္ပဏီ၏ နှစ်နာကြေး တောင်းခံမှုသည် မမှန်မကန် တောင်းခံမှုဟုဆိုကာ ပြန်လည်တောင်းပန်ရန် Forever Group Co.,Ltd အကျိုးဆောင်ရှေ့နေများက ထုတ်ပြန်ကြေညာလိုက်သည်။

ယာဉ်နှစ်စီး တိုက်မှုနှင့်ပတ်သက်၍ "Sky Net in house channels, mntv ၏ ပေါ့ဆစွာ မမှန်မကန် သတင်းထုတ်လွှင့်ခြင်းကို Shwe Than Lwin Media Co.,Ltd, Sky Net တို့အပြင် MRTV-4, မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV, 4 DIGITAL တို့ကလည်း မြန်မာနိုင်ငံ တနှံတလျား ထုတ်လွှင့်ပေးခဲ့ကြပါသည်" ဟု ရွှေစင်စင်္ကြာကုမ္ပဏီက ဧပြီလ ၈ ရက်တွင် ကြေညာခဲ့သည်။

ထိုကြေညာချက်ကို Forever Group Co.,Ltd က ပြန်လည်တုန့်ပြန်ရာတွင် "ရွှေစင်စင်္ကြာကုမ္ပဏီ လီမိတက်၏ နို့တစ်စာပါ MRTV-4 နှင့် 4-Digital(4TV) တို့ကလည်း မြန်မာနိုင်ငံ တစ်နံတစ်လျား ထုတ်လွှင့်ပေးခဲ့ကြပါသည်ဟု စွပ်စွဲ ဖေါ်ပြခြင်းသည် လုံးဝ အခြေအမြစ်မရှိသော မှန်ကန်မှုမရှိသော စွပ်စွဲချက်များသာ ဖြစ်ပါသည်" ဟု ဧပြီလ ၂၉ ရက်ထုတ် ကြေးမုံသတင်းစာတွင် ပြန်လည်တုံ့ပြန်ထားသည်။

ထို့အပြင် "Forever Group Co.,Ltd, MRTV-4 နှင့် 4-Digital(4TV) တို့အပေါ် မမှန်မကန် စွပ်စွဲ၍ နစ်နာကြေး တောင်းခံမိပါကြောင်း"ပြန်လည်ရှင်းလင်း တောင်းပန်ရန်လည်း Forever Group Co.,Ltd က တောင်းဆိုထားသည်။ ပျက်ကွက်ပါက တရားစွဲဆိုတောင်းခံမည်ဟုလည်း ဆိုသည်။

ရွှေစင်စင်္ကြာကုမ္ပဏီ လီမိတက်၏ ကြေညာချက်ကြောင့် MRTV-4 နှင့် 4-Digital(4TV) တို့၏ ပုံရိပ်များ အတိုင်းအဆမဲ့ ထိခိုက်နစ်နာစေခြင်း၊ အခပေး ကြည့်ရှုနေမှုများ ယုတ်လျော့စေခြင်း၊ ဂုဏ်သိက္ခာ ကျဆင်းစေခြင်းစသည့် ဆိုးကျိုးများ ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

ရွှေစင်စင်္ကြာ ကုမ္ပဏီ လီမိတက်၏ ကြေညာချက်တွင် မြန်မာ့ရုပ်မြင်သံကြားသည်လည်း ယာဉ်တိုက်မှု သတင်းကို မှားယွင်းထုတ်ပြန်ခဲ့သည်ဟု ပါရှိရာ အဆိုပါ ကြေညာချက်သည် မဟုတ်မှန်ကြောင်း မြန်မာ့ရုပ်မြင်သံကြားက ဧပြီ ၂၅ ရက်က သတင်း ထုတ်ပြန်ခဲ့သေးသည်။

"MRTV News Channel , MRTV Entertainment Channel, တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း (NRC) တို့တွင် ရွှေစင်င်္ကြာ ကုမ္ပဏီလီမိတက်၏ နို့တစ်စာပါ ယာဉ်မတော်တဆမှု သတင်းအား လုံးဝ(လုံးဝ) ဖော်ပြ ထုတ်လွှင့်ခဲ့ခြင်း မရှိပါ" ဟု မြန်မာ့ရုပ်မြင်သံကြား၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ရွှေစင်စင်္ကြာ ကုမ္ပဏီလီမိတက်၏ နို့တစ်စာပါ မမှန်မကန် စွပ်စွဲပြောဆိုမှုအပေါ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် တရားဥပဒေနှင့် အညီ ဖြေရှင်းနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်" ဟု တုန့်ပြန်ထားသည်။

ရွှေစင်စင်္ကြာ ကုမ္ပဏီ လီမိတက်သည် Sky Net in house channels, mntv, Sky Net, Shwe Than Lwin Media Co.,Ltd, MRTV-4, မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV, 4 DIGITAL တို့ကို လျော်ကြေးငွေ သိန်းတစ်သောင်း နှစ်လအတွင်းပေးရန် ဧပြီ ၂၄ ရက်တွင် ထုတ်ပြန် တောင်းဆိုထားသည်။ လိုက်နာရန် ပျက်ကွက်ပါက တရားစွဲဆို တောင်းခံသွားမည်ဟုလည်း ဆိုသည်။

မူစယ်မြို့ မြ၀တီဘဏ် ပစ်ခတ်မှု တရားခံ မဖမ်းမိသေး

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့ စွမ်စော် ရပ်ကွက်ရှိ မြ၀တီ ဘဏ်အား လက်နက် ကိုင်လူ နှစ်ဦးမှ ဝင်ရောက် ပစ်ခတ်သည့် တရားခံအား ယနေတိုင် ဖမ်းမိခြင်း မရှိ သေးကြောင်း သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ အရာရှိ တဦးက ပြောသည်။

ဧပြီလ ၂၄ ရက် နံနက် ၃ နာရီခွဲဝန်းကျင်ခန့်က မူစယ်မြို့လယ် ပြည်ထောင်စုလမ်းမပေါ်ရှိ မြ၀တီဘဏ်အား အမည်မသိလူ၂ ဦးမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အမှောင်ရိပ်မှ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ငယ်ကိုယ်စီကိုင်ဆောင် သူ လူနှစ်ဦးသည် ဘဏ်၏ပင်မ အဆောက်အဦးအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ခတ် မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း အဆောက်အဦးအား ကျည်ဆံ အချက် ၄၀ ကျော် ထိမှန်ခဲ့ကြောင်း မူစယ်မြို့ခံ စိုင်းကျော်ကလည်းပြောပါသည်။

“ဘယ်သူ့လက်ချက်လည်းဆိုတာ ခုချိန်ထိမသိရသေးဘူး။ လူကိုမပစ်ဘဲ အဆောက် အဦးကိုသွားပစ်တယ်ဆိုတော့လည်း စဉ်းစားစရာဘဲ။ တခုခုကိုအသိပေးချင်တာလား အဲလိုမျိုး ယူဆရပါတယ်” ဟု စိုင်းကျော်ကပြောသည်။

လာရောက်ပစ်ခတ်သည့် အကြောင်းရင်းအတိအကျမသိရသေးသော်လည်း ပြီးခဲ့သည့် မတ်ခ်ျ လအတွင်းက မူစယ် မြို့ရှိ မြန်မာ့စီးပွါးရေးဘဏ်၊ အင်းဝ ဘဏ်၊ ယူနိုက်တက် အမရ ပူရ ဘဏ်နှင့် မြ၀တီဘဏ်များသို့ KIA တပ်မဟာ ၄ အမည်ဖြင့် တွေ့ဆုံဆွေးနွေးရန် စာများပေးပို့ခဲ့ ဖူးသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ် ဝင်ထွက်ပေါက်များ၊ စစ်ဆေးရေးဂိတ်၊ မြို့ဝင်အေးရှားဝေါလ်စစ်ဆေးရေးဂိတ်၊ ရွှေလီမြစ် တော်ရွက်နှင့် ဟိုဆောင် လှေဆိပ်များ တွင် ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်လျှက်ရှိနေသည်ဟုလည်း သိရပါသည်။

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့သည် တရုတ် - မြန်မာနယ်စပ် စီးပွားရေးမြို့ဖြစ်သည့် အားလျော်စွာ ရွှေဆိုင်များဝင်ရောက်ပစ်ခတ်မှု လက်ကိုင်ဆောင်ကာ လုယက်မှု များ၊ မှောင်ရိပ်ခို ဒုရိုက်မှုများမကြာခဏဖြစ်ပွားသည့် နယ်စပ်မြို့ဖြစ်သည်။

အလုပ်သမား ပြဿနာေ ဖြေရှင်းရေး စနစ်တကျမဖြစ်သေး


ကျန်းမာရေး အာမခံကို မေလကုန်ပိုင်းတွင် မြန်မာ့ အာမခံလုပ်ငန်းမှ စတင်ရောင်းချမည်

ထက်ထက်အောင်

မြန်မာ့ အာမခံလုပ်ငန်းက ကျန်းမာရေး အာမခံကို မေလကုန်ပိုင်းတွင်စတင် ရောင်းချတော့မည်ဟုမြန်မာ့ အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးစိန်မင်းက ဧပြီ ၂၈ ရက်က ပြောသည်။

၎င်းက "လာမယ့် မေလကုန်ပိုင်း ကျရင်တော့ ကျန်းမာရေး အာမခံကို ရောင်းချနိုင်တော့မှာပါ။ ခုလောလောဆယ်မှာတော့ ပိုပြီး သေချာခိုင်မာမှုတွေ ရှိအောင် လုပ်ဆောင်နေပါတယ်” ဟု ဆိုသည်။

ကျန်းမာရေး အာမခံမူကြမ်း အချောသတ်ပြီးစီးပါက ဇန်နဝါရီ ၁ ရက်တွင် ကျန်းမာရေး အာမခံယူနစ်များကို စတင်ရောင်းချမည်ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြောဆိုမှု ရှိခဲ့သော်လည်း ယခုတိုင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘဲ နှောင့်နှေးနေခြင်း ဖြစ်သည်။

ကျန်းမာရေး အာမခံ ဝယ်ယူရာတွင် ပရီမီယံကြေးကို ကျပ်ငါးသောင်း သတ်မှတ်ထားပြီး ယူနစ်တစ်ခုလျှင် လျော်ကြေးငွေ ကျပ် ၁၀ သိန်း ပေးလျော်မည်ဖြစ်ကာ လူတစ်ဦးလျှင် ငါးယူနစ် အထိ ဝယ်နိုင်သည် ဟုဆိုသည်။

ကျန်းမာရေး အာမခံဝယ်ထားသူများသည် ဝယ်သည့်နေ့မှ တစ်နှစ်အတွင်း ကျန်းမာရေး ထိခိုက်မှု ဖြစ်၍ ဆေးရုံတက်ရပါကဆေးရုံစရိတ်အဖြစ် တစ်နေ့လျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် တစ်လစာကျပ် လေးသိန်းခွဲ အထိ အာမခံလျော်ကြေးငွေအဖြစ် ရရှိမည် ဖြစ်သည်။

အကယ်၍ သေဆုံးခဲ့ပါက ယူနစ်အလိုက် အာမခံ လျော်ကြေးငွေ ရရှိမည်ဖြစ်ပြီး ယင်းငွေထဲမှ ဆေးရုံစရိတ်ကို နုတ်ပယ်၍ ကျန်ငွေကို အာမခံလျော်ကြေးပေးမည် ဖြစ်သည်။ကျန်းမာရေး အာမခံ ဝယ်ယူလိုပါက မြန်မာ့အာမခံ လုပ်ငန်းက သတ်မှတ်ထားသည့် စစ်ဆေးချက်များကို လိုက်နာရမည် ဖြစ်ပြီး အချက်အလက်များကိုလည်း မှန်ကန်စွာ ဖြည့်သွင်းပေးရမည် ဖြစ်ကာ လိမ်ညာဖြည့်သွင်းကြောင်း တွေ့ရှိပါက အာမခံလျော်ကြေးငွေ ဆုံးရှုံးမည် ဖြစ်သည်။

ယင်းကျန်းမာရေး အာမခံ မြန်ဆန်စွာ အကောင်အထည်ဖော်ရန် ၂၀၁၄ ခုနှစ်အတွင်းက နိုင်ငံတော် သမ္မတက တိုက်တွန်းခဲ့သော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက "ဒီအာမခံက ရှုပ်ထွေးတယ်။နိုင်ငံတကာမှာလည်း မအောင်မြင်မှုတွေ ရှိတယ်’’ဟု ပြောခဲ့ဖူးသည်။

မြန်မာအာမခံလုပ်ငန်းက လက်ရှိဆောင်ရွက်နေသော အာမခံအမျိုးအစား ၄၈ မျိုးရှိပြီး ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စ၍ ဒီဇင်ဘာ ၃ ရက်အထိ အာမခံ လျော်ကြေးငွေ စုစုပေါင်း ကျပ်ငွေ ၁,၄၆၂ ဒသမ ၉၉၆ သန်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။

တရုတ် ရေနံကုမ္ပဏီ ဖွံ့ဖြိုးရေး အကူအညီ ရပ်ဆိုင်းမှု မဒေးကျွန်း ဒေသခံများ မကျေနပ်

ကျော်ခ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မဒေးကျွန်း ဒေသခံများကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC)တို့က ပေးအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး အကူအညီများ ရပ်ဆိုင်းနေသဖြင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြောင်း သိရသည်။

ရွှေသဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းကို အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် CNPC နှင့် MOGE တို့က မဒေးကျွန်း ဒေသကို လျှပ်စစ်စွမ်းအင်နှင့် ဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ကူညီခဲ့သော်လည်း လတ် တလော တွင် အကူအညီများ ရပ်ဆိုင်းနေသဖြင့် အခက်ကြုံနေရသည်ဟု မဒေးကျွန်းဒေသခံ တချို့က ဧရာဝတီသို့ ပြောသည်။

ကျောက်ဖြူ မဒေးကျွန်း ဒေသဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က“ဆက်သွယ်ရေး တာဝါတိုင်ရယ်၊ လျှပ်စစ် မီတာဘောက် တပ်ဆင်ဖို့ ကိစ္စရယ် အဲဒါအတွက်ကို ပိုက်ဆံလှူတယ်။ လှူတယ်ဆိုတဲ့ ဆိုင်းဘုတ်ကိုပဲ ဒေသခံတွေက လက်ခံရရှိပြီးတော့ လုပ်ပေး ဖို့ ကတိပေးထားတဲ့ဟာတွေကို ပြီးပြတ်အောင်လုပ်မပေးဘူး”ဟု ပြောပြသည်။

မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမနှင့် ပြိန်ရွာ သုံးရွာက အိမ်ခြေ ၇၀၄ အိမ်အတွက် လျှပ်စစ်နှင့် ဆက်သွယ်ရေး ရရှိရန် အမေရိ ကန် ဒေါ်လာ ၄ သိန်း ၂ သောင်း လှူဒါန်းကြောင်း CNPC နှင့် MOGE တို့က ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အလှူငွေ စာတန်းပါသည့် ဆိုင်းဘုတ်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းမှ တဆင့် ဒေသခံများထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်တာဝါတိုင်မှာ တည်ဆောက်ပြီး ဖြစ်သော်လည်း တယ်လီဖုန်းလိုင်းများ သုံးစွဲမှုအစဉ်မပြေသေးသလို လျှပ်စစ် မီတာဘောက် များမှာလည်း အိမ်တိုင်းစေ့ မရရှိသေးသဖြင့် ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးမှတဆင့် အကြောင်းကြားထားကြောင်း၊ သို့သော် လည်း ထူးခြားမှု မရရှိသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

မဒေးကျွန်းရှိ ကျေးရွာများအတွက် ဖွံ့ဖြိုးရေးအကူအညီများသည် ၆၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ သင်္ကြန် ကာလကြောင့် ရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း၊ လာမည့် မေလထဲတွင် ပြန်လည် စတင်နိုင်ရန် CNPC ကုမ္ပဏီကို အကြောင်းကြား ထားကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ဧရာဝတီသို့ ပြောသည်။

ဦးညီညီလင်းက“ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက CNPC က ငွေရောက်မလာသေးလို့ပါ။ အဲဒီအတွက် ကျနော်တို့ကလည်း MOGE ကနေ CNPC ကို တဆင့်အကြောင်းကြားပြီးမှ CNPC က ပိုက်ဆံချပေးတာပါ။ သင်္ကြန် ပြီးရင်တော့ ပို့လာမယ် ပြောတယ်။ သူတို့ ပို့လာ တာနဲ့ ကျနော်တို့က(လျှပ်စစ် မီတာဘောက်) တပ်ဆင်ပေး လိုက်ရုံပါပဲ”ဟု ပြောသည်။

မဒေးကျွန်းပေါ်က အိမ်ခြေ ၇၀၀ ကျော်အနက် ၅၀၀ ကျော်သည် လျှပ်စစ်မီတာဘောက် တပ်ဆင်ပေးပြီး ဖြစ်ကြောင်း၊ ထို့အပြင် ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသွားသည့် လမ်းကြောင်းပေါ်က မြေယာများ အတွက်လည်း လျော်ကြေးများ ပေးချေပြီး ဖြစ်ကြောင်း ဦးညီညီလင်းက ဆက်လက် ပြောဆိုသည်။

မဒေးကျွန်းဒေသခံများသည် ၄င်းတို့၏ နစ်နာမှုများ အတွက် တစုံတရာ ရရှိရေး ဆန္ဒထုတ်ဖော် တောင်းဆိုမှုများကို ၂၀၁၁ ခုနှစ်မှ စတင် တောင်းဆိုခဲ့ကြသော်လည်း ယနေ့အထိ အောင်မြင်မှု မရှိသေးပေ။

မဒေးကျွန်းပေါ်တွင် တည်ဆောက်ထားသည့် တရုတ် စီမံကိန်းများကြောင့် ဒေသခံ အများစုသည် လယ်ယာမဲ့၊ အလုပ်လက်မဲ့များ ဖြစ်နေကြကြောင်းလည်း ဒေသခံများက ပြောသည်။

မဒေးကျွန်းပေါ်၌ ရေနံပိုက်လိုင်း စီမံကိန်း၊ ဂါလန် သိန်းချီဆံ့သည့် ရေနံစိမ်း သိုလှောင်ကန်ကြီးများ စီမံကိန်းနှင့် နိုင်ငံတကာ ရေနံ တင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းများကို တည်ဆောက်ထားပြီး လုပ်ငန်းများ လည် ပတ် နေပြီ ဖြစ်သည်။

မသန်စွမ်းသူတွေအတွက် သန်းခေါင်စာရင်းရလဒ် ထုတ်ပြန်ခြင်းဆိုင်ရာ ဆွေးနွေး


အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန် အလုပ်ရှင်များနှင့် ထပ်ညှိမည်၊ သဘောမတူပါက စစ်တမ်းကောက်မည်

မောင်သင်တုန်း

ရန်ကုန်တိုင်းဒေသကြီးက အဆိုပြုထားသည့် အနည်းဆုံးအခကြေးငွေ တစ်ရက်လျှင် ကျပ်ငါးထောင် အဆိုပြုချက် အလုပ်ရှင်များနှင့် ဒုတိယအကြိမ် ထပ်မံညှိနှိုင်းပြီး သဘောတူညီမှု မရမှသာ အလုပ်ရှင်များကို စစ်တမ်းကောက်ယူသွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်ရှာဖွေရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

“ဒုတိယအကြိမ်တော့ ထပ်ညှိနှိုင်းဦးမှာပေါ့။ တချို့က နည်းနည်းကလေး လျှော့လိုက်ရင် သဘောတူညီမယ့် အနေအထား ရှိတယ်။ တချို့ကလည်း သုံးထောင်လောက်ဆိုရင် ပေးနိုင်တယ် ဆိုတဲ့ သဘောတွေလည်းရှိတယ်” ဟု အလုပ်သမား အလုပ်အကိုင်ရှာဖွေးရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးမျိုးအောင်က ပြောသည်။

အလုပ်ရှင်များက မဖြစ်နိုင်သည့် တောင်းဆိုမှုများ ပြုလုပ်တာမျိုးလည်းရှိပြီး ဖြစ်နိုင်သည့် တောင်းဆိုးမှုမျိုး တောင်းဆိုလာလျှင် ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။

“အလုပ်ရှင်များကို စစ်တမ်းကောက်ယူရမည်ဆိုလျှင် မလိုလားအပ်တဲ့ အချိန်တွေ ပိုကြာတယ်။ မဖြစ်နိုင်တာတွေ များနေမှာပေါ့။ ဘယ်အချိန်မှ သတ်မှတ်နိုင်တော့မှာလဲ။ အချိန်တော်တော် ကုန်သွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးက အဆိုပြုထားသည့် အနည်းဆုံးအခကြေးငွေသည် မိသားစု၏ တစ်နေ့တာ နေထိုင်စားသောက်စရိတ် တစ်ရက်တာကို စစ်တမ်းကောက်ယူပြီး အဆိုပြုလာခြင်း ဖြစ်သည်ဟု ဆိုသည်။ ညှိနှိုင်းမှုမရရှိပါက အလုပ်သမားများကိုလည်း သီးသန့်စစ်တမ်းများ ကောက်ယူသွားမည်ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

အနည်းဆုံး အခကြေးငွေအတွက် အလုပ်ရှင်များနှင့် ညှိနှိုင်းရာတွင် အလုပ်ရှင်များက အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်နှစ်ထောင်ဖြင့် ဝယ်ယူပေးရန် သို့မဟုတ် စက်ရုံမြေများအတွက် အခမဲ့ပေးရန် တောင်းဆိုမှုများလည်း ရှိသည်ဟု ဆိုသည်။

တိုက်ပွဲများ ဖြစ်နေသော်လည်း ကျောက်တော်တောင် ဘုရားပွဲ လုံခြုံရေး စိုးရိမ်စရာမရှိဟုဆို

မာန်ယုကျော် (ရွှေဝမြေ)

ကျာက်တော်နယ်စပ်နှင့် ပလက်ဝနယ်စပ်အကြားတွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိနေသော်လည်း ဧပြီလ ၂၇ ရက်နေ့တွင် စတင်ကျင်းပမည့် ကျောက်တော်တောင် ဘုရားပွဲအတွက် လုံခြုံရေး စိုးရိမ်စရာမရှိဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ခင်မောင်က နိရဉ္စရာသို့ ပြောသည်။

တိုက်ပွဲများဖြစ်ပွားနေသည့်နေရာမှာ ကျောက်တော်မြို့နှင့် မိုင်ပေါင်း ၂၅ မိုင်ခန့်ကွာဝေးသောကြောင့် ပွဲတော်အတွင်းလုံခြုံရေးကို စိုးရိမ်နေစရာမလိုပါဟု သူက ဆိုသည်။

“ကျနော်တို့ မြို့နယ်ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးအခြေအနေကိုတော့ ပုံမှန်ပဲဆောင်ရွက်နေပါတယ်။ နယ်မြေရှင်းလင်းရေးလည်း ပုံမှန်ပဲဆောင်ရွက်နေပါတယ်။ ဒေသလည်း တည်ငြိမ်အေးချမ်းနေပါတယ်။ ကျောက်တော်မှာ လုံခြုံရေးနဲ့ပတ်သက်လို့ ဘာမှ စိုးရိမ်စရာမရှိပါဘူး”ဟု သူက ဆိုသည်။

သို့သော်လည်း ဒေသခံများ အကြားတွင်မူ ကျောက်တော်မြို့တွင် ကျင်းပမည့် ကျောက်တော်တောင် ဘုရားပွဲ လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ တိုးပွားနေကြသည်ဟု သိရသည်။

“တိုက်ပွဲတွေဖြစ်နေတော့ လုံခြုံရေးစိုးရိမ်တာပေါ့။ သွားတော့ သွားချင်ပါတယ်။ ဒါပေမယ့် သိပ်မသွားရဲဘူး” ဟု ဘုရားပွဲသို့ သွားရောက်ရန်စီစဉ်နေသည့် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာမှ မရီရီမိုးက ပြောသည်။

အဆိုပါပွဲကို ဧပြီလ ၂၇ ရက်မှစတင်ကာ ၃ဝ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်သည်ဟု သိရသည်။ နှစ်စဉ် နှစ်တိုင်း စဉ်လာမပျက် ကျင်းပလာခဲ့သော ကျောက်တော်တောင် ဘုရားပွဲကို ယခုနှစ်တွင်လည်း ခါတိုင်းနှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟုလည်း ပွဲကျင်းပရေးကော်မတီက ကြေညာထားသည်။

“အရင်နှစ်တွေကနဲ့စာရင်တော့ လုံခြုံရေးအခြေအနေကတော့ ပြောလို့မရဘူး။ ဒါပေမယ့် ဘုရားပွဲ လေးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ ကြေညာထားတာပါပဲ”ဟု ကျောက်တော်မြို့ခံ ဦးစောမောင်က ဆိုသည်။

ကျောက်တော်တောင်မှာ သေလာဂီရိဟု အမည်ရပြီး ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဓည၀တီ ရခိုင်ပြည်သို့ ကြွရောက်တော်မှုခဲ့စဉ် ယင်းတောင်ပေါ်တွင် စတင် ရပ်နားတောမူခဲ့သဖြင့် သမိုင်းအရ ထင်ရှားသော တောင်တော်နေရာ တစ်ခု ဖြစ်သည်။

သို့အတွက် ကျောက်တော်တောင် ဘုရားပွဲမှာ သမိုင်းဝင် ဘုရားပွဲတော် တစ်ခု ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အစည်ကားဆုံး ဘုရားပွဲများအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။

သင်္ကြန်ပြီးနောက် ပြည်နယ်တွင်း ပထမဆုံးကျင်းပသည့် ဘုရားပွဲတစ်ခုလည်းဖြစ်သဖြင့် အနယ်နယ် အရပ်ရပ်မှ လာရောက်ဆင်နွှဲသူ အထူးများပြားသည်ဟု သိရသည်။

ပွဲတော်ရက်များအတွင်း ပွဲတော်လာ ရပ်နီးရပ်ဝေးမှ ပရိသတ်များအနေဖြင့် ကစ္ဆပနဒီတံတားအောက်ရှိ ကုလားတန်မြစ်ရေပြင်တွင် လှေ လောင်း၊ သမ္ဗာန်၊ မော်တော်ဘုတ်စသည်များဖြင့် အချင်းချင်း ရေပက်၊ ရေကစားရင်း ပျော်ရွှင်စွာဆင်နွှဲတတ်ကြသည်ဟု သိရသည်။

ယခုနှစ်တွင်ကျင်းပမည့်အဆိုပါပွဲတော်ရက်များအတွင်း ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲ၊ လောင်းပြိုင်ပွဲ၊ ဇာတ်သဘင်ပွဲနှင့်ရခိုင်ရိုးရာရက္ကန်းရက်ပြိုင်ပွဲအပါအဝင် အခြား ပျော်ရွှင်ဖွယ်ကောင်းသည့် ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

လက်ပန်းတောင်း စီမံကိန်းရပ်တန့်ရေး ဆောင်ရွက်သူတွေ လွတ်မြောက်ဖို့ လှုပ်ရှား


မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် တရုတ်ပိုင်နက်သို့ နောက်ထပ်ကျပြန်၊ တရုတ်က ဆန့်ကျင်ကန့်ကွက်

Mizzima

သောင်းကျန်းမှု တိုက်ဖျက်ရေး စစ်ဆင်ရေးများ ပြုလုပ်စဉ် နောက်ထပ်လက်နက်ကြီးကျည်များ တရုတ်ပိုင်နက်သို့ ကျရောက်ပြီးနောက် သူပုန်များနှင့် တိုက်ခိုက်ရာမှ ကျည်များ နယ်စပ်ကို ကျော်၍ မကျရောက်စေရန် မြန်မာနိုင်ငံက အရေးယူ ဆောင်ရွက်ရန် တရုတ်က ဧပြီ ၂၈ ရက်တွင် တောင်းဆိုမှုများ ထပ်မံပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ကိုးကန့်ဒေသတိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာမှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသည်။ ယင်းသို့ ထွက်ပြေးသူ အများအပြားမှာ တရုတ်လူမျိုးများ ဖြစ်သည်။

"မကြာသေးခင်က မြန်မာဘက်က အမြောက်ဆန်ချို့ တရုတ်ဘက်ကို ကျရောက်ခဲ့ပါတယ်။ အဆောက်အအုံပိုင်း ပျက်စီးခဲ့ပြီး ကံကောင်းတာက လူသေဆုံးမှု၊ ဒဏ်ရာရမှု မရှိခဲ့ပါဘူး" ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လေက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်နေ့က အမြောက်ဆန်ကျသည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

တရုတ်က မြန်မာကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ပြီး အလားတူအဖြစ်မျိုး ထပ်မဖြစ်စေရန် တောင်းဆိုခဲ့သည်ဟု ဟောင်က ဆိုသည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို ထိန်းချုပ်ရန် ကြိုးစားမည်ဟု မြန်မာက ပြောကြားခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင်ပင်းသည် မြန်မာအာဏာရပါတီ၏ ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် တနင်္လာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးရှိရန် ထပ်မံတောင်းဆိုခဲ့သည်ဟု ဟောင်က ပြောကြားခဲ့သည်။

နယ်စပ်အခြေအနေ ပုံမှန်ပြန်ဖြစ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများက အမြန်ဆုံး ပြုလုပ်နိုင်မည်ဟု တရုတ်က မျှော်လင့်ကြောင်းလည်းဟောင်က ပြောကြားခဲ့သည်။ ကိုးကန့်ဒေသ၏ အဓိက သူပုန်အုပ်စု MNDAA ကို တရုတ်လူမျိုး တပ်မှူး ဖုန်ကြားရှင်က ဦးဆောင်လျက်ရှိသည်။

ကွတ်ခိုင်-မူဆယ် လမ်းတွင် ဆက်ကြေး ကောက်ခံမှုများရှိနေ

နန်းဆိုင်နွမ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်-မူဆယ် ကားလမ်း၌ ဖြတ်သန်းသွားလာနေသော ယာဉ်များကို ယခုရက်ပိုင်းတွင် လက်နက်ကိုင် တပ်ဖွဲ့တချို့က ဆက်ကြေးငွေ ကောက်ခံနေကြောင်း သိရသည်။

ဆက်ကြေးငွေ ကောက်ခံရာတွင် ခရီးသွားယာဉ်(Express) ကားတစီးလျှင် ၂ သိန်းကျပ်၊ ခရီးသွား ကားငယ် တစီးလျှင် ၅ သောင်း ကျပ်၊ အိမ်သုံးကား တစီးလျှင် ၃ သောင်း နှင့် ကုန်တင်ယာဉ် ၁၂ ဘီး ကားတစီးကို ၅ သိန်းကျပ်ဖြင့် ဆက်ကြေး ကောက်ခံ နေကြောင်း လားရှိုး-မူဆယ်လမ်း ခရီးသည်တင် ယာဉ်မောင်း ဦးကျော်(အမည်လွှဲထားသူ)က ဧရာဝတီကို ပြောသည်။

“သူတို့တွေက လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆက်ကြေး တောင်းနေတယ်။ သူတို့က တနေရာကို အကြာကြီးမနေဘူး။ နာရီဝက်ပဲ နေ တယ်။ ကျနော်တို့လည်း သတင်းကိုစောင့်ပြီး သွားလာနေရတာ။ သူတို့တောင်းတာ မပေးရင် ကားပေါ်ပါတဲ့လူတွေကို ဖမ်းမယ်၊ ကား ကိုလည်း မီးရှို့ပစ်မယ်လို့ ဆက်ကြေး ကောက်တာခံရဖူးတဲ့ ကားသမားတွေဆီက ကြားရတော့ ကြောက်တယ်”ဟုလည်း ၎င်း က ဆိုသည်။

ယနေ့တွင် လားရှိုး-မူဆယ် ကားလမ်း ကွတ်ခိုင်မြို့အနီး၌ လက်နက်ဖြင့် ခြိမ်းခြောက် ဆက်ကြေးကောက်ခံမှု ဖြစ်ပွားခဲ့ပြီး ဆက်ကြေး ကောက်ခံနေသည့် အဖွဲ့သည် ပလောင် လက်နက်ကိုင် တပ်ဖွဲ့ဟု ယူဆရကြောင်း၊ ထိုအဖွဲ့က ဆက်ကြေး ပေးဆောင်သည့် ယာဉ် များကို ဖြတ်ပိုင်းပေးကာ လမ်းတလျှောက် ထပ်မံပြီး မတောင်းခံတော့ကြောင်း သိရသည်။

ထိုသို့ဆက်ကြေးများ ကောက်ခံနေမှုကြောင့် ခရီးသွားပြည်သူများနှင့် ကားသမားများ ထိတ်လန့် စိုးရိမ်မှု ဖြစ်ပွားနေပြီး ကွတ်ခိုင်မြို့ အေးရှားဝေါလ် တိုးလ်ဂိတ်တွင် ခေတ္တခဏ ရပ်နားပြီးနေရကြောင်း လားရှိုး-မူဆယ်လမ်းသို့ ပြေးဆွဲနေသည့် ကားသမားများက ပြော သည်။

“ကွတ်ခိုင်အကျော် နမ့်ဖက်ကာ သွားတဲ့လမ်းမှာ ဆက်ကြေး ကောက်နေတဲ့အတွက် အခု ကွတ်ခိုင်အထွက် အေးရှားဝေါလ် တိုးလ် ဂိတ် မှာ နားနေရတယ်။ ကားတွေ အစီး ၅၀ ကျော်လောက် ရပ်ထားတယ်”ဟု မူဆယ်မြို့သို့ သွားရောက်မည့် ကုန်သည်အမျိုးသမီး က တဦးက ဧရာဝတီကို ပြောသည်။

လက်နက်ကိုင် တပ်ဖွဲ့များသည် ယခုကဲ့သို့ ခရီးသွားယာဉ်များအား ဆက်ကြေး ကောက်ခံခြင်းများ အပါအဝင် ဒေသတွင်းရှိ ကျေးရွာများကို ဆက်ကြေး ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ကွတ်ခိုင်မြို့ ဒေသခံများက ပြောပြသည်။

ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၏ ပြန်ကြားရေး ဒု တာဝန်ခံ တာပန်လက“ကျနော်တို့တပ်တွေ လှုပ်ရှားတဲ့နယ်မြေတွေမှာ ဆက်ကြေး ကောက်ခံတာတွေ ရှိပါတယ်။ ကျနော် တို့က စီးပွားရေးသုံး ကားတွေကိုပဲ ကောက်တာပါ။ ကားတစီးကို အနည်းဆုံး ၁ သောင်းကနေ ၅ သောင်း အထိပဲ ကောက်ပါတယ်။ အိမ်သုံးကားတွေကို မကောက်ပါဘူး။ လက်နက်နဲ့ ခြိမ်းခြောက်ပြီး မပေးရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး မကောက်ပါဘူး”ဟု ဧရာဝတီကို ပြောသည်။

ကောက်ခံရရှိသည့် ဆက်ကြေးငွေများကို ကျေးရွာဖွံ့ဖြိုးရေး အတွက် အသုံးပြုနေကြောင်း၊ လက်နက်များ ဝယ်ယူခြင်း မဟုတ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ထိုသို့ ဆက်ကြေးငွေ ကောက်ခံနေမှုနှင့်ပတ်သက်ပြီး မူဆယ် ခရိုင် ဒုရဲမှူး မြစိန်က ဆက်ကြေး ကောက်နေတယ် ဆိုတာတော့ ကြား မိပါတယ်။ လာတိုင်တာတော့ မရှိဘူး။ သောင်းကျန်းသူတွေနဲ့ ပတ်သက်နေတာကျတော့ အဓိက သူတို့ လှုပ်ရှားတဲ့ နေရာတွေမှာ လုံခြုံရေးယူဖို့က ရဲတခုတည်းနဲ့ မရဘူး။ တပ်မတော်ကနေ အဓိက ပါဝင်ပြီး ဒီလမ်းတလျှောက် လုံခြုံရေးကို ဆောင်ရွက် နေကြပါတယ်။ ကျနော်တို့က မြို့ပေါ် လုံခြုံရေးပဲ အဓိက ဆောင်ရွက် ပေးနိုင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က မူဆယ်မြိုနယ် ခိုခေးကျေးရွာတွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) က မော်တော်ယာဉ်များကို ဆက်ကြေး ကောက်ခံမှုများ ရှိခဲ့ကြောင်း သိရသည်။

ထိုနယ်မြေများတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် KIA ၊ TNLA ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့တို့ လှုပ်ရှားနေကြပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အစိုးရ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်း ၈ ရင်း၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) – ၁ ၊ စကခ – ၁၆၊ တပ်မ – ၇၇၊ တပ်မ – ၈၈ နှင့် တပ်မ – ၅၅ အပါအ၀င် စုစုပေါင်း တပ်ရင်း ၄၇ ခုက နယ်မြေစိုးမိုးရေး ဆောင်ရွက်နေကြကြောင်း TNLA ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မီဒီယာသတင်းပေးမှုကြောင့် တရားမ၀င်သစ် ၁၈၁ တန်ကျော် ဖမ်းမိ


မြင်းခြံ တက္ကသိုလ်တွင် နိုင်ငံတော်အလံအစား ဗ.က.သ အလံ ဝင်စိုက်သည်ဟုဆိုကာ ဗ.က.သ အဖွဲ့ဝင် ကိုဇင်ကိုသန့်အား ဖမ်းဆီး

အောင်ကိုဦး

ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းသည် မြင်းခြံတက္ကသိုလ်အရောက်တွင် တက္ကသိုလ်ဝင်းအတွင်းနိုင်ငံတော်အလံအစား ဗ.က.သ အလံ စိုက်ထူခဲ့သည်ဟု ဆိုကာ ဗ.က.သ အဖွဲ့ဝင် ကိုဇင်ကိုသန့်အား ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ အုန်းချောကျေးရွာ နေအိမ်တွင် ရှိနေစဉ် လာရောက် ဖမ်းဆီးသွားသည်ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသူ ကိုဇင်ကိုသန့်သည် မန္တလေးမြို့ သပိတ်စစ်ကြောင်း စတင်ချီတက်စဉ်ကပင် ပါဝင်ခဲ့ခြင်း မရှိဘဲ မြင်းခြံမြို့ဖြစ်စဉ်တွင်လည်း ပါဝင်ပတ်သက်ခြင်း မရှိဟု ကိုနိုင်ရဲဝေက ဆိုထားသည်။

"ကျွန်တော်တို့ ဗ.က.သ အဖွဲ့ဝင်ဆိုတာတော့ ဟုတ်တယ်။ ဒါပေမယ့် မန္တလေးက စထွက်ကတည်းက သူမပါခဲ့ဘူး။ အလံဖြုတ်ချတဲ့နေရာမှာလည်း မပါဘူး။ အလံတင်တဲ့ နေရာမှာလည်း မပါပါဘူး။ ဒီလို မပါဝင်တဲ့ ကျွန်တော်တို့ အဖွဲ့ဝင်ကို ဖမ်းဆီးတာဟာ ဗ.က.သ ကို တိုက်ရိုက်ခြိမ်းခြောက်တာပဲ။ ပြိုကွဲအောင် လုပ်တာပဲ။ ပါပါ မပါပါ ဖမ်းတယ်ဆိုတဲ့ လုပ်ရပ်ဟာ မင်းတို့သတိထား အချိန်မရွေး ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာပဲ။ ပါဝင်ပတ်သက်သူကို ဖမ်းတာကို လက်သင့်ခံတယ်။ အခုဟာက မပါဘဲ ဖမ်းနေတယ်။ အခုချိန်ထိ ဘယ်မှာထားတယ်ဆိုတာ မသိရဘူး" ဟု ကိုနိုင်ရဲဝေက ပြောသည်။

ဗ.က.သ အဖွဲ့ဝင် ကိုဇင်ကိုသန့်အား အုန်းချောနေအိမ်တွင် အုန်းချောရဲစခန်းက မေးမြန်းရန်ရှိ၍ ခဏလိုက်ခဲ့ဟု ခေါ်ယူ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ကိုဇင်ကိုသန့်၏ အုပ်ထိန်းသူက ဆိုသည်။

"အရပ်ဝတ်နဲ့ လာခေါ်သွားတာပါ။ ခဏလေး မေးစရာလေးရှိလို့ဆိုပြီး ခေါ်သွားနာပါ။ အခုလို ဖမ်းသွားလိမ့်မယ်လို့ မထင်ပါဘူး။ အပြစ်ရှိလို့ ဖမ်းမယ်ဆိုလည်း အုပ်ထိန်းသူကို အကြောင်းကြားဖို့ ကောင်းတယ်။ ပြန်မလာလို့ လိုက်မေးမှ မြင်းခြံးစခန်းက ဖမ်းသွားပြီလို့ပြောတယ်။ ဒီလိုလုပ်ရပ်ကို နားမလည်ဘူး" ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

ထိုသို့ပါဝင်ခြင်းမရှိဘဲ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ရတနာပုံတက္ကသိုလ် ကျောင်းသားအချို့နှင့် ဗ.က.သ အဖွဲ့တို့က ဧပြီလ ၂၈ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ၈၆ လမ်း၊ ၄၀ လမ်းနှင့် ၄၁ လမ်းကြားရှိ တောင်ခွင်မင်းကြီးကျောင်းတိုက်၊ ပါဠိတက္ကသိုလ် ဝါဆိုကျောင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"အဖြစ်မှန်သိအောင် ဒီနေ့ပွဲကို လုပ်တာပဲ။ ဘယ်သူပါတယ် မပါဘူးဆိုတာ သူတို့မှာ အထောက်အထားတွေ ရှိပါတယ်။ အစိုးရသတင်းတပ်ဖွဲ့တွေ ဒီလောက်မညံ့ပါဘူး။ အခုလိုလုပ်ရပ်ကို ဗ.က.သ အဖွဲ့ချုပ်အနေနဲ့ လုံးဝ ရှုတ်ချပါတယ်" ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုသို့ဖမ်းဆီးသွားမှုနှင့် ပတ်သက်၍ အုန်းချောနယ်မြေရဲစခန်းက "ဖမ်းဝရမ်းနဲ့ မြင်းခြံမြို့မ ရဲစခန်းက လာဖမ်းတာပါ။ ကျွန်တော်တို့ သွားခေါ်တာ ဟုတ်ပါတယ်။ အသေးစိတ်ကတော့ မြင်းခြံကို မေးပါ" ဟု ဧပြီ ၂၈ ရက်က တာဝန်ကျ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

မြင်းခြံမြို့ အမှတ် (၁) မြို့မ ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ တာဝန်မှူးက "ကျွန်တော်တို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မသိပါဘူး။ စခန်းမှာ ဖမ်းထားတာလည်း မရှိပါဘူး" ဟု ပြောဆို၍ ဖုန်းချသွားခဲ့သည်။

သို့သော် မြင်းခြံစခန်းမှ တာဝန်ကျနေသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးကမူ "ဇင်ကိုသန့် စခန်းမှာ ဖမ်းထားတာ ရှိပါတယ်။ ဒီနေ့ ညနေပိုင်း မြင်းခြံထောင်ကို ပို့မှာပါ"ဟု မဇ္ဈိမကို အတည်ပြုပြောသည်။

မြင်းခြံမြို့ရှိ ဗ.က.သ အဖွဲ့ဝင်များကလည်း မြင်းခြံထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းနေကြပြီး အချို့မှာလည်း မြင်းခြံမြို့မစခန်း အနီးတွင် စောင့်ကြည့်နေမှုများ ပြုလုပ်နေသည်ဟု ကိုနိုင်ရဲဝေက ပြောသည်။

"ကျွန်တော်တို့ အဖွဲ့ဝင် အချင်းချင်းချိတ်ဆက်ပြီး စောင့်ကြည့်မှုတွေ လုပ်နေပါတယ်" ဟု ၎င်းက ဆက်လက်၍ ပြောသည်။

ရပ်စောက်မြို့တွင် တရားမဝင် သစ်စက်များပြား၊ ဒေသခံများ စုပေါင်း တိုင်ကြား မှုကြောင့် သစ်ထုတ်လုပ်မှု ရပ်ဆိုင်း ထားရ

သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် တရားမဝင် သစ်စက်များကြောင့် မတ်ခ်ျလ ၃၀ ရက်နေ့မှ စ၍ သစ်ထုတ်လုပ်မှု လုပ်ငန်း ရပ်ဆိုင်း ထား ခိုင်းခြင်း ခံရကြောင်း ဒေသခံများက ပြောသည်။

သစ်မှောင်ခိုထုတ်လုပ်မှုမှာ ယခုနှစ်အတွင်း အဆမတန်များပြားလာခြင်းကြောင့် ဒေသတွင်းလူထုက အချက်အလက်များကောက်ယူကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများထံ တိုင်တန်းခဲ့ကြပြီးနောက် ထိုသို့ ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ ရပ်စောက်မြို့နယ်ထဲမှာ သစ်စက်ပေါင်း ၂၀၀ ကျော်ရှိတယ်။ လိုင်စင်နဲ့ တရားဝင်ထုတ်လုပ်ခွင့်ရတဲ့ သစ်စက်ပေါင်း ၁၀ ကျော်ဘဲရှိတယ်။ အဲတာကြောင့် ပြန်လည်စီစစ်ပေးဖို့ တိုင်ကြားရတာဖြစ်တယ်။ ” ဟု ရပ်စောက်မြို့နယ် လူမှုရေးတက်ကြွ လှုပ်ရှား သူ ဦးစိန်ဝင်းထံကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းအား ရပ်စောက်မြို့ဆင်ခြေဖုံးရပ်ကွက်ရှိ သစ်စက်ပိုင်ရှင် ၁၅ ဦးခန့်က သစ်စက်များ ပြန်လည်လည်ပတ်ထုတ်လုပ်ခွင့်ရရှိရေးအတွက် ငွေကြေးဖြင့်လာရောက်ညှိနှိုင်း ဖူးကြောင်း ၎င်းကဤကဲ့သို့ ဆက်လက်ပြောပြသည်။

“ တရားမဝင်နည်းနဲ့သစ်ခိုးထုတ်နေကြတာကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ တင်ပြတာလောက်ဘဲ ကျနော်တို့ လုပ်နိုင်တယ်။ သစ်စက်တွေ လည်ပတ်ခြင်း မလည်ပတ်ခြင်းကိစ္စ ကျနော့်မှာ လုပ်ပိုင်ခွင့် မရှိပါဘူး။”

ပြီးခဲ့သည့်မတ်လ ၂၃ ရက်နေ့ကလည်း သစ်မှောင်ခိုကိစ္စနှင့်ပတ်သက်၍ ကုမ္မဏီတခုအား ဝင်ရောက် စစ်ဆေးရာ ကုမ္မဏီနှင့် ရဲအုပ်အဆင့်ရှိသူတဦးတို့အကြား ထိုးကြိတ်ရိုက်နှက် မှုရှိခဲ့သည်ဟုသိရသည်။

ရပ်စောက်မြို့နယ်တွင် သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ ယခု ၂၀၁၅ ခုနှစ်အတွင်း နှစ်ကြိမ်ရှိဖူးပြီးဖြစ် သည်။ ယခင်နှစ်တွင်လည်း သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူမှုများရှိနေကြောင်း ရပ်စောက်မြို့နယ် စခန်းမှူး သက်နွယ်ဦးက ပြောခဲ့ဖူးသည်။

နီပေါငလျင်ဒုက္ခသည်တွေကို ရွှေ့ပြောင်းမြန်မာလုပ်သားတွေ ထည့်ဝင်ငွေနဲ့ သွားလှူ ဖို့ ကြိုးစား


ဧပြီလ မိုးသီးကြွေခြင်းသည် မိုးကြိုကာလ၏ သဘာဝဖြစ် စဉ်သာဖြစ်

ယုဝေ

ဧပြီလအတွင်း မြို့နယ်အချို့တွင် မိုးသီးကြွေခြင်းသည် ရာသီဥတု ဆိုးဝါးသည့် အနေအထား တစ်ရပ်မဟုတ်ဘဲ မိုးကြိုကာလ၏ သဘာ ၀ဖြစ်စဉ် သာဖြစ်ပြီး ရာသီဥတု ပိုမိုပူပြင်း လာသည့် အတွက် မိုးသီးကြွေခြင်း အပါအ၀င် မိုးထစ်ချုန်း ရွာခြင်း၊လေပြင်း တိုက်ခြင်း များဖြစ်ပေါ်လာ ရခြင်းဖြစ် သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးလှထွန်း ကပြောသည်။

၎င်းက“ဧပြီနဲ့မေက မိုးကြိုကာလဖြစ်တဲ့အတွက် အဲ့ဒီဖြစ် စဉ်တွေဖြစ်ပေါ်နေ တာပါ။ ဒါပေမယ့်နောက်ပိုင်းကျရင် တဖြည်းဖြည်းလျော့နည်း သွားမှာပါ” ဟုပြော သည်။ ဧပြီလ အတွင်းပြည်မြို့ နယ်နှင့် ကယားပြည်နယ် ဖရူးဆိုမြို့နယ်တွင် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်ခဲ့သည် ဟုဒေသခံများက ဆိုသည်။

ပြည်မြို့နယ်ဒေသခံကိုသီဟက“ မိုးသီးကြွေတယ်။ပြည်မှာက မကြွေတာကြာပြီ။ ကျွန်တော် မှတ်မိသလောက် ကျွန်တော်ဆယ်နှစ် သားလောက်က တစ်ခါကြွေ တယ်။ အဲ့တာနောက်ဆုံးပဲ။ ရာသီဥတုတွေပြောင်းလဲလာ လို့ ကြွေတာဖြစ်မယ်။ မိုးသီးကြွေတော့ပြည်က လူတွေကတော့ပျော်ကြ တာပေါ့” ဟုပြောသည်။

မိုးသီးကြွေခြင်းကြောင့်တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီးနိုင်ပြီး မိုးထစ်ချုန်းရွာခြင်းနှင့်လေပြင်း တိုက်ခြင်း တို့ကြောင့်ပြည်သူ လူထုက သတိ ထား သွားလာ သင့်သည်ဟု ၄င်းက ဆိုသည်။

ဧပြီလအတွင်း မိုးကုတ် မြို့နယ် ၊နေပြည်တော် တပ်ကုန်း မြို့နယ်၊ တမူးမြို့နယ် များတွင် မိုးသီးကြွေ ခဲ့ပြီး လွိုင်ကော် မြို့နယ်၊ဘောလခဲ မြို့နယ်၊ မိုင်းဆန်မြို့ နယ်၊နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ တံတားဦးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဟင်္သာတ မြို့နယ်များတွင် မိုးထစ်ချူန်း ရွာခြင်း၊လေပြင်း တိုက်ခြင်း များဖြစ်ပေါ် ခဲ့သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ၏ ထူးခြားမိုးလေ၀သဖြစ်စဉ် စာရင်းဇယား များအရ သိရ သည်။

မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်း ရွာခြင်း၊လေပြင်း တိုက်ခြင်း များဖြစ်ပေါ် ရသည့်ဖြစ်စဉ် မှာနေ့အပူရှိန်မြင့် တက်သည့် ကာလအတွင်း ပူပြင်း သည့်နေရာဒေသ များ၌လေဖိအား နည်းရပ် ၀န်းဖြစ်ပေါ်ရာ မှလေဖိအား များသည့် နေရာများမှ လေအေးများ ၀င်ရောက်လာရာ ယင်းမှ တစ်ဆင့်လေထု မငြိမ်မသက်ဖြစ်ပေါ် ကာ မိုးတိမ်တောင်များ ဖြစ်ထွန်းလာပြီး အဆိုပါဖြစ်စဉ်များဖြစ်ပေါ် လာရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုးသီးကြွေးခြင်း၊ မိုးထစ်ချုန်း ရွာခြင်း၊လေပြင်း တိုက်ခြင်း များသည်မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ၊အရှေ့ပိုင်းနှင့် အားကောင်း လာပါ ကမြန်မာနိုင်ငံ အလယ်ပိုင်း အထိဖြစ်ပေါ် လာနိုင်သည်ဟု ဦးလှထွန်းက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှုဦးစီး ဌာန၏ တရားဝင်ဖေ့ဘွတ် စာမျက်နှာတွင် စစ်ကိုင်း တိုင်းဒေသ ကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့ တွင်(၈)ရက်မှ(၁၂)ရက်ခန့်နှင့်ကျန်တိုင်းဒေသ ကြီးနှင့်ပြည်နယ်တို့တွင်(၁၃)ရက်မှ(၁၆)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည် ဟုရေးသားဖော်ပြ ထားသည်။

ယင်းအပြင် နေ့အပူချိန် အခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသ ကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး ၊ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ တွင်မေလ၏ ပျမ်းမျှ အပူချိန်တို့ထက် ပိုပြီး၊ ကျန် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ တွင်မေလ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိနိုင်ပါသည် ဟုဖော်ပြ ထားသည်။

ဖမ်းထားသည့် ဒေသခံများကို ဥပဒေမဲ့ မပြုလုပ်ရန် ရခိုင်ပါတီ တောင်းဆို

ကျော်ခ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း၌ အစိုးရတပ်မတော်က ဖမ်းဆီးစစ်ဆေးနေသည့် ဒေသခံများကို ဥပဒေမဲ့ လုပ်ဆောင် မှုမျိုး မပြုလုပ်ရန် ရခိုင်အမျိုးသားပါတီ (ANP) က တောင်းဆိုကြောင်း သိရသည်။

ANP ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းနှင့် အဖွဲ့က ကျောက်တော်မြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) – ၉ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင့်သူထံ ဧပြီ ၂၈ ရက်က သွားရောက်တွေ့ဆုံပြီး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မသင်္ကာတဲ့ လူတွေကို သူတို့ (တပ်မတော်)က စစ်ရေးအရ ဖမ်းဆီးထားတာတွေ ရှိတယ်။ အဲဒီလူတွေကို ဥပဒေအရ စစ်တာ ဆေး တာ တော့ လုပ်ပါ။ ကျနော်တို့က စစ်ရေးအရ ဝင်စွက်ဖက်တာ မဟုတ်ဘူး။ လွတ်ကင်းတယ် ဆိုလို့ရှိရင် မြန်မြန်ဆန်ဆန် လွှတ်ပေး ဖို့အကြောင်း ကျနော်တို့ ဆွေးနွေးတာ ဖြစ်ပါတယ်”ဟု ဦးစောငြိမ်းက ဧရာဝတီကို ပြောသည်။

မကြာခင် ရက်ပိုင်းက အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်မှုရှိကြောင်း သံသယဖြင့် ကျောက်တော် ဒေသခံ တချို့အား ဖမ်းဆီးစစ်ဆေးမှုများ ရှိနေသည့်အပေါ် ANP က တောင်းဆိုခြင်း ဖြစ်သည်။

“သဘောတူညီမှုတွေကတော့ ဥပဒေအတိုင်း ဆောင်ရွက်ပါမယ်။ အခုဟာလည်း ဖမ်းဆီးထားတာ မဟုတ်ပါဘူး။ စစ်ဆေးမေးမြန်း တာပဲ ရှိပါတယ်ဆိုတဲ့ အကြောင်းကို ဗိုလ်မှူးကြီး ဝင့်သူက ပြောပါတယ်” ဟု ဦးစောငြိမ်းက ပြန်လည် ပြောဆိုသည်။

လတ်တလော၌ သံသယရှိသူ ဒေသခံ တချို့ကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သော်လည်း ယင်းသို့ လုပ်ဆောင်ရာတွင် ဥပဒေမဲ့ လုပ်ဆောင်မှုမျိုး မရှိသေးကြောင်း၊ တွေ့ဆုံ ဆွေးနွေးရာတွင် သဘောတူညီမှုတချို့ ရရှိခဲ့ကြောင်း သိရသည်။

ကျောက်တော် ဒေသခံများနှင့် ရခိုင်လူမှုကူညီရေး အဖွဲ့များ၏ ပြောဆိုချက်များအရ ဖမ်းဆီးခံထားရသူ ၆၀ ကျော် ရှိနေပြီဟု ပြောဆို နေသော်လည်း ANP ပါတီ ရရှိထားသော စစ်တမ်းများအရ လတ်တလောတွင် ၁၁ ဦးကိုသာ အတည်ပြုနိုင်ကြောင်း ဦးစောငြိမ်းက ဆိုသည်။

ANP ဗဟိုအလုပ်မှုဆောင် ကော်မတီက ယနေ့ရက်စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်ရာတွင် အစိုးရ တပ်မတော်က အပြစ် မဲ့ ပြည်သူများကို သံသယနှင့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ ရှိနေသဖြင့် ဒေသခံပြည်သူများ အထူးပင် စိုးရိမ်နေကြရကြောင်း၊ ဒေသ အာဏာပိုင်များ အနေဖြင့် အပြစ်မဲ့ ပြည်သူများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် တောင်းဆိုထားသည်ကို တွေ့ရ သည်။

ဖမ်းဆီးခံထားရသူ ၁၁ ဦးသည် ကျောက်တော်မြို့နယ် လင့်စင်ရွာသစ်မှ ရခိုင်တိုင်းရင်းသားများ ဖြစ်ကြောင်းသိရှိရပြီး ထိုဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ဝင့်သူကို ဧရာဝတီက တိုက်ရိုက်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ်မှု ရှိနေသူများဟု သံသယ ရှိနေသူများကို အစိုးရတပ်မတော်က တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့် တော တွင်း၌ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသကဲ့သို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကလည်း ကျောက်တော်၊ စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ စသည့် မြို့နယ်များတွင် သတင်းဖြန့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အစိုးရ တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သော ရက္ခိုင့်တပ်မတော်ဘက်မှ တပ်ဖွဲ့ဝင် ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ယခုလ အတွင်း ဖမ်းဆီးထားမိပြီး တပ်ဖွဲ့ဝင်များထံမှ ရရှိခဲ့သော အချက်အလက် တချို့အရ အထက်ပါ မြို့နယ်များ အတွင်း၌ ရခိုင်တပ်ဖွဲ့ဝင်များ ဖြန့်ကျက်လှုပ်ရှားနေကြောင်း သိရသဖြင့် ယခုကဲ့သို့ ရှာဖွေမှုများ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တဦးက ဧရာဝတီကို ပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် အစိုးရ တပ်မတော်တို့ အကြား ကျောက်တော်မြို့နယ် အတွင်း၌ မတ်လ ၂၉ ရက်က စတင်ပြီး တိုက်ပွဲများ ဖြစ် ပွားခဲ့ရာ နှစ်ဘက်တပ်အကြား ဧပြီလ အတွင်း၌ ထိတွေ့တိုက်ပွဲပေါင်း ၁၀ ပွဲကျော် ဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်မတော်က ပြော ဆိုသည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံ ကျေးရွာများမှ ပြည်သူ ၄၀၀ ကျော် ဘေးလွတ်ရာသို့ စစ်ဘေးခိုလှုံ နေကြရကြောင်း သိရသည်။ ရက္ခိုင့်တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သော ဒေသများဖြစ်သည့် လင့်စင်၊ ဝပြန်၊ တောင်ပစီ၊ ကျင်းကြီး၊ လင်ကျီ၊ ပန်းတက်မော်၊ ရပ်ခုန်းတိုင် ကျေးရွာများသို့လည်း အစိုးရ တပ်မတော်က ခရီးသွားလာရေး တင်းကျပ်ထားသဖြင့် ဒေသခံများမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း ရခိုင်စစ်ဘေး ဒုက္ခသည်များကို သွားရောက် အကူအညီပေးနေသည့် ရခိုင်အမျိုးသမီးကွန်ရက် ပြည်နယ် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ရခိုင်တိုက်ပွဲများနှင့် ပတ်သက်ပြီး နှစ်ဘက်တိုက်ပွဲများကြောင့် ရာနှင့်ချီသော ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့်အတွက် အမေရိကန် အနေဖြင့် စိုးရိမ်မိကြောင်း တိုက်ပွဲများ ရပ်ဆိုင်းပြီး အရပ်သားများ ဘေးကင်း လုံခြုံမှုကို အာမခံချက် ပေးနိုင်ရန်နှင့် ဒုက္ခသည်များအတွက် လိုအပ်သော လူသားချင်းစာနာမှု အကူအညီများကို နိုင်ငံတကာ စံနှုန်း များနှင့်အညီ အချိန်မီ ထောက်ပံ့ပေးနိုင်ရန် တောင်းဆိုကြောင်း သတင်းထုတ်ပြန်ချက်ကို ဧပြီ ၂၇ ရက်က ထုတ်ပြန်ထားသည်။

နီပေါငလျင်ဘေး သွားကူညီဖို့ မြန်မာကြက်ခြေနီလုပ်သား ၄ဦး စေလွှတ်မည်


တိုင်းရင်းသား လက်နက်ကိုင် များတွေ့ ဆုံပွဲသို့ ကိုးကန့်တပ်မှ သွားတွေ့မည့်သူ ၂၉ ရက်တွင် ရွေးချယ်မည်၊ RCSS ကမူ ထုတ်ပြန်ပြီ

ဖနိဒါ

'ဝ' ပြည်သွေး စည်းညီညွတ်ရေးတပ်မတော် (UWSA)ဌာနချုပ် ပန်ဆန်းမြို့တွင်ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်မည့် ကိုယ်စားလှယ်များ ရွေးချယ်ရန်အတွက် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) က ဧပြီလ ၂၉ ရက် တရုတ်-မြန်မာနယ်စပ်တစ်နေရာတွင် အစည်းအဝေးတစ်ရပ် ကျင်းပမည် ဖြစ်သည်။

ဝပြည်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပန်ဆန်းမြို့တွင် လာမည့်မေလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း မှခေါင်းဆောင် များ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် MNDAA ကိုယ်စားလှယ် ၃ ဦး ရွေးချယ်မည်ဟု MNDAA ပြောရေးဆို ခွင့်ရှိသူ ဦးထွန်းမြတ်လင်း ကပြောသည်။

“ကျွန်တော်တို့ ဘယ်သူတွေ ဝ ပြည်နယ် အစည်းဝေးကို သွားမလဲ၊ ဘာတွေ ဆွေးနွေး မလဲဆိုတာ မနက်ဖြန်မှ ကျွန်တော်တို့ အစည်းအဝေး ထိုင်ရပါမယ်၊ ဘာကြောင့်ခေါ် ထားလဲဆိုတာ မနက်ဖြန်မှ ဖိတ်စာကို သိရမှာမလို့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးမှာပါ”ဟု MNDAA ပြောရေး ဆိုခွင့်ရှိ သူ ဦးထွန်းမြတ်လင်းက မဇ္ဈိမ ကိုပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA)ကမူ တွေ့ဆုံပွဲသို့ သွားရောက်မည့်သူများကို ဧပြီ ၂၈ရက်က ထုတ်ပြန် လိုက် သည်။

RCSSမှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စိုင်းရီ၊ ဒု-အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ကွဏ်းစင့်၊ အဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်မှူး တင်းခေး၊ စိုင်းစံအေး၊ စိုင်းမြမောင်၊ စိုင်းခမ်းစန်တို့ ခုနှစ်ဦး သွားရောက်မည်ဟု ထုတ်ပြန်လိုက်သည်။

တွေ့ဆုံပွဲတွင် RCSSက ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ ကိုနိုင်ငံတော်နှင့် သက်ဆိုင်သူများ၊ နိုင်ငံရေးပါတီများ၊ လူမှုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင် ရွက်ရန် ရည်ရွယ်ကာ တက်ရောက်ခြင်းဖြစ်သည်ဟု RCSSက ဆိုထားသည်။

"အဓိကတော့ ငြိမ်းချမ်းရေး၊ အမျိုးပြန်လည် သင့်မြတ်ရေးကိစ္စရပ်အပေါ်။ နောက်ပြီးတော့ UPWC နဲ့ NCCT ဆွေးနွေးပြီးတော့ NCA မူကြမ်းကို လက်မှတ်ရေး ထိုးပြီးတဲ့အကြောင်း အများကြီးသဘောထားတွေ သိရှိအောင် သွားပြီးဆွေးနွေးပွဲ တက်ရောက်တာဖြစ်ပါတယ်" ဟု RCSSမှ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက မဇ္ဈိမ ကိုပြောထားသည်။

UWSA က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ကိုတစ်ဖွဲ့လျှင် ကိုယ်စားလှယ် သုံးဦးတက်ရောက်နိုင်ကြောင်း ဖိတ်ကြား ထားခြင်းဖြစ်သည်။ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) က ဥက္ကဌ၊ ဒုဥက္ကဌနှင့် စစ်ဦးစီးချုပ် သုံးဦး တက်ရောက်မည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲသို့ အစိုးရ စစ်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေသော MNDAA၊ တအာင်းတပ်မတော် (TNLA) နှင့် ရခိုင်တပ်မတော် (AA) အဖွဲ့အား အစိုးရဘက် ဖိတ်ခေါ်ခြင်း မပြုရန် ပြောဆိုမှုများ ရှိသော်လည်း UWSA က ဖိတ်ခေါ်ထားသဖြင့် ထိုအဖွဲ့ သုံးဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် မည်ဖြစ်ကြောင်း သိရ သည်။

ဦးဖုန်ကြားရှင် ဦးဆောင်သော MNDAA တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ် အရာရှိများ ကျဆုံးမှုများ ရှိသလို၊ ကိုးကန့် တပ်ဖွဲ့များဘက်မှလည်း ကျဆုံးမှုများ ရှိနေသည်။

မန်းစည်ပင် ရွေးကောက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း

ဖိုးစမ်းချောင်း (GG)

လာမည့် မေ ၃ ရက်နေ့တွင် မန်းစည်ပင်ကော်မတီဝင် ရွေးကောက်ပွဲအား မန္တလေးမြို့၊ စည်ပင်သာယာရေး နယ်နမိတ် အပိုင်ဖြစ်သော မြို့နယ် ၆ မြို့နယ် အနက် ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ အမရပူရ မြို့နယ်များတွင် မဲရုံ ၂၀၀ ခန့်ဖွင့်လှစ်ကာ ကျင်းပတော့မည် ဖြစ်သည်။ အောင်မြေသာစံနှင့် မဟာအောင်မြေ မြို့နယ် များတွင်မူ လက်ရှိ အခြေအနေ အရ ကျင်းပနိုင်မည် မဟုတ်ပေ။

အဘယ့်ကြောင့် ဆိုသော် အောင်မြေသာစံ မြို့နယ်တွင် ဥပဒေအရ သက်မှတ်ချက်နှင့် ပြည့်စုံသည့် ကိုယ်စားလှယ် လောင်း မရှိခြင်း၊ မဟာအောင်မြေ မြို့နယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် တဦးသာ ရှိခြင်း တို့ကြောင့် ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် ၄ ခုတွင် ကိုယ်စားလှယ်များကို အားရပါးရ ရွေးချယ်လိုက်မည် ဟုလည်း မမျှော်လင့်ပါနှင့်။ ချမ်းအေးသာစံတွင် ကိုယ်စားလှယ်လောင်း ၄ ဦး၊အမရပူရတွင် ၃ ဦး၊ ချမ်းမြသာစည်တွင် ၂ ဦး၊ ပြည်ကြီးတံခွန်တွင် ၂ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၂ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး တမြို့နယ်လျှင် တဦးနှုန်းဖြင့်သာ ရွေးချယ်ပေးရမည် ဖြစ်ပါသည်။ ကိုယ်စားလှယ်လောင်း အဘယ့်ကြောင့် နည်းနေပါသနည်း။

ထိုအဖြေကို သိချင်လျှင်တော့ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်မှ ရေးဆွဲပြဋ္ဌာန်းလိုက်သော မန္တလေးမြို့တော် စည်ပင် သာယာရေး ဥပဒေစာအုပ်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ နည်းဥပဒေများ ဆိုသည့် စာအုပ်နှစ်အုပ်ကို ဖတ်ရှုရန် လိုလာပါတော့သည်။ ခေါင်းရှုပ် မခံပါနှင့်။ ဆက်လက် ရှင်းပြ ပေးပါမည်။

စည်ပင်ကိုယ်စားလှယ်လောင်း ဘာလို့ အရေးကြီးတာလဲ

လွပ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၅၅တွင် မန္တလေး မြူနီစပယ် အဖွဲ့အစည်း တည်ရှိခဲ့ပြီး မြူနီစပယ် ဥပဒေ ရှိခဲ့ဖူးသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက်၊ ၁၉၉၂ ခုနှစ် တွင်မူ မန္တလေးမြို့ စည်ပင်သာယာရေး ဥပဒေကို ပြဋ္ဌာန်းပြီး စည်ပင်သာယာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့သော်လည်း ကော်မတီဝင် များကို အစိုးရက ဗဟိုဦးစီးစနစ်ဖြင့် တိုက်ရိုက်ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းနောက် ၂၃ နှစ် အကြာ၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် နှောင်းပိုင်းတွင်မှ မန်း ပြည်သူများ အနေဖြင့် စည်ပင် ကော်မတီဝင်များကို ပထမဦးဆုံး ရွေးချယ်ခွင့် ရလာခြင်း ဖြစ်သည်။

ပထမဦးစွာ မန္တလေးစည် ပင်သာယာ၏ ဖွဲ့စည်းပုံကို အကြမ်းဖျဉ်း ဖော်ပြရလျှင် ဥက္ကဋ္ဌ အဖြစ် မြို့တော်ဝန်က တာဝန် ယူသည်။ သူ့အောက်တွင် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ ရှိသည်။ ၎င်းတို့အောက်တွင် ဌာနမှူး ၁၄ ဦး တာဝန်ယူ သော ဌာန ၁၄ ခုဖြင့် အဆင့်ဆင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မြို့တော်ဝန်မှ လွဲ၍ ကျန်သည့် သူများသည် ပြည်သူများ က ရွေးချယ် တင်မြှောက်ထားသူများ မဟုတ်ဘဲ အစိုးရအဖွဲ့က တိုက်ရိုက် ခန့်အပ် တာဝန်ပေးထား သူများ ဖြစ်သည်။

လာမည့် မေ ၃ ရက်နေ့တွင် တမြို့နယ်လျှင် တဦးနှုန်းဖြင့် ကိုယ်စားလှယ် ၆ ဦး ရွေးပြီးနောက် အဆိုပါ ၆ ဦးထဲမှ တဦးအား ဒုတိယမြို့တော်ဝန် အဖြစ် ရွေးချယ်မည် ဖြစ်သည်။ ကော်မတီအား ၁၃ ဦး (သို့မဟုတ်) ၁၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ပြီး ကော်မတီ သက်တမ်းမှာ ၅ နှစ် ဖြစ်ပါသည်။

မန္တလေးမြို့ အကျိုးစီးပွားကို အမှန်တကယ် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များ ကော်မတီဝင်ထဲ ရောက်သွားဖို့ရာ လိုအပ်လှသည့် အတွက် ကော်မတီဝင် ဆိုသည့် ဂုဏ်ကို မက်မော၍ ဝင်ပြိုင်မည့်သူများ၊ လက်ညှိုးထောင် ခေါင်းညိမ့်များ၊ မလုပ် မရှုတ် မပြုတ်များ၊ ပိုက်ဆံသာ ရှိ၍ ပညာ မရှိသော၊ ပြည်သူကို လှည့်မကြည့်သောသူများ အစား အများအတွက် အတိုက်အခံ လုပ်ကာ အမိုက်ခံလုပ်ဆောင်မည့် သူများကိုသာ ကော်မတီဝင် လောင်းများ အဖြစ် မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး လွန်စွာ အရေးကြီးပါသည်။

အဘယ့်ကြောင့် ပါနည်း။ မန္တလေးမြို့ဖွံ့ဖြိုး တိုးတက်ရေး အတွက် ယခုကော်မတီဝင်များ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါလာပြီ ဖြစ်သည်။၂၀၁၀၊၂၀၁၂ ခုနှစ် ရွေးကောက်ပွဲများတွင် ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးမည် ဟု ကတိပေးပြီး မဲများရယူကာ လွှတ်တော်ထဲတွင် လစာအခန့်သား ယူကာ အိပ်ငိုက်နေသည့် အမတ်များကို မဲပေးခဲ့ မိသည့် ဖြစ်ရပ်ကို ပြန် သတိရစေချင်ပါသည်။

ယှဉ်ပြိုင်မည့်သူ ဘာလို့ နည်းရတာလဲ

ဝင်ရောက်ယှဉ်ပြိုင်သူ နည်းပါးခြင်းမှာ ရှင်းပါသည်။ စည်ပင် ကော်မတီဝင်လောင်းများ၏ အရည်အချင်း သက်မှတ်ချက် များသည် လွှတ်တော် ကိုယ်စားလှယ်၏ အရည်အချင်း သက်မှတ်ချက်ထက်ပင် မြင့်မားနေပါသည်။

အသက် ၂၅ နှစ် ပြည့်ပြီးသူ၊ နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသူများသည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံနိုင်ပါသည်။ ဥပဒေများ ရေးဆွဲရမည့် လွှတ်တော်ကိုယ်စားလှယ်များ အတွက်ပင် ပညာ အရည်အချင်း ကန့်သတ်ချက် ထည့်သွင်း မထားသော်လည်း စည်ပင်ကော်မတီဝင်လောင်း အတွက်မူ အသက် ၃၀ ပြည့်ပြီး ဖြစ်ရမည်။ အစိုးရနှင့် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည် ဆိုသည့် အချက်များ ပါဝင်နေပါသည်။ ထိုမျှသာမက မိမိကိုယ်တိုင်၊ သို့မဟုတ် မိမိ၏ ဇနီးခင်ပွန်း တဦးဦး အမည်ပေါက်လျက် ပိုင်ဆိုင်ထားခဲ့သော မြေနှင့် အိမ်တွင် နေထိုင်လျက်ရှိသူ ဖြစ်ရမည် ဆိုသည့် အချက်ကိုပါ ထည့်သွင်းထား ပါသည်။

အကယ်၍များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမည် ဆိုလျှင် စည်ပင်ဥပဒေလေး ပြကာ အန်တီများ စည်ပင် ကိုယ်စားလှယ်လောင်း ဝင်ပြိုင်ဖြစ်ခဲ့မယ် ဆိုရင် ဒီသက်မှတ်ချက်တွေနဲ့ ကိုက်ညီရဲ့လား ခင်ဗျာ၊ ယခု အန်တီ နေထိုင်နေတဲ့ အိမ်ကရော အန်တီ့နာမည် ပေါက်ရဲ့လား ခင်ဗျာ ဟုပင် မေးလိုက်ချင်ပါသေးသည်။ အန်တီကတော့ ပြုံးကြည့်နေမည် ထင်ပါသည်။

မန္တလေး ဦးကျားကြီးဝင်းမီး အကြီးအကျယ်လောင်ပြီးနောက် မန္တလေးမြို့ခံ အများစုမှာ စီးပွားရေး နလန်ထူရန် မနည်းပင် ရုန်းကန်ခဲ့ရပါသည်။ အရှေ့မြောက် ဒေသတိုင်းရင်းသားများ အုံနှင့် ကျင်းနှင့် ဝင်ရောက်လာသည့် အခါ အိမ်ခြံမြေ ဈေးများ အဆမတန် မြင့်တက်သွားပြီးနောက် ယခု ကာလတွင် မန္တလေးမြို့ခံ လူအများစုမှာ ကိုယ်ပိုင် အမည် ဂရန်ပေါက် မြေကွက်များတွင် နေထိုင်နိုင်သူ တော်တော်ပင် ရှားပါးသွား ပါသည်။

အများစုမှာ မိဘအမည်ပေါက် ဂရန်မြေကွက်များတွင် မောင်နှမများ ခွဲခြမ်းစိတ်ဖြာ နေထိုင်နေရခြင်း ဖြစ်သည့် အတွက် ဂရန်အမည် ဖောက်ရန် ခဲယဉ်းလှပါသည်။ ဂရန်အမည်ပေါက်သည့် သူများမှာလည်း သက်ကြီးပိုင်း ရောက်နေပြီ ဖြစ်သည်။ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် လုပ်နိုင်ကိုင်နိုင်သည့် အရွယ်ဖြစ်သော အသက် ၃၀ မှ ၆၀ အကြား မြို့ခံများတွင် ဂရန်အမည်ပေါက် အိမ်နှင့်မြေ ပိုင်ဆိုင်သူ တော်တော်ရှားပါသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မန္တလေးမြို့နယ် ၆ မြို့နယ်တွင် လူဦးရေ ၁.၃ သန်း ဝန်းကျင် အခြေချနေထိုင်လျက် ရှိပါလျက်နှင့် ဝင်ရောက် ယှဉ်ပြိုင်သူ နည်းပါးခြင်းမှာ ဂရန်အမည်ပေါက် ပိုင်ဆိုင်ရမည် ဆိုသည့် ကန့်သက်ချက်သည် အဓိက နည်းပါးစေသည့် အချက် ဖြစ်နိုင်ပါသည်။ မန္တလေးတိုင်းအတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ ရေးဆွဲထားသည့် စည်ပင်သာယာ ဥပဒေတွင် ယင်းကန့်သက်ချက်ကို ထည့်သွင်းရေးဆွဲခဲ့ခြင်းအား မန္တလေးမြို့ အကြောင်းကောင်းကောင်းသိသော မြို့ခံ လွှတ်တော် ကိုယ်စားလှယ်များ အဘယ့်ကြောင့် ထောက်ခံခဲ့ကြပါ သနည်း။

ပယ်ချနှုန်းလည်း များပါသည်

ပထမဦးစွာ အမည်စာရင်း တင်သွင်းသည့် ကော်မတီဝင်လောင်းများအား ပယ်ချသည့်နှုန်းကို ရန်ကုန်မြို့နှင့် နှိုင်းယှဉ် ဖော်ပြလို ပါသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ၂၇ ရက်နေ့က ရန်ကုန်မြို့၊ မြို့နယ် ၃၃ မြို့နယ်တွင်ကျင်းပသည့် စည်ပင် ကိုယ်စားလှယ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းသူ ကော်မတီဝင်လောင်း ၃၀၅ ဦး ရှိခဲ့ပြီး သက်မှတ်အရည်အချင်း မပြည့်မီ ဆိုသည့်အကြောင်းပြချက်နှင့် ပယ်ချခံရသူ ၇ ဦးသာ ရှိခဲ့ပါသည်။ မန္တလေးမြို့၊ ၆ မြို့နယ်တွင်မူ ဝင်ရောက်ယှဉ်ပြိုင်သူ ၂၁ ဦး ရှိခဲ့ပြီး သက်မှတ် အရည်အချင်း မပြည့်မီ ဟု ဆိုကာ ပယ်ချခံရသူ အရေအတွက် ၉ ဦး အထိ ရှိခဲ့ပါသည်။

ရာခိုင်နှုန်းဖြင့် အချိုးချကြည့်လျှင် ရန်ကုန်တွင် ကော်မတီဝင်လောင်း ပယ်ချသည့် နှုန်းမှာ ၂ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိပြီး၊ မန္တလေးတွင်မူ ၄၂ ဒသမ ၈၆ ရာခိုင်နှုန်း ရှိသည့် အတွက် မန္တလေး၏ ပယ်ချနှုန်းမှာ ရန်ကုန်မြို့ထက် ၁၉ ဆနီးပါး မြင့်တက် နေပါသည်။ မန္တလေးမြို့တွင် ကော်မတီဝင်လောင်း အဖြစ် ယှဉ်ပြိုင်ရန် ပယ်ချခံရသူများက ပြန်လည် စိစစ်ပေးရန် တင်ပြခဲ့ရာ ၁ ဦးကိုသာ ပြန်လည် လက်ခံခဲ့ပါသည်။ ရန်ကုန်မြို့တွင်မူ ပယ်ချခံရသူ ၇ ဦး အနက် ၂ ဦးကို ပြန်လည် လက်ခံပေးခဲ့ခြင်း ဖြစ်သည်။

ဖြည့်စွက် ပြောရလျှင် ပြဋ္ဌာန်းထားသည့် အချက်များနှင့် ကိုက်ညီသော်လည်း ကော်မတီဝင်လောင်း အဖြစ် ဝင်ရောက် အရွေးမခံသူများအား ခင်ဗျားတို့မှာ စီးပွားရေးလည်း ပြည့်စုံတယ်၊ မြို့အရေးကိစ္စကိုလည်း စိတ်ဝင်စားတယ်၊ အဲဒါကို ဘာလို့ ကော်မတီဝင် ရွေးကောက်ပွဲ မဝင်တာလဲ ခင်ဗျာ ဟု မေးကြည့်ခဲ့ပါသည်။

သူတို့က စည်ပင်ဥပဒေ အခန်း ၅၊ ကော်မတီဝင်များ ခန့်အပ်ခြင်း ဆိုသည့် အပိုင်းကို လက်ညှိုး ထိုးပြပါသည်။ ယင်း စည်ပင် ဥပဒေ အခန်း ၅ တွင် အစိုးရအဖွဲ့သည် ဥက္ကဋ္ဌမှအပ ကော်မတီဝင် တဦးဦးသည် လုပ်ငန်းတာဝန်များမှ အားလုံးကို ဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ထမ်းဆောင်ရန် ပျက်ကွက်ခဲ့လျှင်၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုခဲ့လျှင် ဖြစ်စေ၊ စုံစမ်း စစ်ဆေးပြီးနောက် ပေါ်ပေါက်ပါက ၎င်းကော်မတီဝင်အား ရာထူးမှ ထုတ်ပယ်သည့် အမိန့်ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။

ဤမှ မကသေးပါ။ စည်ပင် ဥက္ကဋ္ဌမှအပ ကော်မတီတရပ်လုံးအားလည်း ဖျက်သိမ်းသည့် အမိန့် ချမှတ်နိုင်ပါသေးသည်။ နောက်ဆုံးပိတ် ကတော့ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည် တဲ့။ လုပ်ငန်း လုပ်ကိုင်ရာတွင် မည်သူမဆို အမှားအယွင်း ရှိနိုင်ပါသည်။

ရံဖန်ရံခါတွင် အစိုးရအဖွဲ့နှင့် အတိုက်အခံ လုပ်ရသည့်အခါမျိုးလည်း ရှိနိုင်ပါသည်။ လူကြီးများ အကြိုက် လက်ညှိုးထောင် ခေါင်းညိတ် မလုပ်ဘဲ ပြည်သူများ အတွက် အမုန်းခံ ရပ်တည် လုပ်ဆောင်လျှင် အငြိုးထားပြီး အမှားအယွင်း အနည်းငယ်ကို ထောက်ပြကာ ကော်မတီဝင်အဖြစ်မှ ထုတ်ပယ်ခံရနိုင်ခြေ ရှိသည့် အတွက် လက်ရှိ ကိုယ်ပိုင် စီးပွားရေး လုပ်ဆောင်နေသည့် စီးပွားရေး သမားများ၊ နိုင်ငံရေးကို စိတ်ဝင်စားသည့် မြို့ခံများ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားမှု နည်းပါးခြင်းလည်း ဖြစ်နိုင်ပါသည်။ ကော်မတီဝင် လောင်းများ ကိုသာ တင်းကျပ်ထားသည် မဟုတ်ပါ။ ကော်မတီဝင်များကို ရွေးချယ်မဲ ပေးမည့် ပြည်သူများ အတွက်လည်း လုပ်ငန်းစဉ် အဆင့်ဆင့် ဖြစ်ပါသည်။

မဲပေးမည့် နေ့မှာ ဖုတ်ဖက်ခါ ထပြီး ပေး၍ မရပါ။ ဝီရိယ စိုက်ထုတ်ရမည် ဖြစ်ပါသည်။ အိမ်ထောင်စု တစုတွင် လူတဦးသာ မဲပေးခွင့် ရမည့် စည်ပင် ရွေးကောက်ပွဲတွင် မဲပေးမည့်သူ သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားကာ ၂၀၁၅ ခုနှစ် မန္တလေးမြို့တော်၊ စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်တင်မြှောက်ရေး မဲစာရင်းတွင် အမည်စာရင်း ထည့်သွင်းပေးပါရန် တောင်းဆိုလွှာဟု ရေးထိုး ထားသည့် လျှောက်လွှာ စာရွက်နှစ်ရွက် အပေါ်တွင် တောင်းဆိုသူအမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်၊ အဘအမည်၊ နေရပ်လိပ်စာများ ရေးထိုးကာ မဲစာရင်းတွင် ပါဝင်နိုင်ရန် အရည်အချင်းနှင့် ပြည့်စုံသူ ဖြစ်ပါကြောင်း၊ အထောက် အထား သက်သေများ ရှိပါကြောင်း တင်ပြကာ အထက်ပါအချက်အားလုံးမှန်ကန်ပါကြောင်း ဝန်ခံချက် လက်မှတ် ရေးထိုးရဦးမည် ဖြစ်သည်။

မပြီးသေးပါ။ အုပ်ချုပ်ရေးမှူးက မှန်ကန်ကြောင်း အတည်ပြု လက်မှတ်ရေးထိုးသည် ဆိုသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှ မတ်လ ၃ ရက်နေ့တွင် မဲပေးခွင့် ရရှိမည် ဖြစ်ပါသည်။ ပြည်သူများ လိုလိုလားလား မဲပေးချင်အောင် စည်းရုံး လုပ်ဆောင်နေတာလား၊ မဲမပေးချင်အောင် အဆင့်ဆင့်ကြပ်နေကြ တာလား ဟု မေးခွန်း ထုတ်လိုက်ချင်ပါသည်။

မည်သို့ပင် ဆိုစေ ယခင်က တဦးတယောက်တည်း ညွှန်ကြားမှုဖြင့် လုပ်ဆောင်နေ ကြသော စည်ပင်သာယာ အဖွဲ့တွင် ပြည်သူများ တင်မြှောက်လိုက်သော ကိုယ်စားလှယ်များ ယခုကဲ့သို့ ပါဝင်ဆောင်ရွက်ခွင့် ရလာသည်နှင့် နှိုင်းယှဉ်လျှင် ကြိုဆိုရမည့် ကိစ္စ၊ ဝမ်းသာရမည့် ကိစ္စသာ ဖြစ်ပါသည်။

ရန်ကုန်မြို့တွင် စည်ပင်ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပါပြီ။ မန္တလေးမြို့တွင်လည်း မကြာမီ ကျင်းပတော့မည် ဖြစ်ပါသည်။ နောင် အစိုးရသက်တမ်းတွင် နောက်တကြိမ် ကျင်းပမည့် စည်ပင်ကော်မတီဝင် ရွေးကောက်ပွဲတွင် တခြားတခြားသော မြို့ကြီးများတွင် ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲများ အတွက် တာဝန်ရှိသူများအနေဖြင့် အများပြည်သူ တခဲနက် ပါဝင်ယှဉ်ပြိုင်နိုင်သော အခင်းအကျင်းများ၊ ဥပဒေများ၊ ဖြေလျှော့မှုများ ပြဋ္ဌာန်း လုပ်ဆောင် ပေးနိုင်မှသာ ဒီမိုကရေစီ အစိုးရ ပီသပါလိမ့်မည်။

ဖြေသာစရာ တခုတော့ ရှိပါသည်။ ယခု ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်များ၏သက်တမ်းမှာ ယခုအစိုးရ၏ သက်တမ်းနှင့် တူတူဖြစ်ပါသည်။ တာဝန်ထမ်းဆောင်ချိန် ၁၀ လ ဝန်းကျင်သာ ရှိတော့သည့် အတွက် မဲပေးမှားခဲ့လျှင် လည်း ၁၀ လ အကြာတွင် ပြန်လည်ပြင်ဆင်နိုင်သည့် အခွင့်အရေး တခုတော့ ကျန်ရှိပါသေးသည်။ ။

ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားများ ရုံးထုတ်မြင်ကွင်း ၂


၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျပ် ၁၉၆ ဘီလီယံကျော် လျာထား

သီဟကိုကို

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျပ် သန်းပေါင်း ၁၉၆,၇၈၁ (ကျပ် ၁၉၆ ဘီလီယံ) လျာထားသည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါဌာနမှ နေပြည်တော် ကောင်စီနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ရဒေသများ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လမ်း၊ တံတား၊ ရေ၊ မီး၊ ကျေးလက်အိမ်ရာနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများ အကောင်အထည်ဖော်သွားရန်အတွက် ကျပ် ၁၉၆ ဘီလီယံကျော် သုံးစွဲရန် လျာထားခြင်း ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် စစ်ကိုင်းဒေသကြီးတွင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကျပ် ၂၆,၈၂၇ သန်း ဖြင့် အများဆုံး လျာထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကျပ်သန်း ၂,၀၀၀ ကျော် စီ သုံးစွဲရန် လျာထားသည်။

နေပြည်တောင်ကောင်စီနယ်မြေတွင် ကျပ်သန်း ၅,၇၀၀ ကျော်၊ ရန်ကုန်တိုင်းတွင် ကျပ်သန်း ၇,၇၀၀ ကျော်၊ မန္တလေးတိုင်တွင် ကျပ်သန်း နှစ်သောင်းကျော် သုံးစွဲရန်လျာထားပြီး ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကြေးပိုမိုသုံးစွဲ သွားမည်ဖြစ်သည်။

ထို့အတူ ပြည်နယ်များအနက် ရှမ်းပြည်နယ်၌ ကျပ်သန်း ၁၅,၀၀၀ ကျော်၊ ရခိုင်ပြည်နယ်၌ ကျပ်သန်း ၁၃,၀၀၀ ကျော်သုံးစွဲရန်လျာထားပြီး ဖွံ့ဖြိုးမှုနည်းပါးသည့် ချင်းပြည်နယ်၌ ကျပ်သန်း ၅,၀၀၀ ကျော်၊ ကယား ပြည်နယ်တွင် ကျပ်သန်း ၄,၅၀၀ ကျော် သုံးစွဲသွားမည်ဟု ထုတ်ပြန်ထားသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်နိုင်ငံတို့၏ ထောက်ပံ့ငွေများဖြင့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှစ်ရှည်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

ဘားအံမြို့နယ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွား

နော်နိုရင်း

ကရင်ပြည်နယ် ဘားအံမြို့နယ် ဖိုးရှိုးရပ်ကွက်အတွင်းရှိ သဘာဝဓာတ်ငွေ့ ထိန်း၊ ဖြန့် စခန်းဝင်းအတွင်း ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ ပိုက်တွင်း လက်ကျန် သဘာဝဓာတ်ငွေ့တွေကို ရှင်းနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဂက်စ်လိုင်းထဲမှာ ဂက်စ်အကျန်ကို ရှင်းတာပေါ့။ ဘယ်လိုရှင်းလဲဆိုရင် မီးရှို့ပြီးတော့ ရှင်းထုတ်တာ။ ခါတိုင်းလည်း ဒီလိုပုံစံပဲ သူက မီးရှို့ပြီး ရှင်းထုတ်တယ်။ အဲတော့ ရှင်းရင်းနဲ့ မီးကအထဲကို ပြန့်ဝင်ပြီး ပေါက်တဲ့သဘောဖြစ်သွားတာ။”

ပေါက်ကွဲမှုဖြစ်တဲ့ပိုက်လိုင်းက ဂက်စ်တွေကို ခေတ္တ ဖြတ်ထားပြီး အဲဒီပိုက်လုံးအတွင်း ဂက်စ်တွေပြန်သွင်းမှာဖြစ်လို့ သန့်ရှင်းရေးလုပ်ချိန်မှာ ပေါက်ကွဲခဲ့တာလို့လည်း ပြောပါတယ်။


ပေါက်ကွဲမှုကြောင့် ပိုက်လိုင်း ပျက်စီးသွားခဲ့ပေမယ့် တခြား သေကျေပျက်စီးမှုတွေ မရှိဘူးလို့ ဆိုပါတယ်။

“ပေါက်ကွဲမှုက သိပ်မပြင်းပါဘူး။ ဒါပေမယ့် ဟို နို့ဆီခွက်တွေ၊ ရေဘူးတွေ မီးထဲမှာပါသွားရင်ဖြစ်တဲ့ ပုံစံမျိုးပါပဲ။ သူက လေလုံပိတ်ထားတဲ့ ပိုက်လုံးတခုထပ်ပေါက်သွား တယ်ဆိုတော့ နည်းနည်း အသံကျယ်သွားတာပေါ့။ ထိခိုက်ပျက်စီးတာ ဘာမှမရှိဘူး။ လူအသေအပျောက်လည်း မရှိဘူး။ မရှိဘူးဆိုတာက ဓာတ်ငွေ့စခန်းက ပေ ၂၀၀- ၃၀၀ ပတ်လည်ခြံပေါ့ဗျာ။ အဲဒီခြံနားမှာ ၀န်ထမ်းတွေ နေတဲ့အိမ်တော့ရှိတယ်။ ဒါပေမယ့် အိမ်တွေလည်းမထိခိုက်ပါဘူး။ အဲဒီဘေးမှာတော့ တည်းခိုခန်းရှိတယ်။ တည်းခိုခန်းရဲ့မှန်တချပ် ကွဲသွားတယ်။ မြေကြီးတုန်ခါတော့ မှန်က မခိုင်လို့ ကွဲသွားတာ။”

မြိုင်ကလေးကျေးရွာအုပ်စုမှာရှိတဲ့ အဆိုပါ ဓာတ်ငွေ့ ထိန်း၊ ဖြန့် စခန်းဟာ မော်လမြိုင်ဓာတ်ငွေ့ စခန်းကနေ ပေးပို့တဲ့ ဓာတ်ငွေ့တွေကို ဘားအံမြို့နယ်ထဲက ဘိလပ်မြေစက်ရုံ ၂ ရုံကို ဓာတ်ငွေ့ ထပ်ဆင့် ဖြန့်ပေးတဲ့ စခန်းဖြစ်ပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ April, 30th,2015

( 40 )ကန်နဲ့သြစတေးလျ နိုင်ငံခြားသားနှစ်ဦးကို မူဆယ်မှာ စစ်ဆေး

( 39 )ANP Urges Military to Respect Rights of Arrested Civilians

( 38 )နီပေါငလျင်ဘေးအတွက် အလှူငွေ ဒေါ်လာ ၃ သောင်းကျော်ကောက်ခံရရှိ

( 37 )Myanmar's Shwedagon pagoda

( 36 )မြန်မာနိုင်ငံတွင်း လိင်အကြမ်းဖက်မှုတွေ အရေးယူဖို့ ကုလ တိုက်တွန်း

( 35 )Export surge needed

( 34 )သတ်ဖြတ်ခံရသူ လေးဦး အတွက် ဆုတောင်းပွဲကျင်းပ

( 33 )US, Austrian men arrested for drugs in Muse

( 32 )တစ်နေ့လုပ်ခ ၅၆၀၀ ကျပ် ရရှိရေး တောင်းဆိုဆန္ဒပြမည်

( 31 )Charter reform behind NLD poll boycott threat, say analysts

( 30 )ကိုးကန့်စစ်ပွဲရပ်တန့်ရေး ပန်ဆန်း ညီလာခံမှာ ဆွေးနွေးအဖြေရှာ မည်

( 29 )Koh Tao murders trial resumes Thursday

( 28 )ထိုင်း မဟာချိုင် ကားမှောက်မှု မြန်မာ ၉ ဦးသေဆုံး

( 27 )Electoral ‘Inflection Point’ Fraught With Challenges

( 26 )မြင်းခြံဗကသကျောင်းသားခေါင်းဆောင်တစ်ဦးကို ဖမ်းဆီး

( 25 )Koh Tao murder trial set to resume

( 24 )နီပေါငလျင်ဘေးအတွက် ရန်ကုန်မှာ ဆုတောင်းပွဲကျင်းပ

( 23 )Illegal migrants packed inside truck

( 22 )ရခိုင်စစ်ပြေးဒုက္ခသည်တွေအတွက် ယူနီဆက်အကူအညီ မနက်ဖြန်ရောက်ရှိမည်

( 21 )Worker dies in Thai pet food meat grinder

( 20 )ရခိုင်ဒေသ စစ်ရေးတင်းမာမှု ချင်းရွာသား ၃၀၀ ကျော် ထိတ်လန့်ထွက်ပြေး

( 19 )UWSA restricts media invitations to Panghsang conference

( 18 )ကိုးကန့်တပ်ဖွဲ့နဲ့ ဆွေးနွေးဖို့ အစီအစဉ်မရှိကြောင်း အစိုးရပြော

( 17 )DVB honoured with press award for Laogai coverage

( 16 )တရုတ်-မြန်မာ ဆက်ဆံရေး မဟာဗျူဟာအဖြစ် ကြည့်သင့်

( 15 )Worker crushed in meat grinder at pet food factory in Thailand

( 14 )ခိုတောင်းကျွန်းလူသတ်မှု ဧပြီ ၃၀ မှာ ဆက်လက်စစ်ဆေးမည်

( 13 )Villagers protesting gold mine ‘warned by army officer’

( 12 )ပန်ဆန်း ထိပ်သီး ဆွေးနွေးပွဲကို RCSS/SSA အဖွဲ့တက်မည်

( 11 )Scepticism grows over hopes for clear-cut result in Myanmar election

( 10 )ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့အစည်းအဝေး မီဒီယာ ၈ ခု ခွင့်ပြု

( 9 )Myanmar rebel summit threatens peace plans

( 8 )ငလျင်ဒဏ်သင့် နီပေါပြည်သူ များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကူညီမည်

( 7 )‘The issue of ethnicity in Myanmar politics is now not being resolved but rather encouraged’

( 6 )မန္တလေး ဖောင်တော်ဦး ဘက ကျောင်း ရံပုံငွေရရှိရန် အာရှ လူငယ်ခေါင်းဆောင်မှု အစီအစဉ်မှ လူငယ်များ လုပ်အားပေးမည် ဟုဆို

( 5 )No disruption from Myanmar gas fields shutdown

( 4 )မြန်မာ့ကြက်ခြေနီအဖွဲ့ ငလျင်ဒဏ်သင့် နီပေါကို ကူညီရန် စီစဉ်

( 3 )Nine Burmese dead in Thai truck tragedy

( 2 )ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် အရပ်သားများ ဘေးကင်းလုံခြုံရေး အမေရိကန် စိုးရိမ်

( 1 )Monk defends former NLD official on blasphemy charges

Wednesday, April 29, 2015

နိုင်ငံခြားသား ၂ ဦးကို မူဆယ်ရဲစခန်း ဖမ်းဆီးစစ်ဆေးနေ

နန်းမြနဒီ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ ပလောင်လူငယ် ၁ ဦး၊ အမေရိကန်နဲ့ သြစတြီးယားနိုင်ငံသား၂ ဦး စုစုပေါင်း ၃ ဦးကို ကားပေါ်မှာ ပါလာတဲ့ မူးယစ်ဆေးဝါး၊ ကျည်ဆန်တချို့နဲ့ အတူ ဖမ်းဆီးမိပြီး မူဆယ်မြို့နယ်ရဲစခန်းက ထိန်းသိမ်းစစ်ဆေးနေပါတယ်။

ဧပြီလ ၂၈ ရက် ညနေပိုင်းက နမ့်ဖတ်ကာ – နမ့်ခမ်းသွား ကားလမ်း ၁၂ မိုင်ရွာအနီးမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးစဉ် နမ့်ခမ်းဘက်တက်မယ့် ပါဂျဲရိုး ကားတစီးပေါ်မှာ စိတ်ကြွဆေးပြားနဲ့ ကျည်ဆန်တွ တွေ့ရှိတဲ့အတွက် ကားပေါ်ပါလာတဲ့ လူ ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေတာလို့ မူဆယ်မြို့မရဲစခန်း တာဝန်ကျရဲ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သြစတြေးလျနိုင်ငံသား အမျိုးသားတဦး၊ အမေရိကန် နိုင်ငံသား အမျိုးသားတဦးနဲ့ ပလောင်လက်နက်ကိုင်အဖွဲ့ကလို့ ယူဆရတဲ့ ပလောင်လူငယ်တဦးတို့ကို ကျနော်တို့ မြို့မရဲ စခန်းကနေ ပုဒ်မ ၁၉ ၊ ၁၉ /က ၊ ၂၂ မူးယစ်မှု၊ လက်နက်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။ ဖမ်းမိ တာက စိတ်ကြွဆေးပြား အလုံး ၄၀ နဲ့ ကျည်ဆန်တွေပါ။ သူတို့ကို မြို့နယ်ရုံးမှာ အဖွဲ့ပေါင်းစုံက စစ်ဆေးနေပါတယ်။”

ပလောင်လူငယ်မှာ မိုင်းညီလေး အသက် ( ၂၆ ) နှစ်ဖြစ်ပြီး ကျန်တဲ့ နိုင်ငံခြာသား ၂ ဦးရဲ့ ကိုယ်ရေးရာဇ၀င်နဲ့ ဥပဒေငြိစွန်းမှု၊ အချက်အလက် အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲပဲလို့ မူဆယ်ရဲစခန်းက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား ၂ ဦးနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ အမေရိကန်နိုင်ငံသား ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းကို အတည်မပြုချက် မပေးနိုင်သေးတဲ့အကြောင်းနဲ့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) ပြောခွင့်ရသူ တာပန်လကတော့ အဲဒီပလောင်လူငယ်ဟာ သူတို့အဖွဲ့အစည်းနဲ့ ပတ်သက်မှုမရှိကြောင်း၊ ဒါပေမယ့် ရွာသားတွေပြောပြချက်အရ သူတို့အဖမ်းမခံရခင်က အဲဒီဒေသမှာရှိတဲ့ ရွာသားတွေရဲ့ နေထိုင်စားသောက်မှုဘ၀ကို လာရောက်လေ့လာခဲ့သေးတယ်လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော်ထိရှိလာ

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း စစ်ဘေးရှောင်သူဦးရေမှာ ယခုရက်ပိုင်းအတွင်း ထပ်မံတိုးလာနေသည်ဟု ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့်နေရာနှင့် အနီးဝန်းကျင်ကျေးရွာအချို့မှ ဒေသခံများသည် မြို့နယ်တွင်းရှိ စပါးဆိပ်ကျေးရွာသို့ ပြောင်းရွှေ့တိမ်းရှောင်မှုများပြုလုပ်နေရာ ဧပြီလ ၂၄ ရက်အထိ တိမ်းရှောင်သူ ဦးရေ ၄ဝဝ ကျော်သာရှိခဲ့သော်လည်း ဧပြီ ၂၅ ရက်မှစတင်ကာ တိမ်းရှောင်သူစုစုပေါင်း ၅ဝဝ ကျော်ရှိလာနေပြီဟု တိမ်းရှောင်သူများထံသွားရောက်ကူညီပေးခဲ့သူ ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ပြောသည်။

“ကျနော်တို့ရထားတဲ့စာရင်းအရရော အာဏာပိုင်တွေရဲ့စာရင်းအရရော အရင်ရောက်ရှိနေတဲ့ စစ်ရှောင်လူဦးရေက ၄ဝ၇ ယောက်ပဲရှိတာ။ အဲဒါ ဒီနေ့မနက်က အာဏာပိုင်တွေက ကျနော်တို့ကို လှမ်းပြောတယ်။ ၅၇၄ ယောက်ဖြစ်သွားပြီတဲ့”ဟု ယင်းက နိရဉ္စရာသို့ပြောသည်။

စပါးဆိပ်ကျေးရွာအတွင်း ယခင်ရောက်ရှိနေသည့် စစ်တိမ်းရှောင်သူ ၄ဝဝ ကျော်မှာ ကျောက်တော် မြို့နယ် အောင်လံချောင်း၊ ကုလားကျ၊ ပင်လုံကျေးရွာတို့မှဖြစ်ပြီး ဧပြီလ ၂၅ ရက်နေ့မှ စတင်ကာ ပြောင်းရွှေ့တိမ်းရှောင်လာကြသူများမှာ ဘင်ချောင်းကျေးရွာမှ ဒေသခံများ ဖြစ်ကြသည်ဟု သိရသည်။

ယခုကဲ့သို့ စစ်တိမ်းရှောင်သူဦးရေ ထပ်မံတိုးလာသည်မှာ မှန်ကန်သည်ဟုလည်း စပါးဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇံဦးက နိရဉ္စရာသို့အတည်ပြုပြောသည်။

“မနေ့ကနေ စတိုးလာတာပါ။ ယောက်ျားတွေကတော့ သူတို့ရွာနဲ့ ဒီကို သွားလိုက် လာလိုက် လုပ်နေကြတယ်။ ဒါကြောင့် စာရင်းအရ လူဦးရေ ၅ဝဝ တော့ မကျော်သေးဘူးပေါ့လေ”ဟု ယင်းက ဧပြီ ၂၆ ရက်နေ့တွင်ပြောသည်။

ယခုအခါ အဆိုပါစစ်တိမ်းရှောင်ပြည်သူများမှာ စပါးဆိပ်ကျေးရွာရှိ မူလတန်းကျောင်းတွင် နေရာချပေးထားပြီး စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု ဆိုသည်။

“သူတို့တွေရဲ့စားဝတ်နေရေးက ကျနော်တို့ထောက်ပံ့တာလေးနဲ့ဆို တစ်နပ်၊ နှစ်နပ်လောက်ပဲ အဆင်ပြေနိုင်ဦးမယ်။ ဒေသခံတွေရဲ့သွားရေးလာရေးကလည်း အရင်ကလို လွတ်လွတ်လပ်လပ် မဟုတ်တော့ ထောက်ပံ့ပေးမှုတွေ အများကြီးလိုနေသေးတယ်”ဟု တိမ်းရှောင်သူများ ထံသွားရောက် ကူညီပေးခဲ့သူ ကိုဇော်ဝင်းက ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကို တပ်မတော်၊ ရခိုင်ပြည်နယ် အစိုးရ၊ လူမှု အဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနတို့က ပူးပေါင်းဆောင်ရွက်နေသည်ဟု စပါးဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

ကျောက်တော်နယ်စပ်နှင့် ပလက်ဝနယ်စပ်အကြားတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့မှာ မတ်လနောက်ဆုံးပတ်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဘက် စစ်ရေးလှုပ်ရှားမှုများ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ရခိုင်တို့ရဲ့ နှစ်ကူးသင်္ကြန် ရုပ်သံမှတ်တမ်း


သနပ္ပင်မြို့ရှိ ကျေးရွာအချို့ သောက်ရေပြတ်မှုနှင့် ကြုံနေရ

ခင်မြတ်မြတ်ဝေ

သဘာဝဘေးအန္တရယ် စာနာကူညီရေးအဖွဲ့မှ ဧပြီ ၂၇ ရက်တွင် ပဲခူးတိုင်း သနပ္ပင်မြို့ထဲရှိ သောက်သုံးရေ ပြတ်လတ်နေ သည့် ကျေးရွာများသို့ သောက်သုံးရေသန့်ကား ခုနှစ်စီးဖြင့် သွားရောက်လှူဒါန်းခဲ့သည်ဟု အဖွဲ့ခေါင်းဆောင် ကိုအောင်ဇော်ထွေးက မဇ္ဈိမကို ပြောသည်။

"မနက် ၆ နာရီ စထွက်မယ် ရွာများတော့ နှစ်ဖွဲ့ခွဲဝေမယ်၊ ရွာများတော့ တစ်အိမ်ကို သောက်ရေ နှစ်ထမ်း သုံးထမ်း အဲ့လိုပုံစံမျိုးနဲ့ ပေးဝေသွားမယ်၊ ကျွန်တော်တို့က ရေကားပေါ်မှာ ပေပါတွေနဲ့ သယ်လာမှာပါ" ဟု ၎င်းက ပြောသည်။

ပဲခူးတိုင်း သနပ္ပင်မြို့နယ်အတွင်းရှိ ကသစ်ခုံ၊ ရွာကုန်း၊ ကပင်၊ အောင်ဘုံကြီး၊ အပိုင်၊ အောင်ချမ်းသာ၊ ကသဲကုန်း၊ လောင်မီး၊ ချောင်းဝ၊ ရွေလှေစု ရွာများတွင် သောက်သုံးရေများကို ပေးဝေသွားမည်ဟု ပြောသည်။

ပဲခူးတိုင်း၊ သနပ္ပင်မြို့တွင် သောက်ရေကန် နှစ်ကန်သာရှိပြီး ထိုနှစ်ကန်လုံးမှာ နွေကာလတွင် ခမ်းခြောက်မှုကြောင့် သောက်ရေအတွက် အခက်အခဲနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယင်း အဖွဲ့မှ ၂၀၁၅ ခုနှစ်အတွင်း မတ်လနှင့် ဧပြီလတွင် ဒလမြို့ပေါ်မှရွာပေါင်း ၂၀ကျော်ကိုလည်း ၃ကြိမ်တိုင် သောက်သုံးရေ သွားရောက် လှူဒါန်းခဲ့သည်။

နှစ်စဉ် နွေရာသီ နှင့် မိုးဦးကာလများတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း စသည့် နေရာများရှိ မြို့နယ်အချို့နှင့် ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံရလေ့ရှိသော်လည်း အစိုးရကမူ ထိုကိစ္စကို ဖြေရှင်းရန် အဖြေရှာနေဆဲ ဖြစ်သည်ဟုလည်း ဆိုထားသည်။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD နဲ့ ၈၈ ပူးပေါင်းနိုင်ပါ့မလား

ထက်နိုင်ဇော်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ နိုင်ငံရေး အရ ပူးပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အလားအလာတွေ ရှိနေတယ်ဆိုတဲ့ သတင်း တွေ ထွက်ပေးနေပေမယ့် လတ်တလောအချိန်အထိ ၂ ဖက်ပူးပေါင်းမယ့် ထင်သာမြင်သာ အခြေအနေတွေ မတွေ့ရသေးပါဘူး။

ဧရာဝတီရဲ့ စုံစမ်းချက်တွေအရ ၂ဖက်စလုံး က နိုင်ငံရေး အခြေအနေအရ လိုအပ်ရင် လိုအပ်သလို ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ယေဘုယျဆန်ဆန်ပဲ ထုတ်ဖော် ပြောဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပူးပေါင်း ဆောင် ရွက်ကြမလားဆိုတဲ့ မေးခွန်းကိုတော့ နှုတ်ဆိတ်နေကြပါတယ်။

၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးလှရွှေကတော့ “ကျနော်ကြားတာက ၈၈ က ဒေါ်အောင်ဆန်း စုကြည် ဆီကနေ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်နေရာ ၄၀ ကို ၈၈ ကိုပေးဖို့ တောင်းတယ်လို့ သိရတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒနယ် ၁၀ ခုပဲ ပေးနိုင်မယ်လို့ ပြောတယ်။ အခု နောက်ပိုင်းကျမှ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒနယ် ၅၀ အထိ ပေးမယ်ဆိုတဲ့ သတင်းထပ်ကြားနေရ တယ်” လို့ ဧရာဝတီကို ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဘက်ကတော့ လတ်တလောမှာ NLD ပါတီနဲ့ နိုင်ငံရေး အမြင် ဖလှယ် တာမျိုးတွေရှိပြီး နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေကတော့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနဲ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလို ကိစ္စမျိုးတွေမှာ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိနေတယ်လို့ ၈၈ မျိုးဆက် ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးပြုံးချိုက ပြောပါတယ်။ ၈၈ တွေ အနေနဲ့ ဘာတွေ ရှေ့ဆက် ဆောင်ရွက်ကြမလဲ ဆိုတာကတော့ ဆုံးဖြတ် ချက်တွေ ရွေးချယ်မှုတွေ ရှိလာ ခဲ့တဲ့အခါ တကယ့်လက်တွေ့ အလုပ်တွေ ပေါ်လာတဲ့အခါ အသိပေး ထုတ်ပြန် မယ်လို့ ဦးပြုံးချိုက ဆက်ပြောပါတယ်။

“ကျနော်ကတော့ ဘာမှ မဖြစ်ခင်မှာ ဘာမှ မပြောချင်ဘူး” လို့ ဦးပြုံးချိုက ဧရာဝတီကို ပြောပါတယ်။

တကယ်တော့ NLD ပါတီအတွင်းမှာ အမတ်လောင်းဖြစ်ဖို့ ရည်မှန်းထားတဲ့သူတွေ အများကြီးဖြစ်နေပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းကလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက်ရွေးချယ်မှု အမတ်လောင်းတွေ ရွေးချယ် မယ်ဆိုရင် ပါတီတွင်း ကွဲလွဲမှု ပြဿနာတွေအကြီးအကျယ် ပေါ်ပေါက်မယ့် အခြေအနေ ရှိနေပါတယ်။ လတ်တလော အခြေအနေမှာတင်ပဲ NLD တွင်းမှာ အမတ်လောင်းနေရာရဖို့ အကြီးအကျယ် ပြိုင်ဆိုင် မှု၊ အငြင်းပွားမှုတွေ ဖြစ်ပေါ် နေတာပါ။

ဒါ့အပြင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးချယ်မှုနဲ့ အမတ် လောင်း အဖြစ် ရွေးချယ်ခံရပြီး အမတ် ဖြစ် လာတဲ့ NLD အဖွဲ့ ပြင်ပ နိုင်ငံရေးသမား၊ ကျောင်းသား ခေါင်းဆောင် တချို့ ကို လည်း NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က မကြိုဆိုသလို ပါတီတွင်းမှာလည်း နေရာမပေးချင်ကြပါဘူး။

ပါတီတွင်း တိုက်ပွဲများစွာ ပြင်းထန်နေချိန်မှာ ၈၈ ကျောင်းသားခေါင်းဆောင်တွေအတွက် မဲဆန္ဒနယ်တွေ ပေးဖို့ လွယ်ကူပါ့မလား၊ ပေးခဲ့ရင်တောင်မှ ရွေးကောက်ပွဲ အနိုင်ရဖို့ အောက်ခြေ NLD ပါတီဝင်တွေဘက်က စည်းရုံး ရေး လုပ်ဆောင်ပေးပါ့မလား ဆိုတာတွေက စဉ်းစားစရာအချက်တွေဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် တွေ မကြိုဆိုတဲ့ NLD ပါတီ ထိပ်တန်းခေါင်းဆောင်တချို့လည်း ရှိကောင်း ရှိနေနိုင်ပါတယ်။

NLD ပါတီညီလာခံ ပြန်လည်ကျင်းပချိန်နဲ့ NLD ပါတီ မြို့နယ်၊ ပြည်နယ်၊ တိုင်း ဦးစီးအဖွဲ့တွေ ပြန်လည် ရွေး ကောက် မှု တွေ ပြုလုပ်ချိန်မှာ အငြင်းပွားမှုတွေ အတော်ကို ဖြစ်ထွန်းခဲ့တာမို့ ရွေးကောက်ပွဲ အမတ် လောင်း စာရင်း ထွက်ရှိလာမယ့်အချိန်ကလည်း အငြင်းပွားမှု၊ ကွဲလွဲမှုတွေ အကြီးအကျယ် ပေါ်ပေါက်နိုင်တဲ့ အခြေ အနေရှိပါတယ်။

NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ NLD ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ၀င် အရွေးချယ်ခံမယ်ဆိုတဲ့ အခြေအနေမျိုး လောလောဆယ် မရှိသေးဘူးလို့ ပြောဆိုပါတယ်။

“နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားတာတော့ မရှိသေးပါဘူး။ သို့သော် ကျနော်တို့က ရည်ရွယ် ချက်ချင်း တူတဲ့ အုပ်စုတွေ ဖြစ်နေတဲ့အတွက် မကြာခဏ တွေ့ဆုံတဲ့ အခြေအနေတွေ ရှိပါတယ်။ လက်ရှိ ဖြစ် ပေါ် နေတဲ့ နိုင်ငံရေး အခြေအနေတွေကို အပြန်အလှန် နားလည်မှုရှိအောင် ဆွေးနွေးကြတဲ့ သဘောပါ”လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ ကိုယ်တိုင်ပါတီထောင်မလား၊ လူထုပါတီလို့ သတ်မှတ်ခံ ထားရတဲ့ NLD ပူးပေါင်းမလားဆိုတဲ့ ရွေးချယ်စရာ ၂ ခုထဲက ၁ ခုကိုတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ မဖြစ်မနေ ရွေးချယ်ရတော့မှာဖြစ်ပါတယ်။

“၈၈ တွေ ထောင်က ထွက်လာပြီးနောက်ပိုင်းမှာ Party Politics ကို လုပ်ဖို့ ဆွေးနွေးခဲ့ကြ ဖူးတယ်။ အဲဒီမှာ ၈၈ ငြိမ်း/ပွင့် ဆိုပြီးတော့ ဆက်သွားချင်တဲ့သူတွေ ရှိသလို ပါတီ နိုင်ငံရေးလိုင်းနဲ့ ဆက်သွား ချင်တဲ့သူတွေလည်း ရှိတယ်။ အဲဒီမှာ သဘောတူညီမှု ယူထားတာက ကိုယ်လုပ်ချင်တဲ့ လိုင်းကို လုပ်ကြဆို တာမျိုးပေါ့” ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းဇေယျက ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေထဲမှာလည်း ကျန်းမာရေး မကောင်းတဲ့သူ၊ နိုင်ငံရေး စိတ်မ၀င်စား တဲ့သူ၊ နိုင်ငံရေးနဲ့ တဖြည်းဖြည်း ကင်းကွာသွားသူတွေရှိနေတာမို့ လတ်တလော NLD ပါတီနဲ့ ပူးပေါင်းပြီး ရွေးကောက် ပွဲဝင်ရမယ့် လမ်းကြောင်းက ပိုပြီး လက်တွေ့ကျမယ့်ကိန်းဆိုက်နေပါတယ်။

၈၈ နဲ့ NLD လက်တွဲပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက် လာနိုင် မယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ပိုပြီးတော့ အကျိုးရှိမယ်လို့ ထင်မြင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“၈၈ အနေနဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းမယ်ဆိုရင် NLD နဲ့ ပူးပေါင်းပြီး ဖြတ်သန်းတဲ့ နည်းလမ်းကပဲ အောင်ပွဲ ရလိမ့်မယ်။ အဲလို မဟုတ်ဘဲနဲ့ ၈၈ ပဲ ပါတီဖွဲ့ပြီး ၀င်မယ်ဆိုရင်တော့ အနိုင်ရဖို့ အလားအလာ နည်းတယ်လို့ ပြောလို့ရတယ်”လို့ သူက ဆိုပါတယ်။

NLD နဲ့ ၈၈ ပူးပေါင်း ရွေးကောက်ပွဲဝင်မယ်ဆိုရင် ဒီပူးပေါင်းမှုက နိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်တယ်လို့ NLD ပါတီရဲ့ အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုပါတယ်။

“တလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပံ့ပိုးလာတာ သူတို့ပဲ ရှိတယ်။ ၂ ဖက် ပူးပေါင်း ဆောင် ရွက်မယ်ဆိုရင် နိုင်ငံအပြောင်းအလဲမှာ လူထုလက်ရှိ ခေါင်းဆောင်နဲ့ အနာဂတ် ခေါင်းဆောင်တွေ ပေါင်း ကြ တာ ကောင်းတယ်။ ပြီးတော့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုအပြင် နိုင်ငံရေး အရ ပူးပေါင်းဖို့ လိုသလို တခြား ကိစ္စရပ်တွေမှာပါ ပူးပေါင်းသွားဖို့ လိုတယ်” လို့ NLD လွှတ်တော်အမတ်က ဆို ပါတယ်။

၁၉၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးလှရွှေကတော့ ၈၈ တွေ အနေနဲ့ အခုလို ကျောင်းသား ခေါင်းဆောင်ဆိုတဲ့ အမည်ခံ မနေသင့်တော့ဘဲ ကိုယ်နဲ့ ထိုက်တန်တဲ့ လိုင်းတခုကို ရွေးချယ်သင့်နေပြီလို့ အကြံ ပြုပါတယ်။

လတ်တလော ပြည်သူလူထုကြားမှာ အတိုက်အခံတွေရဲ့ အသံ မှေးမှိန်ပျောက်ကွယ်နေတာမို့ NLD နဲ့ ၈၈ ပူးပေါင်း သည်ဖြစ်စေ၊ မပူးပေါင်းသည်ဖြစ်စေ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အများစု အနိုင်ရဖို့ အတော်ကို ရုန်းကန်ရမယ့် အခြေအနေပါပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ပြောဆိုပါတယ်။