Tuesday, August 31, 2010

မြန်မာစစ်အစိုးရတပ်ကို ကေအဲန်ယူ ခြုံခိုတိုက်ခိုက်

ခွန်အောင်မြတ်။

ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က မြန်မာစစ်အစိုးရ တပ်ကို ယမန်နေ့မနက်က ခြုံခိုက်တိုက်ခိုက်ရာ စစ်အစိုးရဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။

မြ၀တီမြို့နယ်အတွင်းရှိ ကေအဲန်ယူထိန်းချုပ်ရာနယ်မြေဖြစ်သည့် တပ်ရင်း ၂၀၁ ထီးစလယ်စခန်း အနီးတွင် မြန် မာစစ်အစိုးရ ခြေမြန်တပ်ရင်း ၄၀၇ တက်လာစဉ် ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည် ကေအဲန်ယူ၏ တွဲဖက်အတွင်းရေး မှူး ၁ ဗိုလ်မှူးစောလှငွေက ပြောသည်။

“ရန်သူဘက်က နှစ်ယောက်ဒဏ်ရာရတယ်၊ တယောက်သေတယ်။ နောက်တော့ အဲဒီဒဏ်ရာရတဲ့ တ ယောက်လည်းသေသွားတယ်။ ဖြစ်ဖို့များတာကတော့ ခြုံခိုတိုက်ပွဲ ဖြစ်ဖို့များပါတယ်။ ဒေသတွင်းမှာ စခန်းလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးအတွက်ပါပဲ။ အဲဒါသူတို့ လှုပ်ရှားရမှာပဲ။ အဲဒီလှုပ်ရှားတဲ့ အခါမှာ ခြုံခိုတိုက်ပြီး ဖြစ်တဲ့ကိစ္စပဲလေ။”

ယခုတိုက်ပွဲဖြစ်ပွားရာ ဒေသတွင် ဒီကေဘီအေ တပ်မဟာ၅ မှ ဗိုလ်မှူးစောလှဘွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး ဦး ဆောင်သည့် တပ်ဖွဲ့လည်း လှုပ်ရှားနေသည်ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။

“အဲမှာရှိတဲ့ဟာ တချို့က ဥပမာ ကျနော်တို့ကို တိုက်မယ်ဆိုလို့ရှိရင် ဗိုလ်နှုတ်ခမ်းမွှေးတို့ကို ဖြတ်ပြီး လာမှဟာ ရှိတယ်။ ဗိုလ်နှုတ်ခမ်းမွှေးတို့ကို တိုက်မယ်ဆိုလို့ရှိရင် ကျနော်တို့ နေထားတဲ့ နေရာကနေ ဖြတ်ပြီးသွားရမှာဟာတွေ ရှိတယ်။ အဲဒါတွေက အသေသတ်မှတ်ထားလို့ မရဘူးဆိုတဲ့ အခါ ကျတော့ အဲတော့ ဗိုလ်နှုတ်ခမ်းမွှေးကို တိုက်ချင်လို့ပဲ သွားသွား ကျနော်တို့နဲ့တိုးရင် ကျနော်တို့ကတော့ ချမှာပဲ။ ကျနော်တို့ဆီကို လာချင်လို့ပဲဖြစ်ဖြစ် ဟိုတုန်းက ဗိုလ်နှုတ်ခမ်းမွှေး ရှောင်ပေးရင် ရှောင် ပေးမယ်။ အခုက ရှောင်ပေးလို့ မရဘူး။ သူ့အနေအထားကလည်း ကန့်လန့်ထား တယ်ဆိုတော့ သူ့ကို တိုက်မလား မတိုက်မလားလည်း မသိဘူး။ အနည်းဆုံး သူ့ကိုယ်သူ ခုခံပြင်ဆင်ရမယ်အနေ အ ထား ဖြစ်နေတဲ့အခါကျတော့ နအဖ အတွက်ကတော့ နည်းနည်းလှုပ်ရှားမှု ကြပ်သွား တာပေါ့။”

တပ်မဟာ ၅ ဗိုလ်မှူးနှုတ်ခမ်းမွှေးဦးဆောင်သည့် တပ်ဖွဲ့သည် နယ်ခြားစောင့်တပ်ကို လက်မခံသဖြင့် တိုးတက် သောကရင်ဗုဒ္ဓဘာသာတပ်မတော်က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး နောက်ပိုင်း လိုက်မသွားပဲ သီးသန့်ကျန်နေခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။


အရပ်သားဖြစ်လည်း အာဏာရှင်ပဲဟု အမေရိကန်ပြော

ဧရာဝတီ Tuesday, August 31, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်တပ် အကြီးအကဲ ရာထူးမှ နုတ်ထွက်သည့်တိုင် အာဏာကို ဆက်လက် ထိန်းချုပ်သည့် အနေဖြင့် ရွေးကောက်ပွဲ အလွန် အရပ်ဘက် အုပ်ချုပ်ရေးတွင် ဆက်လက်နေရာယူ ထားပါက လက်ခံအသိအမှတ် ပြုလိမ့်မည် မဟုတ်ကြောင်း အမေရိကန် အစိုးရက ယမန်နေ့တွင် ပြောကြားလိုက်သည်။

“အရပ်ဝတ်နဲ့ အာဏာ ထိန်းချုပ် ရင်လည်း အာဏာရှင် ဖြစ်နေတုန်းပါပဲ” ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ ပီ ဂျေ ခရော်လေ က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပြောသည်။

“စစ်ခေါင်းဆောင် တွေက စစ်ယူနီဖောင်းတော့ ချွတ်တယ်၊ ဒါပေမယ့် မြန်မာပြည် နိုင်ငံရေး အခင်းအကျင်းမှာ ဆက်ပြီး တင်းကျပ် ဖိနှိပ်ထားဦးမယ် ဆိုရင် အဲဒါ မြန်မာပြည် အတွက် ပြဿနာ တရပ်ပါပဲ” ဟု ခရော်လေက ဆက်လက် ပြောသည်။

လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါဝင်ရန် စီစဉ်၍ တခြား စစ်ဘက် အဆင့်မြင့် အရာရှိများနှင့် အတူ ဗိုလ်ချုပ်မှူးကြီး နုတ်ထွက် လိုက်သည်ဟု ပြီးခဲ့သည့် တပတ်က သတင်းများ ထွက်ပေါ် ပြီးနောက် အမေရိကန် အစိုးရ၏ တုံ့ပြန်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် ဧရာဝတီက လက်ခံရရှိသည့် အထောက်အထားများအရ ဒု ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယခင်ရာထူးဖြစ်သော ကာကွယ်ရေးဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ နေရာဖြစ်သော ဒု ကာကွယ်ရေး ဦးစီးချုပ်၊ ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့အား ခန့်အပ်လိုက်ကြောင်း သိရသည်။ ဒု ဗိုလ်ချုပ်ကြီး ကိုကိုသည် ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြိုင်ကြိုင်၏ တူတော်စပ်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးက နအဖ ထိပ်ပိုင်းရာထူးအားလုံးကို သူယုံကြည်သော စစ်ဘက်ဗိုလ်ချုပ်များနှင့် အစားထိုးခြင်းဖြစ်ကြောင်း လေ့လာအကဲခတ်သူများက ယူဆကြသည်။ နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင် အခြေခံဥပဒေ၌ ပြဌာန်းထားသည့်အတိုင်း လွှတ်တော် ၂၅ ရာခိုင်နှုန်းတွင် စစ်ဘက်ကိုယ်စားလှယ်များ ပါဝင်လာမည် ဖြစ်သည်။ ထို စစ်ဘက် ကိုယ်စားလှယ်များတွင် ဗိုလ်ချုပ်မှူးကြီးပါဝင်လာပြီး သမ္မတနေရာကို ရယူဖွယ်ရှိကြောင်း အကဲခတ်များက သုံးသပ်နေကြသည်။

ရာထူးအပြောင်းအလဲများ ပြုလုပ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် စစ်အစိုးရ ထိန်းချုပ်သည့် သတင်းစာများတွင် ယမန်နေ့ နေ့စွဲဖြင့် “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ” ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟု မလေးရှားနိုင်ငံ လွှတ်လပ်ရေးနေ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသေးသည်ကို တွေ့ရသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် စစ်ဘက်နှင့် အရပ်ဘက် အစိုးရဝန်ထမ်းများ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့်ကို ရွေးကောက်ပွဲ ဥပေဒများဖြင့် တားမြစ်ထားပြီးနောက် ထိပ်တန်း စစ်အရာရှိ အများအပြားသည် စစ်ဝတ်စုံချွတ်၍ စစ်အစိုးရ ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံပါတီ) သို့ ဝင်ရောက်ခဲ့ကြသည်။

အနာဂတ် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က အရေးပါသောနေရာများ၌ ပါဝင်လှုပ်ရှားနိုင်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြင့် ကျားကန်ပေးထားသည်။

လွှတ်တော်တွင် အရပ်သား ကိုယ်စားလှယ်အများစုနှင့် စစ်တပ်မှ တိုက်ရိုက်စေလွှတ်သူများက ဒုတိယ သမ္မတများကို ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။ ရွေးချယ်ပေးမည့် အရပ်သား ကိုယ်လှယ်စားလှယ် အများစု ဆိုသူမှာလည်း ကြံ့ဖွံ့ပါတီမှ ရွေးကောက်တင်မြှောက်ခံရသူများသာ ဖြစ်နိုင်သည်။ ဒုတိယ သမ္မတများအနက် “နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေး အမြင်များရှိသူ” တဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်မည် ဖြစ်သည်။

လတ်တလော အခြေအနေအထိ ဗိုလ်ချုပ်မှူးကြီး၏ အနာဂတ် အနေအထားမှာ ပဟေဠိ ဖြစ်နေဆဲပင် ဖြစ်သည်။ ထိပ်ပိုင်း စစ်ဘက်ရာထူး အပြောင်းအလဲများ ရှိနေကြောင်းကိုမူ ယနေ့ထုတ် အစိုးရ သတင်းစာတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးသစ် ဗိုလ်မှူးချုပ် ထွန်းသန်းကို စတင်ဖော်ပြခြင်းဖြင့် အတည်ပြုနိုင်ပြီ ဖြစ်သည်။

မြန်မာ စစ်ဘက်ဆိုင်ရာ အပြောင်းအလဲများနှင့် ပတ်သက်၍ မစ္စတာ ခရော်လေက “လက်ရှိ နိုင်ငံရေး စိန်ခေါ်မှုတွေကို ထောက်ခြင်းအားဖြင့် ယူနီဖောင်းချွတ်ပြီး အရပ်သားအသွင်ပြောင်းမှုဟာ အဖြေမဟုတ်သေးပါဘူး” ဟု မှတ်ချက်ပေးသည်။

“မြန်မာပြည်မှာ နိုင်ငံရေး အခင်းအကျင်း ပွင့်လင်းဖို့ လိုပါတယ်။ တိုင်းရင်းသား အဖွဲ့များနဲ့ ညှိနှိုင်းဆွေးနွေးဖို့၊ အတိုက်အခံနိုင်ငံရေး ပါတီတွေရဲ့ ထိရောက်မှုနဲ့ အရေးပါမှုကို လမ်းဖွင့်ပေးဖို့နဲ့ မြန်မာ့ လူမှု အသိုက်အဝန်းထဲမှာ စစ်မှန်တဲ့ ယှဉ်ပြိုင်မှု ရှိဖို့ လိုနေပါတယ်” ဟု ခရော်လေက ဆက်လက်ပြောသည်။

အမေရိကန်က ထုတ်ဖော် ကန့်ကွက်သည့်တိုင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ အစိုးရများကမူ စစ်အာဏာပိုင်များကို တရားဝင် အရပ်သား အစိုးရအဖြစ် ရွေးကောက်ပွဲ အပြီးတွင် အသိအမှတ်ပြုမည့် အလားအလာ ရှိနေသည်။

ထိပ်ပိုင်းရာထူး အပြောင်းအလဲသတင်းများ ထွက်ပေါ်နေချိန်တွင် ဗိုလ်ချုပ်မှူးကြီးသည် တရုတ်နိုင်ငံသို့ စက်တင်ဘာလအတွင်း ၌ အလည်အပတ် သွားရောက်ရန်ရှိသည်ဟု အတည်မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်နေသည်။ ပြီးခဲ့သည့် ဇူလိုင်လ ကလည်း ဗိုလ်ချုပ်မှူးကြီးသည် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သေးသည်။

ပဲခူးမြို့ရေကြီးမှု လူ (၆၀၀) ကျော် အိုးအိမ်ပစ် ထွက်ခွာရ

မြတ်ခိုင်ဦး / ၃၁ သြဂုတ် ၂၀၁၀

ပဲခူးမြို့တွင် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှ စတင်တက်လာသော ပဲခူးမြစ်ရေကြောင့် ပဲခူးမြို့ရှိ ဇိုင်းဂနိုင်းတောင်နှင့်မြောက်၊ အိုးလေးစု၊ မဇင်း၊ ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ကလျာဏီ ရပ်ကွက်တို့ ရေမြုပ်နေသဖြင့် ရပ်ကွက်နေ မိသားစုများသည် နီးစပ်ရာ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းများတွင် ယာယီမှီခိုနေကြရသည်။

ပဲခူးမြို့ မဇင်းရပ်ကွက်ထိပ် ရန်ကုန်မန္တလေး အဝေးပြေးကားလမ်းပေါ်ရှိ အနောက်ရွှေနံ့သာ ဘုန်းကြီးကျောင်းတွင် မိသားစု (၂၀၀) ကျော်တို့မှ လူဦးရေ (၆၀၀) ကျော်တို့သည် အစိုးရမှ မည်သည့်အထောက်အပံ့မှ ပြုလုပ်ပေးခြင်းမရှိသဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် စေတနာရှင်များမှ လှူဒါန်းသော အစားအသောက်များကိုသာ အားထားနေရသည်။ ရွှေနံ့သာကျောင်းမှ နေ့စဉ် ဆန်အိတ် (၁၅) အိတ်ကို ဒုက္ခရောက်နေသူများအတွက် ပေးလှူနေရသည်ဟု ပဲခူးမြို့သားတဦးက ပြောသည်။

နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်ပွားလေ့ရှိသည့် ပဲခူးမြစ်ရေလျှံမှုသည် မြစ်ဖျားပိုင်းမိုးများသည့်အချိန်နှင့် ပဲခူးမြစ် မြစ်ဖျားခံရာ ဇောင်းတူတာတမံမှ ရေလွှတ်ချိန်တိုက်ဆိုင်ပြီး ယခုကဲ့သို့ မြစ်ရေမျက်နှာပြင် မြင့်တက်လာခြင်းဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ ဝါထပ်သည့်နှစ်များတွင် ဖြစ်ပေါ်လေ့ရှိသည်။ ပဲခူးမြို့တွင်မူ ယခုနှစ် မိုးရွာသွန်းမှု နည်းပါးသည်။

အစိုးရ သတင်းစာမှ သတင်းထုတ်ပြန်ချက်တွင် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် (၉၁၀) စင်တီမီတာသို့ ရောက်ရှိနေပြီး နောက်ထပ် (၂၄) နာရီအတွင်း ဆက်လက်တည်ရှိနေဦးမည်ဟု ဖော်ပြပါရှိသည်။ အဆိုပါရေကြီးမှုကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရပြီး၊ ရန်ကုန်မန္တလေး အဝေးပြေး ကားလမ်းမကိုလည်း ရေကျော်နေပြီဖြစ်သည်။

ကားလမ်းကို ကားငယ်များဖြတ်သန်းခြင်းမရှိတော့ဘဲ ကားကြီးများသာ ဖြတ်ကူးနေကြပြီး ရပ်ကွက်များတွင် လှေများဖြင့် သွားလာကူးသန်းနေကြရသည်ဟု ပဲခူးမြို့သား ကိုတိုးက ပြောသည်။

“ဒီနှစ်က အခုနောက်ကျမှရေကြီးတာ၊ ဝါထပ်တဲ့နှစ်တွေက ပိုဆိုးသေးတယ်။ အဝေးပြေးဝင်းဆို ခါးတောင်ကျော်နေပြီ” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် (၃) နှစ်ခန့်က (၃) လနီးပါး ပြန်လည်ပြင်ဆင်ထားသော ပဲခူးတံတားသည် နဂိုမူလထက် အနည်းငယ်ပိုမြင့်သွား၍ ရေကျော်မှုမျိုး မဖြစ်သေးသော်လည်း တံတားအောက်ခြေ နှုတ်ခမ်းဘောင်နားသို့ ရောက်ရှိနေပြီဖြစ်သည်။

ယခုအခါ ရေကြီးခြင်းကို အကြောင်းပြု၍ ယခင်က (၁၅၀) ကျပ်သာပေးရသော ခရီးတိုကို ယခုအခါ ခရီးသည်တယောက်လျှင် (၄၀၀) ကျပ်ဖြင့် ကုန်ကား၊ ဖောကား (တရုတ်လုပ် မြေသယ်ကား) များက တဘက်ရေစပ်မှ တဘက်ရေအစပ်သို့ ပို့ဆောင်ပြေးဆွဲနေကြသည်။

ယနေ့နံနက်တွင် ပဲခူးမြို့၊ တောင်သူစုကျေးရွာ ပရဟိတကျောင်းဆရာတော် ဥူးကိတ္တကျောင်းမှဦးစီး၍ ရေဘေးဒုက္ခသည်များအား ထမင်းဟင်းများ သွားရောက် လှူဒါန်းခဲ့ကြသည်။

အလှူရှင်တဦးက “ဘယ်သူမဆိုပါ၊ ဘယ်လိုလူမျိုးဒုက္ခရောက်ရောက် ကူညီသင့်တယ်။ အလှူရှင်များတော့ ပိုကောင်းတာပေါ့။ သူတို့မှာ ထမင်းချက်စားဖို့ဆိုတာ အစဉ်မပြေဘူး။ ဒီလိုဒုက္ခရောက်တဲ့သူကို စာဝတ်နေရေးအရလည်းကောင်း၊ ကျန်းမာရေးအရလည်းကောင်း ကူညီစောင့်ရှောက်မှု ရရင်ကောင်းတာပေါ့။ အဲဒီလိုဖြစ်စေချင်တာ။ ဒါပေမယ့် ကိုယ့်နိုင်ငံက သူများနိုင်ငံလို ကူညီစောင့်ရှောက်တာက ထုံးစံမရှိသလိုဖြစ်နေတယ်” ဟု ဆိုသည်။

ယခုလောလောဆယ်တွင် ရေကြီးမှုကြောင့် ဖြစ်ပွားတတ်သည့် မည်သည့်ရောဂါမျိုးမှ ဖြစ်ပွားမှုမရှိသေးဟု သိရသည်။

တရုတ်စစ်သင်္ဘောများ ပထမဆုံးအကြိမ် လာရောက်လည်ပတ်

ဧရာဝတီ Tuesday, August 31, 2010

တရုတ်ရေတပ်မှ စစ်သင်္ဘောနှစ်စီး ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းသို့ ပထမဆုံး အကြိမ်အဖြစ် ချစ်ကြည်ရေးခရီး ရောက်ရှိ ဆိုက်ကပ် လာကြောင်း ယနေ့ ထုတ် အစိုးရ သတင်းစာများတွင် ရေးသား ထားသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်တာဝန် တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး Zhang Wendan ဦးဆောင်ပြီး ဖျက်သင်္ဘော Guangzho နှင့် ဖရီးဂိတ် စစ်သင်္ဘော Chaohu တို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရောက်ရှိ လာခြင်း ဖြစ်ကာ စက်တင်ဘာ ၂ ရက်နေ့အထိ ဆိုက်ကပ် ထားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ရေတပ် အချင်းချင်း ပိုမို ချစ်ကြည် ရင်းနှီးပြီး အပြန်အလှန် နားလည်မှု ရှိစေရန် လေ့လာ လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း စစ်သဘောင်္များသည် အေဒင် ပင်လယ်ကွေ့နှင့် ဆိုမာလီ ကမ်းရိုးတန်းတွင် လှည့်လည် သွားလာခဲ့ပြီး အီဂျစ်၊ အီတလီနှင့် ဂရိနိုင်ငံ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခဲ့ကာ ထိုမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

တရုတ်ရေတပ်သည် စစ်သဘောင်္များကို ပစိဖိတ်သမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ် စသည့်ဒေသများတွင်သာ ဖြန့်ကျက် ချထားခဲ့သော်လည်း ပြီးခဲ့သည့်နှစ်မှစ၍ တရုတ်ရေနံတင်သဘောင်္များကို ဆိုမာလီပင်လယ် ဓားပြများရန်မှ ကာကွယ်ရန် အိန္ဒိယသမုဒ္ဒရာသို့ ပြောင်းရွှေ့ချထားခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကတည်းက တရုတ်ရေတပ်သည် စစ်အင်အားတိုးချဲ့မှုများ၊ လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံ များစွာသို့ တရုတ်ရေတပ်၏ ချစ်ကြည်ရေးခရီး သွားရောက်မှုသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာကျကျ ရေတပ်တိုးချဲ့နေမှုများကို ပြသည်ဟု အမေရိကန်ရေတပ် အရာရှိ စတီဗင် ဟိုရဲလ်က စာတမ်းတစောင်တွင် ရေးသားထားသည်။

အဆိုပါစာတမ်းတွင် “တရုတ်တို့၏ ရေကြောင်းသံတမန် ခရီးစဉ်များသည် လက်နက်တင်ပို့ရောင်းချမှု သို့မဟုတ် နှစ်နိုင်ငံဆက်ဆံရေး အထိမ်းအမှတ်ပွဲများနှင့် ဆက်စပ်ကြောင်း” စတီဗင်ဟိုရဲလ်က ရေးသားခဲ့သည်။

တရုတ်ရေတပ်သည် ၁၉၈၀ ခုနှစ်တွင် အုပ်စု နှစ်စုခွဲပြီး နိုင်ငံ လေးနိုင်ငံသို့ သွားရောက်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် အုပ်စု လေးစုခွဲပြီး နိုင်ငံပေါင်း ၂၀ သို့ စေလွှတ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလမှ ၂၀၀၆ ခုနှစ် သြဂုတ်လအထိ ၃၇ နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။

တရုတ်နိုင်ငံအတွက် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ နှစ်ခုစလုံး လွှမ်းမိုးရေး အစီအစဉ်တွင် မြန်မာနိုင်ငံသည် အရေးပါသည့် အနေအထားတွင်ရှိသည်ဟု လေ့လာသူများက ဆိုသည်။

၂၀၀၉ ခုနှစ်က Li Chenyang နှင့် Lye Liang Fook ဆိုသည့် တရုတ်ပညာရှင် နှစ်ဦးရေးသားသည့် အစီရင်ခံစာတစောင်တွင် တရုတ်နိုင်ငံသည် ၎င်း၏ လုံခြုံရေး ပိုမိုကောင်းမွန်စေရန်အတွက် “သမုဒ္ဒရာ နှစ်စင်း အခြေပြုလှုပ်ရှားရေး” ဆိုသည့် မဟာဗျူဟာကို ချမှတ် အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အဓိကကျသည့် ရည်ရွယ်ချက်တခုမှာ မီးရထားလမ်းများ၊ လေကြောင်း ပို့ဆောင်ရေးများ လုပ်ကိုင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံကို ဖြတ်၍ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရှိရေး မဟာဗျူဟာမြောက် လမ်းကြောင်းကြီးကို ဖောက် လုပ်နေကြောင်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို တရုတ်အစိုးရက ပိုက်လိုင်းများ သွယ်တန်းကာ ယူနန်ပြည်နယ်သို့ တင်ပို့နေပြီး ကျောက်ဖြူမြို့တွင်လည်း တရုတ်က ရေနက်ဆိပ်ကမ်းတခု တည်ဆောက်နေသည်။

ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ ပြောင်းမည်

နရီလင်းလက် Tuesday, August 31, 2010

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ ပြောင်းလဲပြီးပါက ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီသည် ပြည်ထောင်စု ရဲချုပ်အဖြစ် တာဝန်ယူသွား မည်ဟု သိရသည်။

ရွေးကောက်ပွဲ အပြီး အစိုးရသစ် တက်ပါက ဖွဲ့စည်းပုံ အသစ်ဖြင့် ဆောင်ရွက်နိုင်ရန် ယခုအချိန်မှ စတင်ကာ ပြောင်းလဲ ဆောင် ရွက်သွားမည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန မှစစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

ဖွဲ့စည်းပုံ ပြောင်းခြင်း ကိစ္စရပ်အား သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ဆိုင်ရာ အစည်း အဝေးတွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဖွဲ့စည်းပုံ ခွင့်ပြုလိုက်ကြောင်း သိရသည်။

ပြောင်းလဲမည့် ဖွဲ့စည်းပုံ အသစ်အရ လက်ရှိ ရဲမှူးကြီးများကို ပြည်နယ်နှင့်တိုင်း အသီးသီးအလိုက် ရဲချုပ်များအဖြစ် ထားရှိ သွားမည်ဟု ၎င်း အရာရှိက ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက “အရင်တုန်းကတည်းက အခု အချိန်ထိ ရဲချုပ် က တယောက်ပဲ ရှိခဲ့တာ။ အခုနောက် ပိုင်းကစပြီး ရန်ကုန်တိုင်း ရဲချူပ် ၊ ဧရာဝတီ တိုင်းရဲချုပ်တို့ ဆိုပြီး ပေါ်လာမယ်။ တိုင်းနဲ့ ပြည်နယ်အလိုက် ရဲချုပ်တွေ ထားသွား မှာ”ဟု ပြောသည်။

ယခင် တပ်မတော်မှ တာဝန်ယူထားသည့် မြို့ပြလုံခြုံရေးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဓိက တာဝန်ယူဆောင်ရွက်သွားမည် ဟု ရဲအရာရှိက ပြောသည်။.

“ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးပြီးတဲ့အချိန်လောက်က စပြီးလုံခြုံရေးနေရာတွေမှာ စစ်သားတွေမဟုတ်တော့ဘဲ ရဲတပ်ဖွဲ့ ကနေ တာဝန်ယူပြီး လုပ်ခဲ့တယ်။ အသစ်ပြောင်းနေတဲ့ ဖွဲ့စည်းပုံအရ တပ်တော်ရဲ့ အခန်းကဏ္ဍကို အခုချိန်ကတည်းက တဖြည်း ဖြည်း လျှော့ချပြီး ရဲတပ်ဖွဲ့ကနေပဲ လုံးဝတာဝန်ယူသွားဖို့ ပြင်ဆင်နေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ ရဲမှူးကြီးများအား ရဲချုပ် ရာထူးတိုးပေးကာ အခေါ်အဝေါ်သစ် ရာထူးသစ်ဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။


“အာဏာပိုင်တွေက မြို့ထဲမှာ စစ်ယူနီဖောင်း မမြင်ရတော့တဲ့အထိ လျှော့ချသွားဖို့လုပ်ပါဆိုပြီး ညွှန်ကြားထားတယ်။ စစ်သား ဆိုတာ တိုက်ခိုက်ရေးဘက်ကိုပဲ သွားတော့မယ် မြို့တွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး လုံးဝမယူရတော့ဘူးပေါ့။ တဖက် မှာလည်း ရဲတပ်ဖွဲ့ အင်အားမြှင့်တဲ့အနေနဲ့ ရဲတပ်ရင်းတွေမှာ လူအင်အားဖြည့်တင်းဖို့ တွေ စလုပ်နေပြီ”ဟု ထို ရဲအရာရှိက ပြောသည်။

“ရာထူးတွေ တိုးပေးပြီး အောက်ခြေပိုင်းကိုထပ်ချဲ့သွားမယ့် သဘောမျိုး။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီတို့၊ ပြည်ထဲရေးတို့၊ အကျဉ်းဦးစီးတို့ အဲဒီလိုနေရာတွေမှာ စစ်ယူနီဖောင်းဝတ် တပ်မတော်သားတွေ လုံးဝမပါဝင်အောင် လျှော့ချ ပစ်ပြီး ယာဉ်ထိန်းရဲတွေကို ရာထူးမြှင့်တာတွေလုပ်တယ်”ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံ အနေနှင့်လည်း ဒီမိုကရေစီနိုင်ငံ ဖြစ်လာတော့မည် ဆိုသောကြောင့် လုံခြုံရေး ကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို လုံးဝလျှော့ချသွားရန် အာဏာပိုင်များက မှာကြားခဲ့ကြောင်းလည်း ၎င်းက ဆို သည်။

ထင်ရှားသော ဆန္ဒပြပွဲများဖြစ်သည့် ၈၈၈၈ အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တို့တွင် ရဲတပ်ဖွဲ့ က ဖြိုခွဲခြင်း မပြုလုပ်ဘဲ စစ်တပ်ကသာ တာဝန်ယူဖြိုခွင်းခဲ့ခြင်းဖြစ်သည်ကို တွေ့မြင်ရသည်။

အငြိမ်းစားရ ဗိုလ်ချုပ်မိသားစုများ စိန်နှင့်ရွှေချောင်း ဝယ်စုနေကြ

ဧရာဝတီ Tuesday, August 31, 2010

ထိပ်တန်း စစ်ရာထူးများမှ အငြိမ်းစားယူကာ အရပ်သား အမည်ခံ အစိုးရသစ်တွင် ပါဝင်ကြမည့် စစ်ဗိုလ်ချုပ် မိသားစုများနှင့် အစိုးရ၀န်ကြီး အသိုင်းအ၀န်းများ အကြား စိန်နှင့် ရွှေချောင်းရွှေခဲ ၀ယ်ယူစုဆောင်းမှု များနေကြောင်း သတင်းရရှိသည်။

“၀န်ကြီးတွေရော၊ စစ်ဗိုလ်ချုပ်ကြီးတွေရော ငွေသားမကိုင်ကြဘူး။ စိန်တို့၊ ရွှေတို့လို ခိုင်မာတဲ့ ပိုင်ဆိုင်မှုတွေအဖြစ် ပြောင်းတယ်။ စိန်၊ ရွှေ ၀ယ်တာများတယ်။ မြေကွက်တို့၊ ကားတို့က အာဏာရှိတဲ့ အချိန်မှာ လိုချင်သလောက် ရထားပြီးသား ဆိုတော့ ၀ယ်စရာ မလိုဘူး။ ဒါတွေက တကယ် ခိုင်မာတဲ့ ပစ္စည်းတွေလည်း မဟုတ်ဘူး။ စိန်၊ ရွှေဆိုတာက မိသားစုနဲ့ တပါတည်း သွားလေရာ ယူသွားလို့ ရတဲ့ ခိုင်မာတဲ့ ပစ္စည်းတွေ” ဟု ရန်ကုန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

စိန်၊ ရွှေများ ၀ယ်ယူကြရာတွင် ဈေးကွက်ထဲသို့ စစ်ဗိုလ်ချုပ် မိသားစုများကိုယ်တိုင် လာရောက် ၀ယ်ယူကြခြင်း မဟုတ်ဘဲ
၎င်းတို့နှင့် ရင်းနှီးဆက်နွှယ်သော စီးပွားရေးသမားများ၊ စိန်၊ ရွှေ ပွဲစား အ၀ယ်တော်များ ဆီမှတဆင့် ၀ယ်ယူကြခြင်းဖြစ်သည်ဟု
စုံစမ်းသိရှိရသည်။

ထိပ်ပိုင်းစစ်ဗိုလ်ချုပ် မိသားစုများနှင့် ၀န်ကြီး၊ စစ်အရာရှိ မိသားစုများသည် ရွှေချောင်း၊ ရွှေခဲများကို ပိဿာလိုက် ၀ယ်ယူကြခြင်းဖြစ်ပြီး ၎င်းတို့တွင် ရှိနေမည့် ရွှေပိဿာချိန်ပမာဏမှာ ခန့်မှန်းရန် ခက်ခဲ လှသည်ဟု စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ရွှေကုန်သည်တဦးက ဆိုသည်။

“မှန်းဖို့လည်းခက်တယ်။ ပြောဖို့လည်း ခက်တယ်။ နှစ်ပေါင်းများစွာ စုဆောင်း လာခဲ့ကြတာ။ အခု ထွက်မယ့် အချိန်ထိ ၀ယ်နေတုန်းပဲ” ဟု ထိုရွှေကုန်သည်က ရှင်းပြသည်။

ယနေ့ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျင် ၆၅၂၅၀၀ ကျပ်ဖြစ်သည်။

ရွှေချောင်း၊ ရွှေခဲများအပြင် တန်ဖိုးကြီး စိန်လက်ဝတ် ရတနာများလည်း ၀ယ်ယူကြပြီး စိန်ကို ၀န်ကြီးမိသားစုများထက် ထိပ်တန်း စစ်အရာရှိမိသားစုများက ပိုမိုနှစ်သက်ကြသည်ဟု သိရသည်။

“စိန်ဆိုတာ သည်းခြေကြိုက်ပဲ။ စိန်ကောင်းတပွင့်က ကျပ် သိန်းထောင်သောင်း ချီတန်တယ်။ စိန် ဆိုတာ သေးသေးကွေးကွေးနဲ့
ပိုင်ဆိုင်မှုကို ခိုင်မာစေတဲ့ ရတနာ။ တန်ဖိုးကြီးတဲ့ စိန်ဝယ်လက် တွေထဲမှာ ထိပ်ပိုင်း လူကြီးမိသားစုတွေက အဓိက ပါတယ်” ဟု
ရန်ကုန် စိန်တိုက်ပိုင်ရှင်တဦးက ပြောသည်။

ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများထဲတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အချမ်းသာဆုံး အဖြစ် ကျော်ကြားပြီး ဒုတိယအချမ်းသာဆုံးမှာ
ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး မိသားစု ဖြစ်သည်ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းက ဆိုသည်။

အစိုးရ ၀န်ကြီးများတွင် ကျိကျိတက်ချမ်းသာသည်ဟု သတင်းထွက်နေကြသူများအထဲ၌ စက်မှု ၁ ၀န်ကြီးဦးအောင်သောင်းနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦးတို့က ထိပ်ဆုံးစာရင်းတွင် ပါဝင်သည်ဟု အစိုးရ၀န်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

ယခု လက်ရှိတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်အရာရှိဝန်ကြီးများ
စစ်ဘက်ဆိုင်ရာ ရာထူးများမှ အငြိမ်းစားယူခြင်း၊ နုတ်ထွက်ခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

စစ်တပ်ရာထူး အပြောင်းအလဲ စာရင်း ဧရာဝတီ ကရရှိ

ဧရာဝတီ

လတ်တလော ထွက်ပေါ်လာသည့် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ပတ်သက်ပြီး ဧရာဝတီမှ စာရင်းအတိအကျကို အတည်ပြုနိုင်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့က တပ်မတော်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ အဓိကကျသည့် ရာထူးနေရာ ၄၀ ခန့် အပြောင်းအလဲ ပြုလုပ်ခဲ့ရာ ၃၃ နေရာမှာ အလွန်အရေးကြီးသော ရာထူးများ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများက ဆိုသည်။

ယင်းရာထူး အပြောင်းအလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ ရရှိသည့် စာရင်းမှာ -

၁။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်
(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

၂။ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
(ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

၃။ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
(ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး)

၎။ ဗိုလ်ချုပ် မြင့်စိုး - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၁
(ယခင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၅။ ဗိုလ်ချုပ် အောင်သန်းထွဋ် - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၂
(ယခင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၆။ ဗိုလ်ချုပ် လှမင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၃
(ယခင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၇။ ဗိုလ်ချုပ် သက်နိုင်ဝင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၎
(ယခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၈။ ဗိုလ်ချုပ် တင်ငွေ - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၅
(ယခင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၉။ ဗိုလ်ချုပ် စိုးဝင်း (စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၆
(ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၀။ ဗိုလ်ချုပ် ဝေလွင် - စစ်ထောက်ချုပ်
(ယခင် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၁။ ဗိုလ်ချုပ် သောင်းအေး - စစ်ဆေးရေး အရာရှိချုပ်
(ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၂။ ဗိုလ်ချုပ် ၀င်းမြင့် - စစ်ရာထူးခန့်ချုပ်
(ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၃။ ဗိုလ်ချုပ် ခင်ဇော်ဦး - စစ်ရေးချုပ်
(ယခင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၄ ။ ဗိုလ်ချုပ် ကျော်ဖြိုး - တပ်မတော် စစ်ဆေးရေး နှင့် စာရင်းစစ်ချုပ်)
(ယခင် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၅ ။ ဗိုလ်ချုပ် ရာပြည့် - စစ်ဥပဒေချုပ်
(ယခင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၆ ။ ဗိုလ်ချုပ် ကျော်ဆွေ - စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်)
(ယခင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၇ ။ ဗိုလ်ချုပ် စိန်ဝင်း - လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်
(ယခင် တပ်မတော် သိပ္ပံနှင့် နည်းပညာ သုတေသနတပ်)

၁၈ ။ ဗိုလ်ချုပ် သိန်းဌေး - ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်
(ယခင် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး ဒုတိယ အရာရှိချုပ်)


စစ်တိုင်းမှူးများ

၁။ ဗိုလ်မှူးချုပ် ထွန်းသန်း - ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
( ယခင် တပ်မ ၇၇ တပ်မမှူး)

၂။ ဗိုလ်မှူးချုပ် ဇေယျာအောင် - မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၃။ ဗိုလ်မှူးချုပ် ရဲအောင် - အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၎။ ဗိုလ်မှူးချုပ် မောင်မောင်အေး - နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
(ယခင် စကခ – ၆)

၅။ ဗိုလ်မှူးချုပ် စိုးလွင် - အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၆။ ဗိုလ်မှူးချုပ် စိုးသိန်း - အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၇။ ဗိုလ်မှူးချုပ် ဆန်းဦး - အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၈။ ဗိုလ်မှူးချုပ် စိုးထွဋ် - တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၉။ ဗိုလ်မှူးချုပ် ထွန်းနေလင်း - အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၀။ ဗိုလ်မှူးချုပ် တင်မောင်ဝင်း - အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၁။ ဗိုလ်မှူးချုပ် သန်းထွန်းဦး - တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၂။ ဗိုလ်မှူးချုပ် ခင်မောင်ဌေး - ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၃။ ဗိုလ်မှူးချုပ် အောင်ကျော်ဇော - အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၄။ ဗိုလ်မှူးချုပ် မြတ်ထွန်းဦး (စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး)

၁၅။ ဗိုလ်မှူးချုပ် လှမြင့်ရွှေ ( နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး)


စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်မှူးများ

၁။ စကခ (၁) ဗိုလ်မှူးကြီး အောင်ရဲဝင်း

၂။ စကခ (၃) ဗိုလ်မှူးကြီး ကိုကိုနိုင်

၃။ စကခ (၆) ဗိုလ်မှူးကြီး လူအေး

၎။ စကခ (၁၈) ဗိုလ်မှူးကြီး ကျော်စိုး

၎။ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး ခင်မော်ထွန်း

စုံစမ်းသိရသမျှကို ဆက်လက်ဖော်ပြပါမည်။

ယနေ့တွင် ရာထူးအသစ်များကို လက်ခံရရှိသည့် အရာရှိကြီးများသည် မိမိတာဝန်ကျရာ စစ်တိုင်းများသို့ အမြန်ဆုံးသွားရောက်၍ တာဝန်များ လွှဲပြောင်းယူရမည်ဖြစ်သည်။

တိုင်းမှူးအသစ်များနှင့် တပ်မမှူး အသစ်များသည် ယခုလက်ရှိ ရာထူးအသစ်များတွင် နေသားတကျရှိလျှင် ပြုလုပ်နေကျဖြစ်သည့် လေးလပတ်အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ပြီး ရှေ့တန်း စစ်မြေပြင်တွင် ရောက်ရှိနေသည့် တပ်များကို တတပ်နှင့်တတပ် အပြောင်းအလဲ ပြုလုပ်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူ တဦးက ဆိုသည်။

စစ်မြေပြင်မှာ စစ်တိုက်နိုင်တဲ့ အခွင့်အလမ်းတွေ မပေးနိုင်ပေမဲ့လို့

ဒီမင်း

ကရင်နီအမျိုးသမီးတွေဟာ လက်နက်ကိုင်ပြီး စစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့အတွက် ဆန္ဒပြင်းပြကြပေမယ့် မိန်းကလေးတွေရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ရှေ့တန်းမှာ စစ်တိုက်ခွင့် မရကြပါဘူး။ ဒီလိုစစ်မတိုက်နိုင်လို့ တော်လှန်ရေးမှာ အမျိုးသမီးတွေ ပါဝင်မှု မရှိဘူးလို့ ပြောလို့ မရပါဘူး။

တော်လှန်ရေး ကာလမှာ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးတို့မှာ အမျိုးသမီးများ ပါဝင်လုပ်ဆောင်ပေးနိုင်သည်ကိုက ကရင်နီအမျိုးသား ခုခံတော်လှန်ရေး သမိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း မြန်မာစစ်အစိုးရကို နှစ်ပေါင်း ၆၀ ကျော် တော်လှန်တိုက်ခိုက်လာခဲ့တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ ကရင်နီတပ်မတော်တို့ အနေဖြင့် ငြင်းပယ်လို့ မရပါဘူး။

“သူတို့ (အမျိုးသမီးများ) တကယ်တမ်း လုပ်ငန်း လုပ်တဲ့ နေရာမှာ စိတ်ရင်း စေတနာ အရင်းခံ ထားပြီးတော့ သူတို့ အနစ်နာခံပြီးတော့ လုပ်တယ်။ အသပြာငွေကြေး တပြားတချပ်မှ မရတဲ့ အပြင်ကို တချို့ဆိုရင် အစာရေစာ ငတ်ပြတ်ပြီးတော့ တာဝန်ထမ်းဆောင်တဲ့အထိ ဖြစ်ခဲ့တာကို ကျနော်တို့ တွေ့ရပါတယ်” လို့KNPP အတွင်းရေးမှူး-၁ ခူးဦးရယ်က ပြောပါတယ်။

ဆက်လက်ပြီး ခူးဦးရယ်က “ကျနော့် အတွေ့အကြုံအရ ခုခံတော်လှန်ရေး ၆၂၊ ၆၃ ၀င်ပြီပေါ့လေ။ တစ်ချို့အမျိုးသမီးဆိုရင် ကျောင်းဆရာ၊မတွေ အနေနဲ့ ပါဝင်ပြီးတော့ တော်လှန်ရေး နယ်ပယ်မှာ လုပ်ကျွေးပြုနေတာ ရှိတယ် တစ်ချို့က ဆေးဆရာမ အနေနဲ့ သူနာပြု အနေနဲ့ ပါဝင်ပြီးတော့ ခုခံတော်လှန်ရေးမှာ ရဲဘော်ရဲဘက်တွေနဲ့ လက်ရည် တပြေတည်း စစ်မြေပြင် တာဝန်ထမ်းဆောင်နေတာ ရှိတယ်ဆိုတာ ကျနောတို့ သိရတယ်” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က ကရင်နီအမျိုးသမီးတွေဟာ မိမိတိုင်းပြည်အတွက် စစ်မြေပြင်မှာ ကျန်းမာရေးဆိုင်ရာနဲ့ ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်ကြတာတွေရှိသလို ကျောင်းဆရာမ အဖြစ်နဲ့လည်း တာဝန်ထမ်းဆောင် ကြတဲ့ သူတွေ အများအပြား ရရှိခဲ့ပါတယ်။

“ကျန်းမာရေးဘက်မှာလေ တာဝန်ယူပြီးတော့မှ ရှေ့တန်းမှာလည်း တိုက်ပွဲ ကြားထဲမှာ ပါဝင်တာလည်း ရှိခဲ့တယ်လေ”ဟု စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် ဘီထူးက ပြောပါတယ်။

အဲဒီအချိန်တုန်းကဆို ဆေးဖိုး ၀ါးခ ပံ့ပိုးပေးမယ့် NGO အဖွဲ့အစည်းတွေလည်း မရှိခဲ့ကြဘူး။ ငွေအသပြာတွေ မရတဲ့အပြင် စစ်မြေပြင်မှာ အချို့ဆေးမှုး ရဲမေတွေဟာ အစာရေစာ အငတ်ခံရခြင်း၊ ကောင်းကောင်း မစားရ မအိပ်ရတဲ့အပြင် တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရကြပေမယ့် သူတို့တွေမှာ စိတ်ဓာတ်ကျတယ် ဆိုတာ မရှိခဲ့ကြဘူး။ ရှေ့တန်းမှာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မယ့် အထိတောင် ဆန္ဒပြင်းပြခဲ့ကြတယ်။

“ထိုးဆေး မလုံလောက်ဘူးနော့်။ အဲလိုပဲ လုပ်ရတယ်။ တအားခက်ခဲ ရှိတယ်လေ။ တခါတလေ ထိုးဆေး မရှိဘူး။ ကျမ သူ့ (ဒါဏ်ရာ ရတဲ့ ရဲဘ်ာလူနာ)ကို ချော့ပေးလိုက် ခွဲပေးလိုက် ဆေးဝါးလည်း မရှိဘူး” လို့ ၁၃ နှစ်တိုင်တိုင် ဆေးမှုး ရဲမေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အသက် ၆၂ အရွယ်ရှိ ရဲမေဟောင်း ဂျုးရီနာက ပြောပါတယ်။

ဆက်လက်ပြီး “တောထဲမှာ သွားအိပ်တဲ့ အချိန်မှာဆို သူတို့ ဘာမှ မရှိဘူး။ ဆန်မရှိဘူး။ ကျမတို့ ဆန်ပြုတ်ပဲ ချက်တယ်။ ငရုတ်သီးတော့ ရှိတယ်။ ဒါပေမယ့် ဆား မရှိဘူး။ ဒီလိုပဲ စားလည်း တစ်မျိုးကောင်းတာပဲ။ တစ်ခါတစ်လေ ဆန် မရှိဘူး။ ကျောက်ဖရုံသီးပြုတ် တောထဲက ငရုတ်သီးထည့် ဆားမထည့်ဘူး။ စားလိုက်ရယ်လိုက်နဲ့ ပျော်နေတယ်” လို့ ဂျုးရီနာက သူမ ဖြတ်သန်းလာခဲ့ရတဲ့ တော်လှန်ရေး အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၉၈၁ ခုနှစ်မှာ ကရင်နီအမျိုးသမီး အစည်းအရုံး KNOW စဖွဲ့စည်းလိုက်ကတည်းက၊ ပြီးနောက် နိုင်ငံတကာက အမျိုးသမီးတွေနဲ့ မြန်မာနိုင်ငံက တခြားတိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး လုပ်ငန်းတွေကို ပိုပြီး သွင်သွင်ကျယ်ကျယ်လုပ် ပူးပေါင်း လုပ်ဆောင်လာတဲ့ အချိန်က စပြီး တော်လှန်ရေးမှ ဆေးမှူး ရဲမေတွေ စတင်ပျောက်ကွယ်သွားခဲ့ရပါတယ်။

ဒါပေမယ့် ယခု၂၀၁၀ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှာ ၆၂ ကြိမ်မြောက် ကရင်နီတပ်မတော် နေ့ထူးနေ့မြတ်မှာ ရဲမေအချို့ ကရင်နီတော်လှန်ရေးထဲ တဖန် ပြန်လှည်ပေါ်ပေါက်လာတာကို တွေ့ရပါတယ်။

ကရင်နီတော်လှန်ရေးထဲ ရဲမေအဖြစ်နဲ့ ပါဝင်လာရတဲ့ အကြောင်းနဲ့ ပါတ်သက်ပြီး ရဲမေ ရောင်နီက “ကျမတို့ အရေးကို ကျမတို့ ကိုယ်တိုင်တစ်ထောင့် တစ်နေရာမှာပေါ့နော့်။ ကျမတို့ ပါဝင်နိုင်ဖို့ အင်အားဖြည့်ဖို့ပေါ့နော့်။ ကျမ စစ်ထဲကို ၀င်လာရတာပါ” လို့ ပြောပါတယ်။

သူမလိုပဲ တစ်ထောင့်တစ်နေရာကနေ ဖိနှိပ်ခံရတဲ့ ပြည်သူလူထုတွေအတွက် အကျိုးဆောင်ဖို့ ဆန္ဒပြင်းပြနေတဲ့ ရဲမေ ဘေးဘေကလည်း “ကျမတို့ ငြိမ်ငြိမ်နေလို့ မရတော့ဘူး။ ကျမတို့ ထပ်ပြီးတော့မှ အလုပ်လုပ်ဖို့ လိုအပ်နေပြီ။ လုပ်ဆောင်ဖို့လည်း လိုအပ်နေပြီလို့ ကျမ ခံစားနေရတယ်လေ။ ဖိနှိပ်ခံနေရတဲ့ ပြည်သူလူထုအတွက် ကျမတို့က တစ်ထောင့်တစ်နေရာကနေ ပါဝင်ပြီးတော့မှ စလုပ်ဖို့ လိုနေပြီ” လို့ ပြောပါတယ်။

ကရင်နီအမျိုးသမီးတွေဟာ တခြားတိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ လုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာ ပါဝင်ပူးပေါင်းမှု အားကောင်းလာတယ် ဆိုပေမဲ့ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး အရင်ကထက် စာရင် လုပ်ရည်ကိုင်ရည် အားနည်းလာရတဲ့ အခြေအနေတွေလဲ ရှိပါတယ်။

“ဥပမာ လုပ်ငန်း တစ်ခုကို ပါဝင်လှုပ်ရှားတဲ့ အချိန်ကာလနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကနဲ့ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ ယှဉ်မယ်ဆိုရင် အများကြီး နှစ်နှစ်ကာကာ တကယ်ပဲ အမျိုးသားရေး စိတ်ဓာတ် လုပ်ဆောင်တာတွေမျိုး ကျနော်တို့ မတွေ့ရဘူး၊ ကုန်ကုန် ပြောရင်ပေါ့” လို့ KNPP အတွင်းရေးမှူး-၁ ခူးဦးရယ်က ထောက်ပြပါတယ်။

“ကျနော့ အမြင်နဲ့ပေါ့လေ။ ကျနော်တို့ တိုင်းပြည် ပြန်လည်ရှိရေးအတွက်က တာဝန်က ယောက်ကျားတွေကြီး မဟုတ်ဘူး။ အမျိုးသမီးဘက်မှာလည်း သူတို့မှာ တာဝန် ရှိတယ်” လို့ ဗိုလ်ချုပ် ဘီထူးက ပြောပါတယ်။

ကရင်နီတော်လှန်ရေး နှစ်ပေါင်း ၆၀ ကျော်လုံးလုံး နအဖစစ်တပ်တို့ရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ကရင်နီပြည်သူတွေထဲက ဖိနှိပ်ရက်စက်မှု ဒါဏ်တွေကြောင့် အမျိုးသမီး အများစုဟာလည်း ဖြေဖြောက်မေ့ပစ်လို့ မရတဲ့ စစ်တပ်ရဲ့ ရက်စက်မှု ဒါဏ်ကို ခါးခါးတီးတီး ခံစားကြရပါတယ်။

လာမဲ့ မြန်မာပြည်ရွေး ကောက်ပွဲဟာလည်း စစ်အစိုးရတို့ရဲ့အာဏာရပ်တည်ရေးသာ ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အမျိုးသမီးများ အနေနဲ့ ဒီထက်ပိုပြီး တတ်နိုင်သလောက် တိုင်းပြည်နဲ့ လူမျိုးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပူးပေါင်းဖို့ အချိန်တန်ပြီလို့ ယခုနှစ် ၂၀၁၀မှာ ရဲမေသစ်အဖြစ် ပါဝင်လာတဲ့ အမျိုးသမီးတွေက ကျွေးကျော်ကြပါတယ်။

အမျိုးသမီးတို့ရဲ့ ကျွေးကျော်သံတွေနဲ့ ပါတ်သက်ပြီး ခူးဦးရယ်ရဲ့ အမှာစကားတခုက “အလုပ်လုပ်တဲ့ နေရာမှာ မပြည့်စုံမှုတွေ နေရာတိုင်းမှာ ရှိနေတာကို သဘောပေါက်ဖို့ လိုတယ်။ အမျိုးသားရေး စိတ်ဓာတ်ကို နည်းနည်း အရင်းခံ ထားပြီးတော့ လုပ်ငန်းကိုတော့ ထမ်းဆောင်ကြဖို့တော့ ကျနော် အဲလိုတော့ မှာချင်တယ်။”


ဘိန်းမြေဖြစ်သွားတော့မယ့်တောင်ဇလပ်မြေ

ဇလပ်နီ၊ စစ်မုန်းလူ၊

ဆောင်းနှင်းတွေဖွေးလာရင် ချင်းတောင်တခွင်လုံး တောင်ဇလပ်ပန်းနီပွင့်ဖတ်ကြီးတွေက အလှချယ်မြန်း ထားသလို ပန်းချယ်ရီ တွေက လည်း အလှဆင်မြန်းထားတတ်ကြတယ်၊ ပန်းချီဆရာတွေက အလှချယ် ထားတာမဟုတ်ပဲ သဘာဝက အလှဆုံး မွန်းချယ်ပေးထား တာပါ။ လေအလာမှာ ထင်းရှူးရနံ့တွေ ချင်းတောင်တခွင်လုံးသင်းနေတတ်စမြဲပါ။မတ်စောက်လွန်းတဲ့ကျောက်ကပ်ပါးတွေဟာ ပြည်ပရန်တွေ ၀င်မလာနိုင်အောင် ချင်းပြည်ကို ကာဆီးပေး ထားပါတယ်။ ရန်သူဝင်လာပြီ ဆိုရင် အရှေ့ဖက် ကင်းသမား(မျောက်)တွေက အသံပေးသွားတတ်တယ်၊ အနောက်ဖက် ကင်းသမား (မျောက်လွဲကျော်)ကလည်း တပ် လှန့်သွားတတ်ပါတယ်၊ ချင်းတောင်တနံ တလျားကိုအောက်ချင်းငှက်တွေက အတောင်ပံဖြန့်ကျက်ပြီး ကင်းလှည့်နေတတ်ပါတယ်။ အဲဒါ တချိန် ကပါ။

ယနေ.ချင်းတောင်ရဲ့ သဘာဝအလှဆိပ်သုန်းလုနီးပါးဖြစ်နေပါပြီ၊ ဌါနေကျန်ချင်းလူမျိုးတွေရဲ့ ရိုးစင်းတဲ့ အနေအထိုင် အဖြူရောင် စိတ်ဓါတ်တွေဟာ အရောင်အမျိုးမျိုးစွန်းထင်းသွားပြီ၊ တချိန်က ယာမီးခိုးဟာ စိုက်သီးနှံတွေအတွက် ဖြစ်ခဲ့ပေမဲ့ ခုချိန်မှာတော့ ဘိန်းပင် တွေအတွက်ဖြစ်နေခဲ့ရပါပကောလား။

တချိန်က စိမ်းစိုနေတဲ့ သီးနှံစိုက်ခင်းတွေဟာ ယခုအခါ ဘိန်းစိုက် ခင်းတွေ ကလွှမ်းမိုး အုပ်စိုးလာနေ ပါပြီ။ ဒီလိုဖြစ်လာတာဟာ ချင်းပြည် သူတွေက ဖန်တီးထားတာမဟုတ်ပဲ နအဖက စီးပွါးရေးအရသော် လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အမြတ်ရရှိမည်ဟု ယူဆရသော တချို့ လက်နက်ကိုင် အုပ်စုတို့နဲ.ပူးပေါင်းပြီး ချင်းပြည်နယ် အထက်ပိုင်း တွန်းဇံမြို့နယ်မှာ ဘိန်းပင်တွေစိုက်ပျိုးနေကြ လို့ပါ။

ငွေများတရားနိုင်ဆိုသလို ချင်းလူမျိုးတွေရဲ့ လူမှုဘ၀တွေကို ငွေစက္ကူက တဖြည်းဖြည်းအနိုင်ပိုင်းလိုက် ပါပြီ၊ တချိန်က ချင်းပျိုဖြူတွေရဲ့ အောက်ချင်းငှက်သစ္စာကို ငွေစက္ကူက ဖျက်ဆီးနေပါပြီ။

လွန်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ်ကတည်းက စတင်စိုက်ပျိုးလာခဲ့ကြတဲ့ အဲဒီဘိန်းပင်တွေဟာ ယခုလက်ရှိမှာ ဧက ပေါင်း ၁၀ဝဝ ကျော်ခန့်ရှိနေပြီဟု ကိုယ်တိုင်သွား ရောက်လေ့လာခဲ့တဲ့ အမည်မဖေါ်လိုသူ ဒေသခံတဦးရဲ့  အဆိုအရ သိရပါသည်။

“ဘိန်းပင်တွေကို အဓိကစိုက်ပျိုးကြတဲ့နေရာတွေကတော့ တွန်းဇံမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှာ တည်ရှိတဲ့ Singpial(ရှင်းပီလိုင်)၊ Zunglawn (ဇုံးလောင်း)၊ Phaisat(ဖိုင်ဆပ်)၊ Suanghawih စတဲ့ကျေးရွာတွေအပြင် အခြားစိုက်ပျိုးတဲ့ကျေးရွာ များလည်းအများအပြား ရှိနေတယ် ”လို့အဆိုပါ ကပြောပါတယ်။

တချို့ လက်နက်ကိုင်အဖွဲ့ တွေ အဲဒီကျေးရွာအနီးအနားမှာ စခန်းချထားပြီး သူတို.ရဲ.ဘိန်းစိုက်ခင်းတွေ ကိုကြီးကြပ်ကွက်ကဲမှု ပြုလုပ် နေကြပါတယ်။ ဒေသခံချင်းပြည်သူတွေကလည်း တနေ.ထက်တနေ. စားဝတ်နေရေးကြပ်တည်းသည့် ပြသနာကြောင့် ဘိန်းလုပ်ကွပ် တွေမှာ သူတို့ရဲ့ ဘ၀ကို နှစ်မြုပ်နေရ တော့တဲ့ အနေအထားမျိုးကို ရောက်ရှိသွားကြတော့တယ်။

အငတ်ဘေးတွင်းထဲမှာရုန်းကန်နေကြတဲ့ချင်းပြည်သူကို ငွေကြေးတွေနဲ.မြူဆွယ်ပြီး နေ.စားလုပ်အားခ တွေ ဈေးကောင်းကောင်းပေးပြီး ချင်းပြည်သူတွေအတွက် အဆိပ်ပင်ဖြစ်လာမည့်ဘိန်းပင်တွေကို သူတို. ကိုယ်တိုင်စိုက်ပျိုးခိုင်းခဲ့ကြပါတယ်။

"တောင်ယာလုပ်ခုတ်တဲ့နေရာတချို.တွေမှာဘိန်းစိုက်တဲ့အခါကျတော့ တောင်ယာလုပ်လို့မရတော့ဘူး၊ ပြည်သူတွေကလဲ ငွေများများ ရတဲ့ ဘိန်းလုပ် ငန်းကိုဘဲပိုလုပ်ချင်ကြတော့တယ်၊ လုပ်ခများများရတော့ ယင် သူတို.ကိုသူတို.ဟုတ်လှတယ် လို.ထင်နေကြတော့တာပေါ့ ၃နာရီ ၄ နာရီကြာ ဘိန်းခင်းမှာ အလုပ် လုပ်ရင် ၁၅၀၀၊ ၂၀၀၀ ရကြတယ်။ သူတို.တော်တော်ပျော်နေတယ်ပေါ့ ဒီလုပ်ငန်းလုပ်ရ တဲ့အတွက်တော် တော်များများ စားဝတ်နေရေးပြေလည်တဲ့သူတွေလဲရှိတာပေါ့လေ" ဟု ကိုယ်တိုင်သွားရောက်လေ့ အဆို ပါဒေသခံ ပြောပါတယ်။

အခုလိုကိုယ်တိုင်ကိုယ်ကျဘိန်းပင်တွေကိုစိုက်ပျိုးနေရသည့်အတွက် ဒေသခံချင်းလူငယ်တချို.ဘိန်းစိမ်း များကို စားသုံးတတ်လာပြီး တဖြည်းဖြည်းနဲ.ဘိန်းစွဲသူများပြားလာနေတယ်၊ သူတို့လေးတွေရဲ့အနာဂတ် ဟာ အလွန်စိုးရိမ်စရာဖြစ်နေတယ်ဟုသူက ဆက်ပြော ပါတယ်။

"ရင်နာစရာဘဲ တကယ့်ရင်နာစရာဘဲ ဘိန်းစိမ်းတွေကိုတွန်းဇံမြို့နယ် Sialthawzang ရွာ၊ Dimzang ရွာကနေ တဆင့် ကလေးမြို.နယ်တ၀ိုက်။ ရေနံမှော်တွေမှာဖြန့်ကြတယ် Dimzang ရွာကလူငယ် တွေဆိုရင် ဘိန်းစွဲပြီးမှကြည့်မကောင်းသည့်အဆင့်အထိ တောင့်ဖြစ်နေကြပီပေါ့လေနော်၊ လူငယ်ယော ကျာ်းလေးတော်တော်များများပိန်ချူံးပြီးမှအိမ်ထဲမှာဘဲကုပ်နေရတဲ့အဆင့်ဖြစ်နေပြီ ဒါ တောင် ဘိန်းခင်း တွေစိုက်ပျိုးတဲ့နေရာမဟုတ်သေးဘူး ဘိန်းတွေကို သယ်ယူဖောက်ကားနေတဲ့လမ်းပေါ့" ဟုသူကဆက် ပြောပါတယ်။

ယခုကဲ့သို. နအဖစစ်အစိုးရက တချို့ လက်နက်ကိုင်အဖွဲ့ နှင့်ပူးပေါင်းပြီး ချင်းပြည်နယ်တွင် ဘိန်းစိုက် ပျိုးခြင်းပြုလုပ်တာဟာ ချင်းလူမျိုး တွေ အတွက်အစစအရာရာ ဆိုးရွားလာနိုင်ဖွယ်သာရှိပါတယ်။

ဒါကြောင့် ပြည်ပမှာအခြေစိုက်နေတဲ့အစိုးရမဟုတ်တဲ့ အဖွဲ.အစည်းများ ချင်းနိုင်ငံရေး အဖွဲ.အစည်းများ မှဝိုင်းဝန်းကြိုးပမ်းပြီး ဘယ်လိုကာကွယ်မလဲ ဆိုတာ လုပ်ဆောင်သင့်တယ်လို.သူကပြောပါတယ်။
မြန်မာနိုင်ငံတွင် အဓိကဘိန်းစိုက်ပျိုးကြသည့် ပြည်နယ်များမှာ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို.ဖြစ်ကြသည်။ လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်နောက်ပိုင်းကပြီး ချင်းပြည်နယ်အထက်ပိုင်းတွန်းဇံမြိုနယ် မဏိပူရ်ပြည်နယ်စပ်ဘက်တွင် မြန်မာအာဏာပိုင်များနှင့်သဘောတူညီမှု ရယူထားသည့် လက်နက်ကိုင် သူပုန်တချို့ က ဘိန်းစတင်စိုက်ပျိုးလာခဲ့ခြင်းဖြစ်ပါသည်။

ချင်းတောင်တွင် စစ်အစိုးရက လက်ဘက်စိုက်ပျိုးရေး စီမံကိန်းနှင့် ခြံစည်းရိုးကြက်ဆူပင် စီမံကိန်းများကို အကောင်အထည်ဖေါ်လုပ် ဆောင်နေ သော်လည်း လက်တွေ့ မှာ အပင်မရှိသည့် ဆိုင်းဘုတ်လှလှဖြင့် တပ်ထားသော ပုံများကိုသာ နေရာအနှံ့ တွေ့ ရသည်။ စစ်အစိုးရက ချင်းပြည်နယ်မှာ မည်သည့် စိုက်ပျိုး ရေးကို အောင်အောင်မြင်မြင်ဖြစ်မလဲ ဆိုသည့် အစီအစဉ်ဖြင့် ဘိန်းစိုက် ပျိုးရေးကို စတင်နေသလား။

ချင်းလူငယ်တွေရဲ့ ဘ၀ကို ဖျက်ဆီးပြီး စစ်အစိုးရက အဖြူရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့် ပြည်နယ်ဟာ ကမ္ဘာက ဘာနယ်မြေအရောင်သတ်မှတ်ပေးလာမလဲဆိုတာကို ချင်းလူမျိုးအတွက် တွေးစရာမေးခွန်းဖြစ်နေပါသည်။

၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့  ဘီဘီစီသတင်းအရ မြန်မာနိုင်ငံမှာ ၂၀၀၆ခုနှစ်ကနေ ဘိန်းစိုက် ပျိုးနှုန်း ၅၀ ရာခိုင်နှုန်း မြင့်တက်နေ ကြောင်း ဖေါ်ပြခဲ့ပါသည်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတဝန်းတွင် အာဖဂန်နစ္စတန်သည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ သည် ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ ကမ္ဘာက နာမည်ဆိုးတဆိပ်များပေးထားသည့် နိုင်ငံများလိုပင် ချင်းတောင်ဟာလည်း တောင်ဇလပ်မြေ ကနေ ဘိန်းမြေအဖြစ် သို. စစ်အစိုးရက အစီအစဉ်ရှိရှိ သွတ်သွင်းနေသည်ကို ချင်းလူထုက သတိထားသင့်ပေသည်။



ထိုင်းနယ်စပ် ၀ တပ်ဖွဲ့များမြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ်မပြန်ပါကတိုက်မည်ဟုနအဖခြိမ်းခြောက်

မွေခေါင်

မိုင်းတုံ-မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက်အခြေစိုက်သော တောင်ပိုင်း ၀ တပ်ဖွဲ့စစ်ဒေသအမှတ် ၁၇၁ လက်အောက်ခံတပ်များအားလုံး မြောက်ပိုင်း ၀ နယ်သို့တပ်ရုပ်မပြန်လျှင်ထိုးစစ်ဆင်မည်ဟု နအဖဖက်မှခြိမ်းခြောက် ထားကြောင်း စုံစမ်းသိရှိရပါသည်။

မိုင်းတုံ-မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက်အခြေစိုက်သော တောင်ပိုင်း ၀ တပ်ဖွဲ့စစ်ဒေသအမှတ် ၁၇၁ လက်အောက်ခံတပ်များအားလုံး မြောက်ပိုင်း ၀ နယ်သို့တပ်ရုပ်မပြန်လျှင်ထိုးစစ်ဆင်မည်ဟု နအဖဖက်မှခြိမ်းခြောက် ထားကြောင်း စုံစမ်းသိရှိရပါသည်။

“တောင်ပိုင်း ၀ တပ်ဖွဲ့တွေ ပန်ဆန်းဘက်အားလုံးပြောင်းခိုင်းထားတယ်။ မပြောင်းဘူးဆိုရင်စစ်ဖြစ်မယ်လို့ မိုင်းဆတ် ဒကစမှူးကခြိမ်းခြောက်ထားတယ်” ဟု မိုင်းတုံဒေသခံတစ်ဦးကပြောပါသည်။

သြဂတ်စ် ၂၇ ရက် နံနက်ပိုင်း မိုင်းဆတ်-မိုင်းတုံမှ နအဖစစ်အရာရှိအချို့ စစ်ကားကြီး ၆ စီး၊ ကားငယ် ၃ စီးဖြင့် မိုင်းတုံအနောက်တောင်ဖက် မိုင်းကျွက်သို့ခရီးထွက်ခဲ့၏။ မိုင်းကျွက်အခြေစိုက် တပ်မဟာ ၇၇၂ မှ ၀ အရာရှိများအား ခေါ်ယူပြောဆိုပြီး ညနေပိုင်း ပြန်သွားခဲ့ကြသည်။

နောက်တစ်နေ့ သြဂတ်စ် ၂၈ ရက် မိုင်းယွမ်းအခြေစိုက်တပ်မဟာ ၅၁၈ မှတပ်မှူးအပါအ၀င် ဖှိုးဝှီးကားအစီး ၂၀ ကျော် မိုင်းကျွက်သို့ထွက်ခွါသွားကြသည်ဟုဆို၏။

“အသက်သွေးချွေး/ငွေအား/ပစ္စည်းဥစ္စာတွေ အများကြီးရင်းနှီးထားရပြီမို့ ၀ ဖက်ကတပ်ရုပ်မပေးနိုင်ဘူး။ နအဖဖက်က တိုက်မယ်ဆိုရင်လဲတိုက်ပေါ့။ သူတို့သဘောအတိုင်းဘဲ” ဟု ၀ တပ်မှူးကပြောဆိုကြောင်း မိုင်းကျွက်ဒေသခံတစ်ဦးက ပြောပါသည်။

ဝ တပ်ဖွဲ့စစ်ဒေသ ၁၇၁ လက်အောက်ခံတပ်မဟာ ၅ ခုရှိပြီး ၇၇၂ မိုင်းကျွက်၊ ၇၇၅ ဟွေအော့၊ ၇၇၈ ခိုင်းလုံ၊ ၂၄၈ ဟိုယွက်-ဟိုပန်နှင့် ၅၁၈ မိုင်းယွမ်းတို့၌ အသီးသီးအခြေစိုက်ကြသည်။

“၀ တပ်တွေ တပ်ရုပ်မပြန်ရင်စစ်ဖြစ်မယ်လို့ နအဖဖက်ကခြိမ်းခြောက်ထားပေမဲ့ တခြားဒေသကလာတဲ့စစ်အင်အား ထပ်ဖြည့်တာမတွေ့ရဘူး” ဟု ၎င်းကဆက်လက်ပြောပါသည်။

တဖက်မှလည်း မိုင်းတုံမြို့နယ်အတွင်းရှိ ၀ ရွာသားများလာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီကိုမဲပေးထောက်ခံ ရမည်ဟုလည်း ဒေသခံနအဖအာဏာပိုင်များပြောဆိုထားသည်။

မဲပေးပိုင်ခွင့်ရှိသူ ၀ လူထုစာရင်း ၅၀၀၀ ကို ၀ အုပ်ချုပ်ရေးအဖွဲ့ကစာရင်းတင်ပြခဲ့သော်လည်း ၂၀၀၈ ပြည်သူ့ ဆန္ဒခံယူပွဲ၌ ၀ လူထုစာရင်း ၈၀၀၀ ရှိသည်ဟုစာရင်းရထားသဖြင့် စစ်ဆေးရလိမ့်မည်ဟုလည်း နအဖကဆို၏။

ရွှေ့ပြောင်း အလုပ်သမားတွေကို ကျမတို့ အနိုင်ကျင့်ခဲ့ကြပုံ

စိုးနေလင်း

(Sanitsuda Ekachai ရဲ့ How we bully our migrant workers ကို ဘာသာပြန်ဆိုပါသည်။)

မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေကို ပတ်စ်ပို့တွေ ကိုင်ဆောင်ခိုင်းပြီး တရားဝင် ဖြစ်စေချင်တယ်ဆိုပြီး ကျမတို့ကပဲသူတို့ကို ကျမတို့ရဲ့ဖိနှိပ်မှု နည်းဟောင်းတွေကို နာခံလိုက်နာ စေချင်ပုံပါပဲ။ အဲဒီလိုမဟုတ်ဘူးဆိုရင် သူတို့တွေဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် နေတာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားဝင်ရွှေ့ပြောင်း အလုပ်သမားတွေကို ယာဉ်မောင်းလိုင်စင်ထုတ်ပေးဖို့ ဘာဖြစ်လို့ ငြင်းဆန်ခဲ့ရတာပါလဲ။

မကြာသေးခင်က ရနောင်းခရိုင် အာဏာပိုင်တွေက တကယ်လို့သူတို့ကို အဲဒီလိုမောင်းနှင်ခွင့်ပြုလိုက်ရင် သူတို့ရဲ့လုပ်ငန်းကိုဝင်ပြီး လုပ်ကိုင်လာမှာစိုးရိမ်ကြတဲ့ ရနောင်းက မော်တော်ဆိုင်ကယ် တက္ကစီသမား ၂ဝဝ လောက်က ကန့်ကွက်ဆန္ဒပြလာတဲ့အချိန်မှာ တရားဝင်မြန်မာအလုပ်သမားတချို့ကို ယာဉ်မောင်းလိုင်စင် ထုတ်ပေးနေတာကို ရပ်ဆိုင်းလိုက်ပါတယ်။

ပိုဆိုးတာက မော်တော်ဆိုင်ကယ် တက္ကစီသမားတွေက အဲဒီအလုပ်သမားတွေဟာ သူတို့ရလာမယ့် အခွင့်အရေးသစ်ကို အလွဲသုံးစားလုပ်ပြီး မူးယစ်ဆေးဝါးရောင်းချမယ် တရားမဝင်အလုပ်သမားတွေကို တိုင်းပြည်ထဲ ခိုးသွင်းလာကြမယ်လို့ ပြောခဲ့တာပါပဲ။

သူတို့ရဲ့စိုးရိမ်ကြောင့်ကြမှုကိုလည်း နားလည်နိုင်ပါတယ်။ ဒါပေမယ့် တရားဥပဒေချိုးဖောက်တဲ့သူတွေကို ဖမ်းဆီးအရေးယူဖို့က ရဲတွေရဲ့အလုပ်မဟုတ်ပါလား။ သတင်းတွေအရ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ သူတွေနဲ့ လူကုန်ကူးတဲ့သူတွေဟာ ရွှေ့ပြောင်းမလုပ်သမားတွေ မဟုတ်ဘဲ ယူနီဖောင်းဝတ်တွေပဲ ဖြစ်နေကြတယ် မဟုတ်ပါလား။

တခြားလူတယောက်ရဲ့ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ပြီး တောင်းဆိုတင်ပြလာတာကို လက်ခံခွင့်ပြုတာကကော မှန်ကန်ပါရဲ့လား။ အခြေခံ လူ့အခွင့်အရေးတခုအတွက် လှုပ်ရှားဆောင်ရွက်ခွင့်ကို ကျမတို့ မစဉ်းစားကြတော့ဘူးလားရှင်။ ဒီလိုမှမဟုတ်ရင်လည်း ကျမတို့က ရွှေ့ပြောင်းအလုပ်သမားတွေကို လူတွေအဖြစ် မမြင်နိုင်ကြတာပဲလား။ ကျမတို့ရဲ့ အဓိကပြဿနာက ဘာပါလဲ။

အဲဒီအလုပ်သမားတွေဟာ မြန်မာနိုင်ငံထဲက ပြင်းထန်တဲ့ ဆင်းရဲကျပ်တည်းမှုနဲ့ ရက်စက်ကြမ်းတမ်းတဲ့ မတော်မတရား အလုပ်ခံရမှုတွေရဲ့ ဘေးကနေလွတ်မြောက်အောင် ထွက်ပြေးလာကြပြီး ဒီမှာညစ်ပတ် အန္တရာယ်များတဲ့အလုပ်တွေကို လုပ်ခနည်းနည်းလေးနဲ့ တပင်တပမ်းလုပ်ဖို့ လာခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ကို ကျမတို့က ကျမတို့အပါ် လူမှုရေးပြဿနာတွေ ကူးစက်ရောဂါတွေ ဖိစီးအောင်လုပ်နေတဲ့ မလိုလားအပ်တဲ့ ပြည်ပနိုင်ငံခြားသားတွေအဖြစ် မကောင်းပြော ပြစ်တင်ကြပါတယ်။

သူတို့ကို သူတို့ရဲ့ မိခင်တိုင်းပြည်က အတင်းမောင်းထုတ်နေတဲ့ ရက်စက်ဆိုးဝါးတဲ့ မြန်မာနိုင်ငံ စစ်အစိုးရကို ကျမတို့အစိုးရက ထောက်ခံအားပေးနေတဲ့အချက်ကိုတော့ ကျမတို့က ထည့်မစဉ်းစားကြပါဘူး။ ပြီးတော့ သူတို့တွေရဲ့ ကျေးကျွန်လို အခြေအနေမျိုးကို ကျမတို့မမြင်နိုင်အောင် ဖြစ်သွားစေခဲ့တာက ကျမတို့ရဲ့ အာဃာတ တရားကြောင့်ပါပဲ။

ကျမတို့ထိုင်းတွေက ကျမတို့ကိုယ်ကျမတို့ လွတ်လပ်တဲ့နိုင်ငံကြီးသား လွတ်လပ်တဲ့သူတွေဖြစ်တယ်ဆိုပြီး ဂုဏ်ယူကြပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကျေးကျွန် တစိတ်တပိုင်း အခြေအနေဖြစ်တဲ့ ချုပ်နှောင်ကန့်သတ်မှုကို ကျမတို့က အမွှမ်းတင်ကြပါတယ်။ ဘာဖြစ်လို့ အဲဒီလို ဖြစ်ရတာပါလဲ။

ကျမတို့က သူတို့ကို တရားမဝင်လို့ တံဆိပ်တပ်ပြီး ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် မြင်ကြတဲ့အချိန်မှာ ကျမတို့က တကယ်လို့သာ မြန်မာအလုပ်သမားတွေဟာ တရားဝင်သာ ဝင်ရောက်လာရင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြဿနာတွေနဲ့ လူကုန်ကူးတာတွေဟာ ပျောက်ကွယ်သွားလိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

ဒါကြောင့်ပဲ ကျမတို့က ပတ်စ်ပို့ ရရှိရေးအတွက် သူတို့ကို အန္တရာယ်တွေ၊ ခြိမ်းခြောက် ငွေညှစ်မှုတွေနဲ့ ရှုပ်ထွေးတဲ့ ကြိုးနီစနစ်ကို ရင်ဆိုင်ရအောင် အတင်းအဓမ္မ ပြန်ပြီးမောင်းထုတ် ကြပါတယ်။ ခေါင်ခိုက်နေတဲ့ ကုန်ကျစရိတ်တွေကိုတော့ ထည့်မပြောပါနဲ့တော့။ ခုချိန်ထိကတော့ ထိုင်းနိုင်ငံမှာရှိနေတဲ့ ၂သန်း ၃သန်း လောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထဲက ၉ဝ,ဝဝဝ လောက်ပဲ ပတ်စ်ပို့ ရယူနိုင်ပါသေးတယ်။

ဒါပေမယ်လို့ ခက်ခဲတဲ့လုပ်ငန်းစဉ်တွေကို လုပ်ပြီးပြန်တော့လည်း အဲဒီအလုပ်သမားတွေအတွက် တရားဝင်အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကိုရမယ်။ အလုပ်ရှင်တွေကို ပြောင်းလဲသွားအောင် လုပ်ပေးမယ် ဆိုတဲ့အာမခံချက်မျိုး မရှိပါဘူး။

အရင်ကလိုပဲ အလုပ်ကြမ်းသမားတွေအဖြစ် အိမ်စေတွေအဖြစ်ပဲလုပ်ခွင့်ရကြမှာ ဖြစ်ပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်လည်း ရကြမှာ မဟုတ်ပါဘူး။

အဲဒီလို မဖြစ်စလောက်အခွင့် အကျိုးကျေးဇူးလေးအတွက်နဲ့တော့ အလုပ်သမားအများစုက တဘက်မှာ လူကုန်ကူးမှုတွေ ပွားစီးအောင်မြင်လာတဲ့အချိန်မှာ တရားမဝင်အဖြစ်ပဲ ဆက်နေပြီး ခေါင်းပုံဖြတ်ခံဖို့ကိုပဲ ပိုပြီးသဘောကျကြပါတယ်။

ရနောင်းအဖြစ်အပျက်နဲ့ ပတ်သက်လို့ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထုတ်ပေးတဲ့ ယာဉ်မောင်း လိုင်စင်တွေဟာ တကိုယ်ရေသုံးသာဖြစ်ပြီး မော်တော်ဆိုင်ကယ် တက္ကဆီဆွဲလို့ တက္ကစီဆွဲစားလို့ မရပါဘူး။ နောက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေဟာ တရားဝင်ပဲဖြစ်ဖြစ် တရားမဝင်ပဲဖြစ်ဖြစ် သူတို့ကို ကန့်သတ်ပေးထားတဲ့ နယ်မြေတွေရဲ့ပြင်ပကို ခရီးသွားလို့ မရပါဘူး။

ဒါကြောင့်မို့လို့ ယာဉ်မောင်းလိုင်စင်ဟာ သူတို့ကို ရဲအန္တရာယ်မကြောက်ရဘဲ သူတို့ကို ခွင့်ပြုထားတဲ့ နယ်မြေအတွင်းမှာ အလုပ်သွား၊အလုပ်ပြန်လုပ် ဟိုဟိုဒီဒီ သွားဖို့လောက်ပဲ အထောက်အကူရမှာ ဖြစ်ပါတယ်။ ဒါပေမယ်လို့ အဲဒါတောင်သူတို့လုပ်လို့မရဘူး ဖြစ်နေပါတယ်။

ကျမက အဲဒါတွေအားလုံးနဲ့ပတ်သက်ပြီး ရေးနေတာက ဘာဖြစ်လို့လဲဆိုတော့ ရနောင်းမှာရှိကြတဲ့ အလုပ်သမားတွေအတွက် သူတို့ရဲ့ မော်တော်ဆိုင်ကယ်လေးတွေနဲ့ စားစရာသောက်စရာတွေ သွားဝယ် နိုင်ဖို့က သူတို့အတွက် သေရေးရှင်ရေးဖြစ်နေလို့ပဲ မဟုတ်ပါဘူး။ ကျမတို့အတွက်လည်း သေရေးရှင်ရေး ဖြစ်နေလို့ပါ။

ကျမတို့ဟာ အားနည်းသူတွေနဲ့ မရှိဆင်းရဲသားတွေကို ကျမတို့နဲ့တန်းတူရည်တူ လူသားတွေအဖြစ် မမြင် နိုင်သေးဘူးဆိုရင်တော့ ကျမတို့ဟာ ကျမတို့ရဲ့နိုင်ငံရေးချောက်နက်ကြီးနဲ့ အနာဂတ်မှာလူတွေ အများကြီးသေကြေ ဒဏ်ရာရကြမယ့်အဖြစ်တွေကို ဘယ်လိုထွက်မြောက်ရှောင်ရှား နိုင်ကြမှာပါလဲ။

ကျမတို့တိုင်းပြည်ကို ပြိုကွဲအောင် ခြိမ်းခြောက်နေတဲ့ လူမှုမတရားမှုနဲ့ စံနှုန်းနှစ်ခုထား ဆက်ဆံမှုတွေရဲ့ အဓိကအချက်ကတော့ ကျမတို့ထက်ပိုပြီး အဆင့်နိမ့်သူတွေလို့ ကျမတို့က မြင်နေတဲ့လူတွေရဲ့ အရေးကိစ္စတွေနဲ့ ဥပဒေအရ လိုအပ်ချက်တွေကို လေးစားမှုမရှိတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေ ဟာ ကျမတို့ရဲ့ကြီးနိုင်ငယ်ညှဉ်း လောကကြီးရဲ့အောက်ဆုံးလှေခါးထစ်မှာ ရှိကြတာပါ။ လူမှုတရားမျှတမှု ဆိုတာရဲ့ အချက်ပြ အမှတ်အသားဟာသူတို့တွေကို ကျမတို့က ဘယ်လိုဆက်ဆံတယ် ဆိုတာပါပဲ။

မေလ သွေးထွက်သံယိုဖြစ်မှုက အခြေခံတည်ဆောက်မှုဆိုင်ရာ တရားမျှတမှုကိုပြင်ဆင်ဖို့ ကြိုးစား လာကြအောင်ကို ကျမတို့ကို ထိတ်လန့်တုန်လှုပ် သွားစေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်လို့သာ ရွှေ့ပြောင်း အလုပ်သမားတွေကို အခုကျမတို့ ပြုမူဆက်ဆံနေတဲ့ပုံစံကို ကျမတို့က အိုကေတယ်လို့ ယူဆ နေသေးတယ်ဆိုရင်တော့ စိတ်မချရသေးပါဘူး။

ကျမတို့ဟာ မျှတကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတခုကို ရရှိဖို့ နီးစပ်လာပြီလို့ မျှော်လင့်လို့ မရသေးပါဘူး ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ဖြစ်စေနိုင်တဲ့အရာတွေ ကျမတို့ရင်ထဲမှာ မရှိကြသေးလို့ပဲ ဖြစ်ပါတယ်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Aug,31St,2010

( 53 )ငွေတောင်းကြမ်းသည့် ရဲကြောင့် သုံးဘီးသမားများ အလုပ်ထိခိုက်

( 52 )Wa, Mongla will not allow entry to Election Commission

( 51 )ပဲခူးမြစ်ရေတက် ပဲခူးမြို့တွင် ရေကြီး

( 50 )Pa-O party to assist junta party to canvass for votes

( 49 )လောမြန်မာနယ်စပ်ရှိ စစ်အစိုးရတပ်များအား နယ်ခြားစောင့်တပ်ဖွဲ့နှင့် အစားထိုး

( 48 )Bangladesh and China Keen to Construct Tri-Nation Road and Rail Link Via Burma

( 47 )စစ်အာဏာပိုင်များက ရွေးကောက်ပွဲစည်းရုံးရေးအတွက် အစည်းဝေးပြုလုပ်

( 46 )AMRDP မွန်အမတ်လောင်းအနည်းဆုံးး(၃၂) ဦးရွေးကောက်ပွဲဝင်ရန်သေချာ

( 45 )UN hails ‘trusting’ relations with Burma

( 44 )ရတပ ကျောက်ဖြူ ကျေးလက် စည်းရုံးရေး ခရီးစဉ် ကန့်သတ်မူများ ရှိနေ

( 43 )South-east Asian Highway Hits Roadblock in Burma

( 42 )ဘင်္ဂလာ-တရုတ်-မြန်မာ သုံးနိုင်ငံ ကား၊ ရထားလမ်း ဖေါက်လုပ်ရေး ဘင်္ဂလာနှင့် တရုတ်

( 41 )Generals in Reshuffle Buying Diamonds, Gold

( 40 )(၅) သိန်းတန် ကမ်းရိုးတန်းဖုန်းများ အပိုကြေး (၅) သောင်းကျပ် ပေးသွင်းနေရ

( 39 )State media confirms Myanmar chief still in charge

( 38 )တရုတ်စစ်သင်္ဘော (၂) စင်း သီလ၀ါ ဆိပ်ကမ်း သို့ရောက်

( 37 )Burma ‘hosting India’s greatest security threat’

( 36 )ဧရာဝတီတိုင်းတွင် ငွေအကြွေစက္ကူအစား ကူပွန်သုံး

( 35 )US rues ‘dictators in civilian clothes’

( 34 )ပဲခူးရေဘေး အာဏာပိုင် လျစ်လျူရှု

( 33 )ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) အမတ်လောင်း

( 32 )US Won't Accept Than Shwe as Burma's Civilian Ruler

( 31 )ပဲခူးမြစ်ရေမြင့်တက် အိမ်ထောင်စု ငါးထောင်ခန့် ရွှေ့ပြောင်း

( 30 )Aung Lynn Htut: ‘Junta needs legitimacy’

( 29 )အရှင်ပညာစာရတရားခွင် တံခါးပိတ်စစ်ဆေး

( 28 )Junta chief 'still in power'

( 27 )သရုပ်ဆောင် ကျော်သူ ဦးစီး၍ သုခအာဟာရ စားသောက်ဆိုင်ဖွင့်

( 26 )Poverty in Burma is appalling

( 25 )ဗိုလ်နုတ်ခမ်းမွှေး လက်အောက်ခံတပ်ကို ဂိတ်က ဖြတ်သန်းခွင့်မပြု

( 24 )A taste for sushi made in Myanmar

( 23 )တစည ပါတီသည် ကြံ့ခိုင်ရေး ပါတီ၏ အဓိက ပြိုင်ဖက် ဖြစ်လာနိုင်

( 22 )Burmese Refugees in Malaysia Receive UN Registration

( 21 )မြန်မာ၊ တရုတ်အတွက် စီးပွားရေးနဲ့ စစ်ရေးအရာ ဗျူဟာကျ

( 20 )Burma's Than Shwe 'remains senior general'

( 19 )လက်နက် ဆက်ကိုင်ရန် ကေအိုင်အို ဆုံးဖြတ်

( 18 )US Won't Accept Than Shwe as Burma's Civilian Ruler

( 17 )ကချင်ပြည်နယ် တိုးတက်ရေးပါတီ ခေါင်းဆောင်များ တသီးပုဂ္ဂလအဖြစ် ၀င်ရွေးမည်

( 16 )Election rules out Burma democracy

( 15 )မိုးခေါင်သဖြင့် ကျောက်ဖြူ မိုးစပါး ထိခိုက်

( 14 )မီဇိုရဲက မြန်မာများကို ဖမ်းဆီးပြန်ပို့

( 13 )မဲဆောက်မြို့ ဆန်လှူပွဲ မြန်မာပြည်သား သောင်းချီ လာရောက်

( 12 )ကေအိုင်အို၏ ဆေးဝါးများ ဖမ်းဆီးခံရ

( 11 )တစည ကိုယ်စားလှယ် ၈၀၀ ကျော် ရွေးကောက်ပွဲ ဝင်မည်

( 10 )ကရင်ပါတီ ကြံ့ဖွံ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်

( 9 )မဲမပေးရေး ပဲခူးတွင် NLD လှုပ်ရှား

( 8 )တရုတ်စစ်သင်္ဘော ၂ စင်း မြန်မာပြည်ရောက်

( 7 )China warships dock in Burma, rattling rival naval power India

( 6 )နိုင်ငံရေးပါတီ အသီးသီး အခက်အခဲကြားကပဲ ကိုယ်စားလှယ်လောင်း စာရင်း တင်သွင်းကြပြီ

( 5 )Election rules out Burma democracy

( 4 )တိုင်းရင်းသားပါတီ တချို့ရဲ့ ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းမှု အခြေအနေ

( 3 )ASEAN, UN stress rapid aid for Myanmar cyclone

( 2 )တသီးပုဂ္ဂလကိုယ်စားလှယ်များ စည်းရုံးရေး အဆင်ပြေ

( 1 )Democracy groups struggle to challenge Myanmar junta

Monday, August 30, 2010

ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး

NEJ / ၃၀ သြဂုတ် ၂၀၁၀

နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ဆိုင်ရာရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် နောင်တက်မည့် အစိုးရသစ်အတွက် ကြိုတင်လျာထားခြင်းသာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်၌ တပ်မတော်အစိုးရအတွင်း တပ်မမှူးရာထူးအဆင့်မှစကာ စစ်ဗိုလ်ချုပ်များ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“အပြောင်းအလဲလုပ်ခဲ့ကြတာများတယ်။ အတိအကျတော့ပြောလို့မရဘူး။ ဒါပေမယ့် သူရရွှေမန်းကတော့ အနားပေးတဲ့ အပြောင်းအလဲမှာပါတယ်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘက်ဆိုင်ရာရာထူးမှ အပြောင်းအလဲလုပ်လိုက်သူများအနက် ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၁၅) ဦးခန့် ပါဝင်ကြောင်း၊ ၎င်းတို့နေရာကို ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများနှင့် အစားထိုးခဲ့ကြောင်း အဆိုပါအရာရှိဖြစ်သူက ပြောကြားသည်။

နအဖထိပ်သီးစစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အပါအ၀င် စစ်ခေါင်းဆောင်များ စစ်ဘက်ရာထူးများမှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းလိုက်သည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် ထွက်ပေါ်ခဲ့သည်။

ယင်းသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ နအဖစစ်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်မှ လာသည့် ရိုက်တာသတင်းတပုဒ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ရွှေမန်းတို့ စစ်ဘက်ရာထူးများမှ အနားယူသွားသည်ဟု စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

အေအက်ဖ်ပီသတင်းတွင်မူ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ဗိုလ်ချုပ်ရွှေမန်းအပါအ၀င် တပ်အရာရှိပေါင်း (၇၀) ကျော်တို့ တပ်တွင်းရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း ရေးသားထားသည်။ သို့သော် အဆိုပါအရာရှိက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ နုတ်ထွက်သည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကြာမီ ရာထူးမှ အနားယူဖွယ်ရှိကြောင်းသာ ပြောကြားခဲ့သည်။

ယင်းသို့ သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ သြဂုတ် (၂၇) ရက်၌ စစ်ဘက်ရာထူးမှ နုတ်ထွက်သွားသူများသည် ယခုနှစ် နိုဝင်ဘာ ( ၇) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲပြီးသည်ထိ အာဏာဆက်လက် ရယူထားနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခပ်များက ဝေဖန်ပြောဆိုနေကြသည်။

နိုင်ငံခြားရေးဝန်ကြီးနှင့် ဇနီး စတင် မဲဆွယ်

ရန်ပိုင် Monday, August 30, 2010

နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် တရားဝင် မဲဆွယ်စည်းရုံးမှုများကို ဇာတိမြေဖြစ်သည့် ပဲခူးတိုင်း အနောက်ပိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့တွင် စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စနေနေ့က ဇီးကုန်းမြို့ ဘိုးဘွားရိပ်သာတွင် ပြုလုပ်သည့် မျက်မှန်များပေးအပ်သည့် အခမ်းအနားတွင် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်စိုးက ဦးဉာဏ်ဝင်း၏ပုံ ရိုက်နှိက်ထားသည့် “တခဲနက် ထောက်ခံမဲပေးကြပါစို့” စာတန်းပါသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်ဟု ဇီးကုန်းမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“စာရွက် သုံးခေါက်ချိုးပေါ်မှာ ဦးဉာဏ်ဝင်း ဓာတ်ပုံက တိုက်ပုံနဲ့၊ မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့၊ အသေအချာ ရိုက်ထားတဲ့ပုံနဲ့ ဖြန့်တာ” ဟု အဆိုပါ မြို့ခံက ဆိုသည်။

ယင်းလက်ကမ်းစာစောင်တွင် “မွေးရပ်မြေ ဇီးကုန်းမြို့ကို အစဉ်တိုးတက်စေရန် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဉာဏ်ဝင်းအား တခဲနက် ထောက်ခံမဲပေးကြပါစို့” ဟု ရေးသားထားကြောင်း ၎င်းက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့်အတူ ဇီးကုန်းမြို့၊ စမ်းရွာနေ ဦးထူးခိုင်လည်း ကြံ့ဖွံ့ပါတီအတွက် ၀င်ရောက်အရွေးခံမည်ဟု သိရသည်။

ဇီးကုန်းမြို့တွင် ကြံဖွံပါတီအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့ ရှိသည်ဟု ဒေသခံများက ပြောသည်။

ကိုယ်ရေး ရာဇ၀င်တွင် ဦးဉာဏ်ဝင်းသည် ၁၉၅၃ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ဦးမောင်ဆောင်း၊ ဒေါ်လှရွှေတို့မှ မေးဖွားခဲ့ပြီး မွေးချင်း ၃ ဦးအနက် အငယ်ဆုံးဖြစ်ကြောင်း၊ အ.လ.က (လယ်တွင်း) နှင့် အ.ထ.က (ဇီးကုန်း) တို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် အခြေခံပညာ အထက်တန်း စာမေးပွဲ အောင်စာရင်း မထွက်မီ လယ်တွင်းရွာ အလယ်တန်းကျောင်းတွင် လုပ်အားပေး ကျောင်းဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၅ သို့ တက်ရောက်၍ ၁၉၇၃ ခုနှစ် နိုဝင်ဘာလတွင် B.Sc (DSA) ဘွဲ့ရခဲ့ပြီး ပြန်တမ်းဝင်အရာရှိ ဖြစ်လာကြောင်း၊ ထို့နောက် ရာထူးအဆင့်ဆင့်ဖြင့် တပ်ရင်းတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

၁၉၇၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ဇီးကုန်းမြို့ ဗိုလ်ရုံလမ်းနေ ဦးညွန့်မောင်၊ ဒေါ်ခင်ကြည်တို့၏ သမီး ဒေါ်မြင့်မြင့်စိုးနှင့် လက်ထပ်ခဲ့ကာ သား ၃ ယောက် ရခဲ့ပြီး ယခုအခါ ၂ ဦးမှာ တပ်မတော်ပြန်တမ်းဝင် အရာရှိ၊ တဦးမှာ ဆရာဝန် ဖြစ်သည်ဟု လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

စစ်မှူထမ်းကာလအတွင်း တပ်မတော်သင်တန်းများကို တက်ရောက် အောင်မြင်ခဲ့ကြောင်း၊ မကွေးမြို့၌ တာဝန် ထမ်းဆောင်နေစဉ် အထက်တန်း ရှေ့နေစာမေးပွဲကို ၀င်ရောက်ဖြေဆိုရာ တနိုင်ငံလုံး ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် နိုဝင်ဘာလမှ ၁၉၈၉ ခုနှစ် မတ်လအထိ မကွေးတိုင်း နတ်မောက်မြို့နယ်တွင် မြို့နယ် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေး အဖွဲ့ (မ၀တ) တာဝန်ကို ယူခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၌ ၁ နှစ် တက်ရောက်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ရန်ကုန်မြို့တွင် ဖွင့်လှစ်သည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကို ထပ်မံတက်ရောက်ခဲ့သည်။

ထို့နောက် ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်နှင့် စစ်မဟာဗျူဟာ လေ့လာရေးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်အဆင့်အထိ ရာထူးရခဲ့ရသည်။ တပ်မတော်တွင် တာဝန်ယူစဉ် စစ်မှူထမ်းကောင်းတံဆိပ်များ၊ စွမ်းဆာင်ရည် တံဆိပ်များနှင့် သင်္ဂဟတံဆိပ်များ ချီးမြှင့်ခံခဲ့ရသည်။

၂၀၀၄ ခုနှစ် ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု လက်ကမ်းစာစောင်တွင် ရေးသားထားသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ယင်းနောက် ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြခဲ့သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

အသွင်ပြောင်းရေးလက်ခံထားသည့် အပစ်ရပ် SSA အား တိုင်းမှူးသစ် လက်နက်ချခိုင်း

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့ လက်အောက်ခံ တပ်မဟာ ၇ နှင့် ၃ တဖြစ်လဲ ပြည်သူ့စစ်အဖွဲ့များအား စက်တင် ဘာလ ၁ ရက်နေ့တွင် လက်နက်အပ်ရန် လားရှိုးစစ်တိုင်းမှူးသစ် ဗိုလ်မှူးချုပ်အောင်ကျော်ဇောက စစ်တိုင်းမှူးတာဝန် စတင် ယူသည့် သြဂုတ်လ ၂၇ ရက်နေ့က ညွန်ကြားလိုက်ကြောင်း သိရသည်။

“အခုတိုင်းမှူးအသစ်က တပ်မဟာ ၇ နဲ့ ၃ ပြည်သူ့စစ်အဖွဲ့တွေကို မင်းတို့သျှမ်းတွေ ပြည်သူ့စစ်လုပ်ဖို့ မလိုတော့ဘူး နောက်လ ၁ ရက်နေ့ လုံးဝလက်နက်ချရမယ်လို့ ညွန်ကြားလိုက်ပြီ” ဟု ၎င်းအဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

အသွင်သဏ္ဍန်အရ နအဖလက်တွင်းရှိ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည့် အဆိုပါ သျှမ်းတပ်ဖွဲ့များအပေါ်ယုံကြည် မှုမရှိသဖြင့် လက်နက်ချခိုင်း ခြင်းဖြစ်ကြောင်း သိရသည်။

“တပ်မဟာ ၇ နဲ့ ၃ ကတော့ တချို့တလေပြည်သူ့စစ် ယူနီဖေါင်းလဲထားပြီးပြီ ဒါပေမဲ့ အချင်းချင်း ဆက်သွယ်မှုရှိနေလို့ ယုံကြည်မှု မရှိလို့ပေါ့ ” ဟု သူကဆက်ပြောသည်။

အသက်ကြီးပိုင်းနှင့် မိသားစုဝင်များသည် တိုင်းမှူးသစ်၏ ညွန်ကြားချက်အတိုင်း လက်နက်ချချင်ချမည်ဖြစ် သော်လည်း လူလတ်ပိုင်း များက ပြည်သူ့စစ်လက်မခံသည့် တပ်မဟာ ၁ သို့ ဘက်ပြောင်း လာနိုင်ကြောင်း သူက သုံးသပ်သည်။

ယခုရာထူးမှ အနားယူလိုက်သော စရဖချုပ် ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က သီပေါမြို့နယ် စိန်ကျော့ အခြေစိုက် အထူးဒေသ (၃) အပစ်ရပ်အက်အက်အေ တပ်ဖွဲ့အား ပြည်သူ့စစ်ဖွဲ့စည်းရန် လွန်ခဲ့သည့်နှစ် ဇွန်လ ၃ ရက်နေ့က လားရှိုးစစ်တိုင်းရုံးသို့ ခေါ်ယူပြောကြားခဲ့သည်။

ယင်းအဆိုကို လက်ခံရန် အက်အက်အေတပ်ဖွဲ့အတွင်း အချိန်ယူဆွေးနွေးခဲ့ပြီး သျှမ်းတပ်ဖွဲ့ လက်အောက်ခံ တပ်မဟာ ၃ ခုအနက် တပ်မဟာ ၇ နှင့် ၃ တို့က ယင်းအဆိုကို ယခုနှစ် ဧပြီလက လက်ခံခဲ့သည်။

သို့သော် ဗိုလ်ချုပ်ပန်ဖှ ပန်ဖ ဦးဆောင်သည့် တပ်မဟာ ၁ ကမူ ပြည်သူ့စစ်ဖွဲ့ရေးကို ယနေ့အထိ ငြင်းဆန်နေ၏။
တပ်မဟာ ၇ နှင့် ၃ သည် နအဖလက်တွင်းကျ အနေအထားမျိုးရောက်သွားပြီး တပ်မဟာ ၁ မှာ သျှမ်းပြည်တပ်မတော် အဖြစ် ဆက်လက်ရပ်တည်နေသည့် အနေအထားဖြစ်သည်။

၎င်းအဖွဲ့သည် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အတူတကွ ဆောင်ရွက်ရန်နှင့် နောင်တက်လာသည့် အစိုးရနှင့်နိုင်ငံရေး ဆွေးနွေးရန် သဘောတူညီချက် ၃ ချက်ဖြင့် ၁၉၈၉ တွင် န၀တစစ်တပ်နှင့် အပစ်ရပ်ငြိမ်းချမ်းရေးရယူခဲ့သည်။

သြဂုတ် ၂၀ , ၂၂ ရက်များ၌ အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့များအား စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် (သို့မဟုတ်) လက်နက်ချရန် စရဖချုပ်က ထပ်မံသတိပေးပြောကြားခဲ့သော်လည်း အပစ်ရပ်အဖွဲ့များက လက်မခံကြောင်း တုန့်ပြန်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဘတ်အိတ်များ ဒက္ကား လေဆိပ်တွင် မွေနှောက် စစ်ဆေးခံရ

နိရဉ္စရာ

ဘင်္ဂ လာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဖေသန်းဦး၏ ဘတ်အိတ်များကို ဒက္ကားလေဆိပ်တွင် တာဝန်ကျ အကောက်အခွန်ဌာနမှ အရာရှိများက တစ်နာရီ နီးပါးကြာအောင်ထိ မွေနှောက် စစ်ဆေးခဲ့သည်ဟု သတင်း ရရှိသည်။

လွန်ခဲ့သော စနေနေ့ ညဥ့် ၁၁ နာရီ ၅၅ မိနစ်တွင် မြန်မာ သံအမတ် ဦးဖေသန်းဦးနှင့် ဇနီးတို့သည် ထိုင်းနိုင်ငံမှ တဆင့် ဘင်္ဂလာ လေကြောင်းလိုင်း BG 088 ဒက္ကားသို့ လာရောက်စဉ် ယခုကဲ့သို့ ဘတ်အိတ်များကို မွေနှောက် စစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ယနေ့ထုတ် ဘင်္ဂလီ သတင်းစာ the Amardesh က ဖေါ်ပြရေးသားရာတွင် မြန်မာသံအမတ်ကြီး အိတ်များကို Scan ဖြင့် စစ်ဆေး အပြီးတွင် မသင်္ကာသဖြင့် အိတ်များအားလုံးကို ဖွင့်ကာ အကောက်ခွန်ဌာက စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

မြန်မာ သံအမတ် ဦးဖေသန်းဦးနှင့် အိတ်များကို ဖွင့်၍ စစ်ဆေးသူ တာဝန်ကျ အကောက်ခွန်အရာရှိ ချော်ဟေဒူလာတို့ အကြား အချေအတင် စကားများခဲ့ကြသည်ဟု သိရသည်။

နောက်ပိုင်းတွင် မြန်မာ့ သံအမတ် ဦးဖေသန်းဦးက ယခုကဲ့သို့ နိုင်ငံခြား သံတမန် တဦး၏ အိတ်များကို မွေနှောက် ရှာဖွေမူကို ကန့်ကွက်ခဲ့သဖြင့် ဒက္ကားလေဆိပ် အကောက်ခွန်ဌာ အကြီးအကဲ ကိုယ်တိုင် လာရောက် ဖြေရှင်းခဲ့ရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလာ အကောက်ခွန်ဌာန အရာရှိကြီးမှ မြန်မာ သံအမတ်အား တောင်းပန်ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ နိုင်ငံခြား သံအမတ်ကြီး တစ်ဦး၏ ဘတ်အိတ်များကို မွေနှောက် ရှာဖွေခံရမူမှာ ဒက္ကား လေဆိပ်တွင် ပထမဆုံကြိမ်ဖြစ်ပြီး အဆိုပါ လုပ်ရပ်ကြောင့် မြန်မာသံအမတ်ကြီးကို အထူး ရှက်ရစေခဲ့သည်ဟု သိရသည်။

စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရန်ပုံငွေများကို ဘေးဆီးရန်ကာ လုပ်နေကြ

ဘန်းစမစ် (Bern Smith)

မြန်မာအစိုးရအကြီးတန်း အရာရှိကြီးများသည် သူတို့ပိုင်ငွေကြေးပစ္စည်းအားလုံးကို နိုင်ငံခြားဘဏ်များတွင် သိုဝှက် သိမ်းဆည်းနေကြပြီ ဖြစ်သည်။ ဤအချက်က စစ်အစိုးရ၏ အနာဂတ်အပေါ် စိတ်မချတော့၍ အတွင်းလူများကိုယ်တိုင်က ခုလိုဘေးဆီးရန်ကာ လုပ်နေကြတာထင်ရှားနေသည် ဟု လူသိများသော သြစတြေးလျလူမျိုး မြန်မာ့စီးပွားရေး သုတေသီတဦးက ပြောဆိုလိုက်သည်။

ဤအရာရှိကြီးများသည် မြန်မာ့အာဏာရ အဝန်းအဝိုင်း အတွင်း သူတို့မိသားစုဘဝများ လုံခြုံရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု ပါမောက္ခ ရှောင်တားနဲလ် ကပြောသည်။

မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌကလည်း အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီတွင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုနှင့်စပ်လျဉ်း၍ သွားရောက်မိန့်ခွန်း ပြောကြားခဲ့သည်။ သူသည် ဤကိစ္စကို နှစ်နှစ်ကာကာ ယုံကြည်သူဖြစ်သည်။

သြစတြေးလျဗဟိုဘဏ် လေ့လာသုံးသပ်သူဟောင်း တဦးကလည်း အာဆီယံ၊ အိန္ဒိယ၊ တရုတ်တို့ကို စစ်အစိုးရ ပြုပြင်ပြောင်းလဲရေးအတွက် သိပ်မျှော်လင့်၍မရကြောင်း၊ သို့သော် စစ်အုပ်စုအတွင်းမှပင် ဤပြုပြင်ပြောင်းလဲမှုများ ပေါ်ထွက်လာမည့် မျှော်လင့်ချက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

`အခုလောလောဆယ်ဖြစ်နေတဲ့ တချို့အဖြစ်အပျက်တွေက သိပ်ပြဇာတ်ဆန်တယ်။ စစ်အစိုးရထဲမှာလဲ ယိုပေါက်ဟာပေါက်တွေ အတော်လေးရှိနေတာပဲ။ ဒါပေမဲ့သူတို့က အသာစီးရနေတာ´ ဟု သူကပြောသည်။

နောက်လတွင် ကွန်ဂရက်လွှတ်တော်အမတ်များနှင့်တွေ့ရန် ဝါရှင်တန်သို့သွားရောက်မည့် တားနဲလ်က မြန်မာ့စစ်အစိုးရအတွင်း အကြီးတန်းအရာရှိကြီးများ `သွေးရူးသွေးတန်း´ဖြစ်နေကြပြီဟု ယုံကြည်နေသည်။
`ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အားလုံးပြောနေသလိုပဲ ဒီရွေးကောက်ပွဲဟာ အတုအယောင်ပဲဖြစ်မယ်ဆိုတာ ထင်ရှားလာတယ်။ အကြီးတန်းဗိုလ်ချုပ်အများစုကတော့ သူတို့လိုချင်တာရနေတုန်းပဲ´ဟု သူက ဆစ်ဒနီမြို့ရှိ သူ့အိမ်မှပြောကြားခဲ့သည်။

ဤအဓိကပုဂ္ဂိုလ်ကြီးများကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ၁၉ဝဝ စုနှစ်များအတွင်း အမေရိကန်နိုင်ငံတွင် တွေ့မြင်ရခဲ့သည့် အဖြစ်အပျက်များလိုပင် မြန်မာ့လူ့အဖွဲ့အတွင်း ထင်ရှားကြီးထွားလာနေသည့် `ဓါးပြဂိုဏ်း´ ဟု သူကပြောသည်။

အမေရိကန်တွင်လည်း စီးပွားရေးသမားများ ငွေအစုလိုက်အပုံလိုက် စုဆောင်းမိခဲ့ကြသည်။ သို့သော် တဘက်မှလည်း အမျိုးသားအမွေအနှစ် အဖွဲ့အစည်းများဖြစ်ကြသော စာကြည့်တိုက်များ၊ ဖောင်ဒေးရှင်းများနှင့် အခြေခံအဆောက်အဦများဖြစ်သော ရထားလမ်းများလည်း ပေါ်ထွက်လာခဲ့သည်။ ထိုခေတ်က အပြုသဘောဆောင်သော ဘေးထွက်အကျိုးများပင်ဖြစ်သည်။

သို့သော်မြန်မာနိုင်ငံတွင်မူ ပကတိအခြေအနေက ပို၍ပင် မျှော်လင့်ချက်မဲ့သေးသည်ဟု တားနဲလ်က ပြောသည်။ `လွန်ခဲ့တဲ့ခြောက်လအတွင်း ကျနော်တို့ တကယ်တမ်းမြင်ခဲ့ရတာကတော့ စီးပွားရေး ရာဇဝတ်ဂိုဏ်းကြီးတွေ ကြီးထွားလာတာပဲ။ ပုဂ္ဂလိကပိုင်ပြုလိုက်တာဟာ တကယ်တမ်းကျတော့ စီးပွားရေးအဆောက်အဦကြီး တခုလုံးကို မြန်မြန်ကြီး ရာဇဝတ်ဂိုဏ်းကြီးဖြစ်အောင် လုပ်လိုက်သလိုပါပဲ´။

`သူတို့ဟာ မာဖီးယားဂိုဏ်းတွေလို ကိုယ့်ကိုယ်ကိုယ် ပိုကာကွယ်လာကြတယ်။ ဒီလိုနဲ့ အမျိုးသားရေး စိတ်ပြင်းထန်တဲ့ စတာလင်ပုံစံ အာဏာရှင်နိုင်ငံကို ရာဇဝတ်ဂိုဏ်းစီးပွားရေး အဆောက်အဦကြီးဖြစ်အောင် မြန်မြန်ကြီး ပြောင်းလဲပစ်လိုက်တယ်။ ဒီလိုနေရာတွေမှာ ဖွံ့ဖြိုးဆဲ စီးပွားရေးနိုင်ငံတွေမှာလို မဟုတ်ဘဲ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တယောက်က ပိုပြီးစွမ်းဆောင်နိုင်တယ်´ ဟု သူကပြောသည်။

ဒီတော့ စစ်အစိုးရနဲ့ `အကပ်´ရှိတဲ့သူက တပန်းသာတယ်၊ အခွင့်ထူးတွေရနိုင်တယ်၊ လုပ်ကွက်တွေ ရနိုင်တယ်။ ဒီလိုနဲ့ ဒါကိုပဲ အဓိကထားလုပ်ရင်း ကွာခြားမှုက ကြီးလာတာပဲ။

`ကျနော်တို့ပြောနေတာ ဟွန်ဒိုင်းကားတစီး၊ ဒေဝူးကားတစီးရဖို့ ပြောနေတာမဟုတ်ဘူး´ဟု တားနဲလ်က လစ်ဘရယ်စီးပွားရေးပညာရှင်များ ပြောလေ့ရှိသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့လည်း ဖြစ်ထွန်းလာလိမ့်မည်ဟူသောအဆိုကို ချေပပြောဆိုသွားခဲ့သည်။ `ဒီလူ (စစ်အစိုးရထံမှ အခွင့်ထူးခံစားရသူတွေ) ဟာ တီထွင်သူတွေလဲမဟုတ်၊ ထုတ်လုပ်သူတွေလဲ မဟုတ်၊ ရိုးရိုးလေးပဲ ကိုယ်ကျိုးအတွက် ဗိုလ်ချုပ်တွေဆီက အခွင့်အရေး တောင်းနေသူတွေပဲ´ ဟု သူကပြောသည်။

ဒီမှာသူတို့အခွင့်အရေးတွေကိုတောင်းဆိုမဲ့ လူလတ်တန်းစားလဲ ရှေ့တန်းကိုထွက်လာနိုင်မှာမဟုတ်ဘူး။ အသစ်တွေ့ရှိလာတဲ့ စားသုံးသူအခွင့်အရေးကို တောင်းဆိုကျင့်သုံးနိုင်မဲ့သူလဲ မဟုတ်ဘူး ဟု သူကပြောသည်။
ပြည်တွင်းပစ္စည်းပြတ်မှာစိုး၍ဟုဆိုကာ ကြက်သွန်နီတင်ပို့မှုကို မကြာမီကပိတ်ပင်ခဲ့သည့် စစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်ကြီးများ၏ ရာဇဝဝင်တွင်သည့် `ရူးသွပ်မိုက်မဲမှု´အဖြစ် တားနဲလ်က ထုတ်ဖော်ပြောဆိုသည်။

`လယ်သမားတွေက စာချုပ်ချုပ်ပြီးလုပ်တာ၊ ဒီစာချုပ်အရ သူတို့ဘက်က လုပ်ပေးရမှာတွေရှိတယ်။ ခုတော့ ဗိုလ်ချုပ်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် စာချုပ်ချိုးဖောက်ရမဲ့ အခြေအနေတွေဖြစ်နေတယ်။ ပြီးတော့ အလားအလာရှိတဲ့ စီးပွါးရေးလုပ်ငန်းတခုလဲ ရိုက်ချိုးခံလိုက်ရတာပဲ´ ဟုလည်း သူကဆက်လက်ပြောဆို ခဲ့သည်။

သူကယခု ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ခြင်းကို ယခင်နှစ်အနည်းငယ်က ပဲမျိုးစုံတင်ပို့မှု ပိတ်ပင်ခဲ့မှုနှင့် နှိုင်းယှဉ် ပြောဆိုသည်။ ထိုသို့ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်၍ ပဲဈေးကွက်ပျက်သွားသောအခါ ဗိုလ်ချုပ်ကြီးများက အသာလွှတ်ပေးထားလိုက်ပြန်သည်။ ဒီလိုနှင့် ပဲဈေးကွက်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တစုံတရာ ပြန်ကောင်းလာခဲ့သည်။

`စိုက်ပျိုးထုတ်လုပ်သူတွေအတွက် အခြေပျက်မသွားရုံလေး လုပ်နေရုံကလွဲလို့ တခြားလုပ် စရာမရှိဘူး´ ဟုလည်း သူကဆိုသည်။

ဖွံ့ဖြိုးလာရင် မြန်မာပြည်သူတွေအတွက် အခွင့်အရေးတွေ ပိုရလာမယ်၊ အချိန်ကြာလာတာနဲ့အမျှ ပိုမိုညီမျှတဲ့ စနစ်တရပ်လဲ ပေါ်ထွန်းလာလိမ့်မယ်ဆိုတဲ့ အဆိုကိုလဲ တားနဲလ်က ညည်းညူပြောဆိုခဲ့သည်။ `တကယ်တမ်း ဖွံ့ဖြိုးတိုးတက်လာတာဆိုရင်တော့ ဟုတ်ပါတယ်။ ဘာမှမဖြစ်တာနဲ့စာရင် ဒီလောက်ဖြစ်လာတာက တော်သေးတာပေါ့လို့ ပြောရမှာပေါ့။ ဒါပေမဲ့ ဒီဖွံ့ဖြိုးမှုဆိုတာက တကယ်ဖြစ်နေတာမဟုတ်ဘူး´ ဟု သူကပြောသည်။


မောင်မောင်ဆိုလေ ထီးရိုးရှည်


ဣတ္ထိယနဲ့ ပုရိသတွေကြား နှလုံးပူ သွေးဆူကြတဲ့ အဖြစ်က မထူးခြားပါဘူး။ ထူးခြားနေရတာက အကျဉ်းတန်လှတဲ့ ဒုက္ခသည် စခန်းတွင်းက ဒုက္ခသည်ကို အကူအညီ ပေးနေပါတယ်ဆိုတဲ့ UN ကုလသမဂ္ဂ ဝန်ထမ်းတချို့၊ NGO အစိုးရ မဟုတ်သော အဖွဲ့မှ လုပ်သားတချို့က မှီခိုသူဒုက္ခသည်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ရှိနေတယ်ဆိုတာက ထူးခြားနေပါတယ်။ ကမ္ဘာကြီး ရွာဖြစ်နေတဲ့အချိန် အင်တာနက် လမ်းမကြီးတလျှောက် UN ဝန်ထမ်းတချို့၊ NGO လုပ်သားတချို့ ဘောင်းဘီဇစ် မတပ်နိုင်တဲ့ သတင်းကြောင့် တာဝန်ရှိသူတွေက ဒုက္ခသည်တွေ ကိုယ်စား ခုခံကာကွယ်ဖို့ ဥပဒေတွေ ထုတ်ပြန်ကြတယ်။

ကျမတို့ ဒုက္ခသည် စခန်းလေးမှာ ပညာပေး ဟောပြောပွဲတွေ အများကြီးရှိပါတယ်။ ဟောပြောပွဲ၊ အစည်းအဝေး ဆိုတာနဲ့ ဝေးတဲ့ မြန်မာလူမျိုးတွေမို့ စိတ်ဝင်စားမှု အားနည်းကြပါတယ်။ တချို့က မလိုအပ်ဘူးလို့ ဆိုကြတယ်။ ဒီတခါတော့ ဒုက္ခသည်စခန်းထဲမှာ ရပ်တန့်နေတဲ့ လူဟောင်းတွေကို နယူးဇီလန်၊ ဂျပန်နိုင်ငံကို ချိတ်ဆက်ပေးနေတာမို့ လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့အချိန်ပေါ့။

“စခန်းရုံးထဲကို နေ့လည် ၁ နာရီ တအိမ်တယောက် တက်ရောက်ရမယ်” လို့ ဗျို့ဟစ်တော့ ရှေ့ခရီးအတွက် ဘာထူးမလဲဆိုတဲ့ စိတ်နဲ့ ဒုက္ခသည်တွေ သွားလိုက်ကြတာ ကလေးတွေ အချီအပိုးနဲ့ ဘုရားပွဲသွားတဲ့အတိုင်း စခန်းရုံးကို အသိရှိရှိ သွားလိုက်ကြတာ။ စခန်းရုံးထဲရောက်တော့ တီဗီကြီး စားပွဲပေါ်တင်ထားတာမို့ “အမေရိကန်ရဲ့ လူနေမှုကို ပြမှာ” လို့ ဝါရင့် ဒုက္ခသည်တွေက မှတ်ချက်ပေးသေးတယ်။ ဒုက္ခသည်စခန်းမှာ စိတ်ပျော်ရွှင်မယ့် သတင်းသာ ကြားချင်ကြတာ။ မှားရင် မှားပါစေ။ တဒင်္ဂ စိတ်သက်သာဖို့ပဲ။ အမှားပြောမိလည်း ဘယ်သူ့ဘယ်သူမှ စိတ်မဆိုးကြပါဘူး။

နေ့လည် ၁ နာရီမှာတော့ ဆပ်ပြာမှုန့်အိတ်၊ သကြားလုံးအိတ်တွေနဲ့ အဖွဲ့အစည်းကသူတွေ ဝင်လာတယ်။ သူတို့က ပြည့်လျှံနေတဲ့ စခန်းရုံထဲကသူတွေ ကြည့်ပြီး အံ့သြနေကြတယ်။ ကျမတို့ တွေးထင်တာ တခြား။ သူတို့ထင်နေတာ တခြား။ ဒီနေ့က လိင်အကြမ်းဖက်မှု ပညာပေးဆွေးနွေးမှာတဲ့။ မေးခွန်းမေးသူတွေကို ဆပ်ပြာမှုန့်ပေးမယ်၊ ဆွေးနွေးပွဲလာသူတွေကို သကြားလုံးပေးမယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ ထပြန်လို့ မရတော့ဘူး။ ဟန်ကိုယ့်ဖို့ပဲ။ သိပ်မကြာခင်မှာ လိင်အကြမ်းဖက်မှု ပညာပေးဆွေးနွေးပွဲကို ရှင်းပြပေးမယ့် “မဖိုးပီ” က ဒီနေ့ စခန်းရုံးထဲမှာ လူတွေအများကြီးကို တွေ့ရတော့ အံ့သြမိတယ်တဲ့။ ဘယ်လိုထင်ပြီး လာတာလဲတဲ့။ ဒီတော့ ပြောကြတာပေါ့။

“ဒုက္ခသည် လူသစ်တွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးမယ့် NPO အတွက် ထင်လို့ လာတာပါ” ဆိုတော့ မဖိုးပီက ရယ်ပါတော့တယ်။ “ကျမက NPO ရအောင် လုပ်ပေးနိုင်တဲ့သူ မဟုတ်ပါဘူး” လို့ ရှင်းပြတယ်။ ဒုက္ခသည်က ဘဝနဲ့ဆိုင်တဲ့ အတွေးပဲ တွေးကြတာ မဟုတ်လား။ ဒါပေမဲ့ မဖိုးပီပြောတာကိုလည်း စိတ်ဝင်စားကြပါတယ်။ ဒုက္ခသည်စခန်းမှာ သတင်းဆိုတာ အသစ်အဆန်းပဲ။

“ဒီဒေသမှာနေရင် သိဖို့အကြောင်းအရာကတော့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းကို ကာကွယ်ပေးခြင်းဆိုတဲ့ အကြောင်းပါ။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်း ၉ ခု ရှိတယ်။ ဒီဒုက္ခသည်စခန်းတွေမှာ ပညာရေး၊ ကလေးအခွင့်အရေး၊ မသန်မစွမ်း၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို စောင့်ရှောက်ပေးတဲ့ အဖွဲ့တွေ ရှိပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကို NGO လို့ ခေါ်ပါတယ်။

NGO မှာ တာဝန်ရှိတာက အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ NGO လုပ်သား ကိုယ်စားလှယ်တွေကစ ခန်းထဲမှာရှိတဲ့ ဒုက္ခသည်တွေအပေါ် ကောင်းရဲ့လား။ အကူအညီ ပေးနေတဲ့သူက မှီခိုသူကို စော်ကားတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ရင်၊ ချိုးဖောက်အမြတ်ထုတ်ရင် ဘယ်နေရာကို သွားတိုင်ရမလဲ။

အခု ကျမ လာရောက်ပညာပေး ဟောပြောရတာက ၂ဝဝ၂ ခုနှစ်မှာ တိုက်ပွဲကြောင့် အာဖရိကမှာ ရွှေ့ပြောင်းနေရတဲ့ ဒုက္ခသည်တွေအပေါ် ရိက္ခာဖြစ်စေ၊ ပညာရေးဖြစ်စေ၊ နိုင်ငံခြားသွားတဲ့ ကိစ္စဖြစ်စေ အကူအညီပေးနေတဲ့ UN နဲ့ NGO လုပ်သားတချို့က လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်။ ကျူးလွန်ခဲ့တဲ့ ပြဿနာပေါင်း ၁ဝဝ ကျော် ရှိတယ်။ ဒုက္ခသည်က သူ့ဘဝ မလုံခြုံမှာစိုးလို့ မတိုင်ရဲဘူး။ UN နဲ့ NGO တွေကို ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေက သိတော့ မကျေနပ်ဘူး။ ဒုက္ခသည်ကို ဒုက္ခပေးမယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ဘူး။ ဒီတော့ UN နဲ့ NGO မှာ ကျင့်ထုံးတွေ ချမှတ်မပေးရင် အလှူငွေ ချမပေးဘူးလို့ ဖိအားပေးထားတယ်။

ထိုင်း-မြန်မာနယ်စပ်မှာတော့ ဒီလိုအမှုအခင်း မရှိဘူး။ မတိုင်ရဲတာကြောင့် မသိတာလည်း ဖြစ်မယ်။ ၂ဝဝ၂ က ပြဿနာကို ၂ဝဝ၆ ဒီဇင်ဘာမှာ အာဖရိကကို သွားရောက်ပြီး တာဝန်ရှိသူတွေက စစ်ဆေးကြတယ်။ အငတ်ဘေး ကျရောက်နေသူတွေ၊ စစ်ဘေးစစ်ဒဏ်သင့်သူတွေ UN နဲ့ NGO ကို ယုံကြည်မှ အလုပ်,လုပ်ရတာ အဆင်ပြေမှာပါ။ UN ရဲ့ ကြီးမားတဲ့ လုပ်အားက လူသားချင်း စာနာစိတ်ပါ။ UN က လူသားတွေအတွက် မျှော်လင့်ချက် ရောင်ခြည်ပါ။ အတိဒုက္ခရောက်နေသူတွေရဲ့ ယုံကြည်မှုက အရေးကြီးပါတယ်။ အစားအစာ ရရှိဖို့အတွက် နင့်ကို အစားအစာပေးမယ်။ ငါနဲ့ အတူအိပ်ဆိုတာမျိုး။ သစ်သီးတလုံး နို့တခွက်ပေးပြီး လိင်ပျော်ပါးကြတယ်။ ကလေးများနဲ့ လိင်ဆက်ဆံခြင်းကို နေရာတိုင်းက ကန့်ကွက်တယ်။ ဒါကိုသိရင် UN က အဲဒီ့လုပ်သားကို အလုပ်ထုတ်ပစ်တယ်။ သူ့နိုင်ငံကလည်း အပြစ်ပေးအရေးယူတယ်။ တိုက်ပွဲဒဏ်ခံနေရသူတွေ၊ အကူအညီ လိုအပ်နေသူတွေကြားမှာ သိပ်ကိုအရေးကြီးပါတယ်။ မှုခင်းတော်တော်များများကို အစီအရင်မခံချင်ကြဘူး။ အမှုကို ပိတ်ချင်ကြတယ်။

“ငါမှားခဲ့ရင်” ပဲ စဉ်းစားတယ်။ “ငါမှန်ခဲ့ရင်” ဆိုတာကို မစဉ်းစားကြဘူး။ ပြဿနာလုပ်တဲ့သူ၊ ရေငုံနှုတ်ပိတ်နေတဲ့သူ မဖြစ်စေချင်ပါဘူး။ UN နာမည်နဲ့ ရှေ့ခရီးဆက်နိုင်ဖို့ အကြမ်းဖက်မှုကို တိုင်ကြားပါ။ လူ့တန်ဖိုးက မြှင့်တင်ဖို့က UN ရဲ့ တာဝန်ပါ။ UN တာဝန်ယူရတဲ့ ဒေသမှာ ပြဿနာရှင်းတဲ့သူပဲ ဖြစ်စေချင်ပါတယ်။ ပြဿနာရှိသူ မဖြစ်စေချင်ဘူး။ စည်းကမ်းချမှတ်တာဟာ လူတစုအတွက်၊ လူ့အဖွဲ့အစည်းအတွက် ဂုဏ်တက်စေပါတယ်။

CNN မှာ UN-NGO လုပ်သားတွေရဲ့ ကျူးလွန်ချက်ကို သတင်းလွှင့်ခဲ့တယ်။ နောက်ပိုင်းမှာ ကျင့်ထုံးတွေ ချမှတ်ခဲ့တယ်။ ပြဿနာရှိရင် တိုင်ရမယ်။ မဖုံးကွယ်ရဘူး။ မတိုင်ရင်ကျင့်ထုံးကို ကျူးလွန်တယ်လို့ ဆုံးဖြတ်တယ်။ ၂ဝဝ၇ နောက်ပိုင်း ကျူးလွန်လို့ မရဘူး။ ထိန်ချန်လို့ မရဘူး။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာလဲ တုံ့ပြန်မယ့် နည်းလမ်းတွေ ရှာကြတယ်။ ဒီစီမံကိန်းအတွက် ဟောပြောပွဲသင်တန်း ပေးတယ်။ အတင်းအဓမ္မ ပြုကျင့်တာ၊ ခြိမ်းခြောက်တာ၊ မသင့်တော်တဲ့နေရာ ကိုင်မိတာ၊ ဖက်တာနမ်းတာလည်း လိင်ပိုင်းဆိုင်ရာ ချိုးဖောက်တာပဲ။ ၁၈ နှစ်အောက်ဆို ရာဇဝတ်မှု ချိုးဖောက်တာပဲ။ နိုင်ငံခြားသွားရမယ်ဆိုတဲ့ မျှော်လင့်ချက်ပေးပြီး UN-NGO လုပ်သားက ဒါမျိုး ကျူးလွန်လို့ မရဘူး။

ဒီလိုမျိုး ကျူးလွန်ခဲ့ရင် အဖွဲ့အစည်းခေါင်းဆောင်ကို အသိပေးရမယ်။ အဖွဲ့အစည်းတိုင်းမှာ တာဝန်ခံရှိတယ်။ သူ့တာဝန်က အဖွဲ့အစည်းခေါင်းဆောင်ဆီ ပို့ပေးရမယ်။ မှားတယ်မှန်တယ်လို့ ဆုံးဖြတ်ပိုင်ခွင့် တာဝန်ခံမှာ မရှိဘူး။ စခန်းတွင်းလာတဲ့ NGO အားလုံး UN ရှိတဲ့နေရာမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ ကျူးလွန်မှု ကင်းစင်ရမယ်။ စခန်းထဲမှာရှိတဲ့ စခန်းကော်မတီ၊ ရပ်ကွက်မှူး၊ KWO ၊ KRC တို့မှာ တိုင်ရမယ်။ ဘန်ကောက်ရုံး၊ နိုင်ငံခြားရုံးတွေကိုလဲ တိုင်ကြားလို့ရတယ်။ ဒီအဖွဲ့ကို CCSDPT ကော်မတီလို့ ခေါ်ပါတယ်”

မဖိုးပီက အာဖရိကတိုက်မှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို သတင်းမှတ်တမ်း ဗီဒီယို ဖွင့်ပြပါတယ်။ မြန်မာလို ဘာသာပြန်ပေးထားပါတယ်။ အာဖရိက ဒုက္ခသည်တွေရဲ့ဘဝက ကြေကွဲစရာ ပိုကောင်းတယ်။ ဒုက္ခသည် ကလေးမလေးက အရွယ်မရောက်သေးပါဘူး။ သူ့ကို UN ကားသမားက ကားရပ်ပြီး နို့ပေးပါတယ်။ ဒီ့နောက် ကိုယ်ဝန်ရရော။ ကိုယ်ဝန်ရတော့ အဆက်အသွယ် မလုပ်တော့ဘူး။ တခြား ရွေးချယ်စရာမရှိတဲ့ မိန်းကလေးတချို့ အလုပ်ရဖို့ လိင်နဲ့ လဲလှယ်ရတယ်။ လူမျိုးပေါင်း ၄၅ မျိုးထဲက ရွေးထုတ်ပြထားပါတယ်။

ထူးခြားတဲ့ အသားအရောင်နဲ့ မွေးကင်းစ ကလေးငယ်လေးတွေကလည်း ချစ်စရာကောင်းတယ်။ အဖြူရောင်လည်း မဟုတ်၊ အမည်းရောင်လည်း မဟုတ်။ သူ့အမေ သူ့ကို ကိုယ်ဝန်လွယ်ကတည်းက တာဝန်ရှိသူက စွန့်ခွာသွားတယ်။ မိန်းကလေးက စိတ်နဲ့ကိုယ် မကပ်ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာ၊ ရွှေ့ပြောင်းဒုက္ခသည် စခန်းတွေမှာ ၂၄ နာရီလုံး တာဝန်ချိန် အပြည့်ရှိပါတယ်။ ဒီလိုနေရာတွေမှာ ဆင်းရဲဒုက္ခရောက်ကြတော့ လိင်ကို၊ နို့တခွက်၊ သစ်သီးတလုံးနဲ့ လဲလှယ်ကြတယ်။

ဒုက္ခသည်ထဲကပဲ UN-NGO လုပ်သားတွေကို “ငါ့ကို တဒေါ်လာပေးပါ။ ငါကောင်မလေးတွေ ခေါ်ခဲ့မယ်” လို့ ဆွယ်ကြတယ်။ ဘယ်လို မိန်းကလေးမျိုးကို ကြိုက်လဲလို့ သတင်းသမားကမေးတော့ “အသက်ငယ်ငယ်၊ အရပ်ရှည်ရှည်ကို ကြိုက်တယ်တဲ့။ ဖောက်သည်ဆို ၅ ဒေါ်လာ၊ ၁ဝ ဒေါ်လာ မိန်းကလေးက ရတယ်တဲ့။ UN တာဝန်ရှိသူ ခေါင်းဆောင်တဦးကတော့ “ဒါ … ငွေပေးတာ မဟုတ်ဘူး။ ရာဇဝတ်မှုကို အားပေးတာ” လို့ ဆိုပါတယ်။

အာဖရိက ဒုက္ခသည်စခန်းထဲက ကလေးငယ်တချို့ ရိက္ခာဂိုဒေါင်နားက မြေကြီးပေါ်မှာကျနေတဲ့ ဂျုံ၊ ပဲတွေကို ကောက်သင်းကောက်နေကြတယ်။ ကလေးငယ်တွေရဲ့ မျက်လုံးက ကျီးကန်းတောင်းမှောက် ပိန်လှီနေတဲ့ ကလေးငယ်တွေရဲ့ လက်ချောင်းက ကျူရိုးလောက်ပဲ ရှိတယ်။

ဒီလိုကလေးငယ်တွေမှာ အမိအဖက မလိုချင်ဘဲ လူ့လောကကြီးထဲကို ရောက်လာခဲ့ရပြီး ဆင်းရဲဒုက္ခ ခံနေရတာ အတော့်ကို ရင်နာဖို့ ကောင်းပါတယ်။ ဒီကလေးတွေအားလုံး ဘဝကို လက်ချည်းဗလာ ရင်ဆိုင်နေရတယ်။ ကလေးငယ်တွေမှာ ချစ်ခြင်းမေတ္တာရဲ့ နှစ်သိမ့်ကြည်နူးစေမှု၊ သာယာချမ်းမြေ့မှုကို မခံစားခဲ့ရဘူးဆိုတာ သူတို့မျက်ဝန်းတွေကို ကြည့်ရင် သိနိုင်တယ်။

ဒီကလေးမိခင်တွေက ဘဝကို သိက္ခာပေါ်တင်ပြီး အမျိုးသမီးထုအတွက်၊ အတိဒုက္ခ ရောက်နေသူတွေကို အကူအညီ ပေးရသူတွေက စော်ကားနေပါတယ်ဆိုတာ ကမ္ဘာကြီးသိအောင် မရှက်မကြောက် ဖွင့်ချပြလိုက်တာပါ။ သတ္တိရှိရှိ ထုတ်ဖော်ရဲတဲ့ ဒီလိုအမျိုးသမီးတွေကြောင့် UN က လိင်အကြမ်းဖက်မှုဆိုင်ရာ ကျင့်ထုံးတွေကို ချမှတ်နိုင်ခဲ့တာပဲ။ ဒီလိုကျင့်ထုံးတွေကို ကြောက်ပြီး UN-NGO လုပ်သားတချို့ ဒုက္ခသည်တွေအပေါ် “မောင်မောင်ဆိုလေ ထီးရိုးမရှည်နိုင်တော့မှာ” ။

တို့မွေးမြေ” အကျိုးပြုသီချင်း ဗိုလ်ချုပ်မှူးကြီးရေးခဲ့

သျှင်ဒီစံ Monday, August 30, 2010

နိုင်ငံ တော်အကျိုးပြု ပေါ်လစီသီချင်းတပုဒ်ဖြစ်ပြီး အဆိုတော် မေဆွိနှင့်အောင်ရင် သီဆိုထားသော “တို့မွေးမြေ” သီချင်းစာသားကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရေးသားပေးခဲ့ခြင်းဖြစ်ကြောင်း တေးရေး မြသန်းစံက ပြောသည်။

“အဲဒီသီချင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စာသားရေးပေးပြီး ကျနော်က ဆီလျော်အောင် သံစဉ်ထည့်ပါတယ်။ ပြီးမှ ကျနော့်နာမည် တပ်ခိုင်းတာပါ” ဟု သူက ဆိုသည်။

ပေါ်လစီသီချင်းများကို ရေးသားခဲ့သည့် တေးရေးမြသန်းစံက မကြာသေးမီက ၎င်းကို နိုင်ငံတော်က ချီးမြှင့်ခဲ့သော တေးရေးခ သုခုမကြေးကို သူ၏လုပ်ဖော်ကိုင်ဘက် အနုပညာသမားများအား ပြန်လည်ပေးအပ်ပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်အကျိုးပြု သီချင်းတချို့ရေးစပ်ရန် ကိုယ်တိုင်ပါဝင် ညွှန်ကြားခြင်းများ ရှိခဲ့ပြီး တေးရေးတေးဆို အကော်ဒီယံအုန်းကျော် ရေးသားသီဆိုသည့် “စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ” အစရှိသည့် သီချင်းကို အလွန်နှစ်ချိုက်ကြောင်း၊ မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားမှ အဆိုပါ သီချင်းထုတ်လွှင့်လျင် ဗိုလ်ချုပ်မှူးကြီးသည် ကြည့်ရှုရင်းမှ ဝင်ညည်းလေ့ရှိကြောင်း စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများထံမှ သိရသည်။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သီချင်းတပုဒ် ထပ်ရေးဖို့လည်း နိုင်ငံတော်အကြီးအကဲက ကျနော့်ကို ပြောတယ်။ ကျနော်လည်း ၄ လလောက် အချိန်ယူပြီး သီချင်းကို ရေးဖြစ်ခဲ့တယ်” ဟု တေးရေးမြသန်းစံက သူ့အတွေ့အကြုံကို ပြောပြသည်။

တေးရေးမြသန်းစံ၏ ပြန်လည် ပေးအပ်ပွဲအခမ်းအနားကို ပေါ်ပြူလာဂျာနယ်တိုက် ခမ်းမတွင် သြဂုတ်လ ၂၈ ရက်နေ့က စာနယ်ဇင်းသမားများအား ဖိတ်ကြား၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၎င်းပေါ်လစီသီချင်းများ ရေးသားစဉ်က အတွေ့အကြုံများ၊ နိုင်ငံတော် အကျိုးပြုသီချင်းများ ရေးသားနေရာမှ အနားယူခဲ့သည့် အကြောင်းရင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ၎င်းက လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့် သီချင်းရေးရန် ဗိုလ်ချုပ်မှူးကြီးက ဗိုလ်ချုပ်ကြီးတဦးထံမှ တဆင့် ခိုင်းခြင်းဖြစ်ကြောင်း၊ ပြီးစီးသွားသည့် အလုပ်များနှင့် ပတ်သက်၍ တေးရေးမြသန်းစံက ဗိုလ်ချုပ်မှူးကြီးထံ တိုက်ရိုက်တင်ပြရာ ကြားခံ ဗိုလ်ချုပ်ကြီးက မကျေနပ်ကြောင်း ပြောပြသည်။

“တနေ့မှာ ကျနော် ၀န်ကြီးအဖွဲ့နဲ့ ခရီးသွားနေတုန်း ကျနော့်ကိုခိုင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးက သူ့ဆီကို ဖုန်းဆက်ခိုင်းတဲ့အတွက် ကျနော်က ဖုန်းဆက်လိုက်တယ်။ အဲဒီဗိုလ်ချုပ်ကြီးက ဖုန်းထဲကနေ မိုက်ရိုင်းတဲ့ စကားလုံးတွေနဲ့ ဒေါသတကြီးဆဲဆိုပြီး ကြိမ်းမောင်းတယ်။ ပြီးတော့ သူက ရာထူးအာဏာ ကျနော့်ထက် ပိုကြီးတယ်ဆိုတာ မသိဘူးလားလို့ မေးတယ်” ဟု မြသန်းစံက ဆိုသည်။

တေးရေး မြသန်းစံအနေနှင့် အဆိုပါ ကာလများတွင် တရားစခန်းဝင်ကာ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားကျင့်ကြံ နေပြီဖြစ်ကြောင်း၊ သို့ရာတွင် အထက်ပါ ဗိုလ်ချုပ်ကြီး၏ ကြိမ်းမောင်း စကားများကြောင့် ပူလောင်ရကြောင်း ဆက်ပြောသည်။

“သူက ကျနော် သူ့ကိုကျော်၊ အထက်လူကြီးကိုဖားပြီး နေရာယူလိမ့်မယ်လို့ ထင်နေတယ်။ ကျနော်လည်း သူ့ကို အခုလို ဒေါသကြီးအာဏာပြတဲ့ လူကြီးမျိုး တခါမှမတွေ့ဖူးဘူးလို့ပြောပြီး ဖုန်းကိုချလိုက်တယ်။ သူဖုန်းပြန်ခေါ်ပေမယ့် ကျနော် မကိုင်တော့ဘူး။ အဲဒီမှာပဲ တဆက်တည်း ကျနော် လုပ်နေရတဲ့ တာဝန်တွေဟာ ကိုယ့်အတွက် ဘာမှ အာမခံချက် မရှိတဲ့အပြင် စိတ်ဖိစီးမှုတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့အတွက် ဒီအလုပ်ကို လုံးဝ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ အနားယူလိုက်တယ်” ဟု မြသန်းစံက ၎င်းအနားယူခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။

ဆက်လက်၍ ၎င်းက တပ်မတော်သားဆိုသည်မှာ လက်ရုံးရည် ရှိသကဲ့သို့ နှလုံးသားလည်း ရှိသောကြောင့် ခံစားမှု ရှိကြောင်း၊ယခု နိုင်ငံတော်က ချီးမြှင့်သည့် အနုပညာကြေးမျိုးကို ၎င်းတသက်တွင် တကြိမ်တခါမှ မရဘူးသောကြောင့် အံ့သြစရာ ကောင်းကြောင်း ပြောသည်။

တေးရေးမြသန်းစံ ရေးသားခဲ့သည့် ထာဝရ ငြိမ်းချမ်းရေး၊ ချစ်ခြင်းတရားနှင့် ပြည်ထောင်စု၊ ငြိမ်းချမ်းရေးပန်းခင်း စသော ပေါ်လစီသီချင်းများအတွက် နိုင်ငံတော်က ဂုဏ်ပြုငွေ ကျပ် ၁၅ သိန်းကို ချီးမြှင့်ခဲ့ရာ အဆိုပါ ငွေများထဲမှ ၎င်း၏ သီချင်းများ သီဆိုပေးခဲ့သော စိုင်းထီးဆိုင်၊ မေဆွိ၊ ခင်မောင်ထူး၊ ခိုင်ထူး၊ ဟေမာနေဝင်း၊ လေးလေးဝါး စသော အဆိုတော် ၆ ဦးတို့အား ကျပ် ၁ သိန်းစီ၊ တီးခတ်ပေးခဲ့သည့် မိုးသောက်ပန်းတေးဂီတ အဖွဲ့အား ကျပ် ၁ သိန်း၊ ၎င်း၏ မိခင်အား ကျပ် ၅ သိန်း၊ ၎င်း ဦးစီး ထူထောင်ခဲ့သော ဘုန်းတော်ကြီးကျောင်းအား ကျပ် ၃ သိန်းနှင့် ပုဂ္ဂလိကစာနယ်ဇင်းများအား ၎င်း၏ ကိုယ်ပိုင်ငွေထဲမှ ကျပ် ၂ သိန်း ပေးအပ်ခဲ့သည်။

အဆိုပါ ပွဲသို့ တက်ရောက်လာသော စာနယ်ဇင်းသမားများထဲမှ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ်ဦးဝင်းငြိမ်း၊ စာရေးဆရာ ဟိန်းလတ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့က အမှတ်တရစကားများ အသီးသီးပြောကြားခဲ့ရာ ဦးမြတ်ခိုင်က “အခုလို ရွေးကောက်ပွဲနီးလာချိန်၊ ပါတီအောင်နိုင်ရေး သီချင်းတွေ ခေတ်စားနေချိန်မှာ ဆရာမြသန်းစံကို နိုင်ငံတော်က အခုလို ဂုဏ်ပြုတဲ့အတွက် အံ့သြစရာကောင်းပါတယ်” ဟု ပြောခဲ့သည်။

သြဂုတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက နိုင်ငံတော်အကျိုးပြု သီချင်းများနှင့် ဓမ္မပူဇာတေးများ ရေးစပ်ပေးခဲ့သူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြောင်း သတင်းဖော်ပြခဲ့သော်လည်း မည်သူတို့အား မည်မျှသောငွေပမာဏ ချီးမြှင့်သည်ကိုမူ ရေးသားထားခြင်း မတွေ့ရပေ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Aug,30th,2010

( 37 )Oil workers ‘punched, kicked’ by police

( 36 )အချိန်နည်းမှုကြောင့် လွှတ်တော်စာရင်းတင်ပြရသည့်အခက်အခဲ

( 35 )PM’s party outmuscles election opposition

( 34 )ဒီကေဘီအေတပ်ဖွဲ့ဝင်များ၊ ကေအန်ယူထံလာရောက်ပူပေါင်း

( 33 )NUP to Offer Election Challenge to USDP

( 32 )တပ်တွင်း ရာထူးတိုးမြှင့်မှုများ ပြုလုပ်

( 31 )Government Takes Over Issuing of Rice Export Permits

( 30 )မီဒီယာပိုင်ရှင်တဦး ကြံ့ဖွံ့ပါတီအတွက် ရွေးကောက်ပွဲဝင်

( 29 )Journalists Pressed into Election

( 28 )ရွှေ့ပြောင်းအလုပ်သမားများ ဘဏ်ငွေစာရင်း ဖွင့်နိုင်

( 27 )Myanmar could become a top rice exporter

( 26 )အိုင်တီလုပ်ငန်းများ ရှင်သန်ရေး အခက်တွေ့

( 25 )US and Britain issue Burma travel warnings

( 24 )ရွေးကောက်ပွဲ ကော်မရှင် သျှမ်းဆရာဝန် ကြံ့ဖွတ်ပါတီအတွက် အမတ်လောင်းပြောင်းလုပ်

( 23 )မော်ချီး-တောင်ငူ ကားလမ်းစီမံကိန်းသည် စုစည်းကျေးရွာအဖြစ် ကျေးရွာများ ပြောင်းနေရဖွယ်ရှိ

( 22 )Myanmar parties complain election fee too high

( 21 )မဲရုံမှူးအတွက် ဒီးမော့ဆိုမှ ကျောင်းဆရာ/မများကို ပိုမိုယုံကြည်

( 20 )PLA Navy warships dock in Myanmar for naval drills

( 19 )စစ်တွေမဲဆန္ဒနယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ်များ အမည်စာရင်း

( 18 )Dispute erupts between opposition parties

( 17 )ရသေ့တောင် မစဲကျွန်း ၂၄ ရွာမှ စပါးခင်များကို ပိုးကောင်များ ၀င်ရောက်ဖျက်ဆီး

( 16 )Man, His Three Children Convicted For Human Trafficking

( 15 )National library in Myanmar new capital to be upgraded

( 14 )စာနယ်ဇင်းသမားများ ရွေးကောက်ပွဲ ဝင်မည်

( 13 )US ramps up pressure on Burmese junta over war crimes

( 12 )ကလေးစစ်သား မောင်အောင်ဇော်မိုးကို ပြန်လွှတ်ပေးရန် မိဘများတောင်းဆို

( 11 )Chinese navy escort warships make port call in Myanmar

( 10 )လယ်သမား အရေး တိုင်ကြားရာမှ ကူညီခဲ့သူ တစ်ဦး လယ်ဝေး ရဲစခန်းတွင် ဖမ်းထား

( 9 )Burmese Junta Leaders Suspected to have Resigned

( 8 )ကေအိုင်အို ဗဟို ဌာနချုပ် အနီး ဗုံးပေါက်ကွဲမှု ဖြစ်

( 7 )Refugees face homelessness all over again in U.S.

( 6 )ရွေးကောက်ပွဲ ၀င်မည့်ပါတီများ အကြား မဲဆန္ဒနယ်မြေ ခွဲဝေမှု မပြေမလည်ဖြစ်

( 5 )Burma's poll will only entrench the power wielders

( 4 )မြန်မာစစ်ခေါင်းဆောင် အပြောင်းအလဲ အင်ဒိုပုံစံဟောင်းဟု လေ့လာသူတွေ ဝေဖန်

( 3 )An afternoon in Burma

( 2 )ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း မျှော်လင့်ထားတာထက် နည်းမည်

( 1 )Burma Muhammedan hold SWC to a draw

Sunday, August 29, 2010

မူစယ်မူးယစ်အဖွဲ့ ထမင်းမ၀ အမှုမရတော့

စစ်ထက်နိုင်

ရှမ်းပြည်နယ်မြောက်ပိုင်းမူစယ်မြို့တွင် မူးယစ်အထူးအဖွဲ့မှအကွက်ဆင်ဖန်တီးသော အမှုတစ်ခု ပေါ်ပေါက်ခဲ့ပေသည်။ ဖြစ်စဉ်မှာ ၂၄.၈.၂၀၁၀ နေ့တွင် မူဟယ်မြို့ ရွှေသမင်ရပ်ကွက်တွင် နေထိုင်သူ ဦးထင်ချုံဟန်၏သားများဖြစ်ကြသော မောင်ထင်ရန်ခိုး အသက် ( ၂၇ နှစ် ) နှင့် မောင်ထန်ရင်လင့် အသက် ( ၁၈ နှစ် ) တို့နှစ်ဦးအား မူစယ်ခရိုင် မူယစ်အ ထူးအဖွဲ့မှ ရဲအုပ်ခိုင်ထွန်း နှင့်အဖွဲ့သည် မေးမြန်းစရာရှိသည်ဟုဆိုကာ နံနက် ( ၁၁ ) နာရီ အချိန်တွင် လာရောက် ခေါ်ဆောင်သွားကြလေသည်။

မူးယစ်အဖွဲ့သည် ၄င်းတို့အားအမျိုးမျိုး နှိပ်စက်ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်သတင်းများအား ဖေါ်ထုတ်ပေးရန် ပြောကြားသော်လည်း ၄င်းတို့သည် မူးယစ်ဆေးဝါးနှင့်ပတ်သက်ခြင်းမရှိ ၊ ၄င်းတို့ကိုယ်တိုင်လည်း မပြုလုပ်ကြောင်း သာ ပြောဆိုနေကြရာ ညနေ ( ၄ နာရီ ၃၀ မိနစ် ) အထိ မည်ကဲ့သို့ ရိုက်နှက်စစ်စစ် အမှုပေါ်ပေါက်ခြင်းမရှိပေ။

နောက်ဆုံးတွင် အမှုပေါ်ပေါက်ခြင်းမရှိသည့်အတွက် မူစယ်ခရိုင်မူးယစ်အဖွဲ့ ကြီးကြပ်သူ ဒုတိယရဲမှူး ရန်ရှင်း မှ ခေါ်ယူ လာသော ၄င်းတို့ နှစ်ယောက်အား နှိပ်စက်ခြင်း မရှိ ကြောင်း လက်မှတ်ထိုးခိုင်းသည့်အပြင် ပြန်လည်လွတ်မြောက် လိုပါ က တရုတ်နိုင်ငံသုံးငွေ ( ၄၀၀၀၀ ) နှင့်ညီမျှသော မြန်မာနိုင်ငံသုံးငွေ ကျပ် သိန်းပေါင်း ခြောက်ဆယ်အား လာရောက်ပေး မှသာ ပြန်လည်လွှတ်ပေးမည်ဟု ၄င်းတို့၏အကို တော်စပ်သူ ကိုအားစန်း ထံသို့ ပြောကြားခဲ့လေသည်။

ကိုအားစန်းမှလည်း ၄င်းတို့သည် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းမရှိသောကြောင့် ငွေကြေးမတတ်နိုင်ကြောင်း ပြောကြား သော်လည်း ကြီးကြပ်သူ ရန်ရှင်းမှ လက်မခံဘဲ ည ( ၉ နာရီ မိနစ် ၃၀ ) အထိ ဖုံးခေါ်ပြီး အကြွေးတောင်းသကဲ့ သို့ တောင်းနေကြောင်း ၊ ငွေပေးနိုင်ခြင်းမရှိပါက စိတ်ကြွဆေးပြားထုတ်ထည့်ပြီး အမှုဖွင့်မည့်အကြောင်းသာ ပြောနေသည့် အတွက် ကာယကံရှင်များမှာ မည်ကဲ့သို့ဆက်လက်လုပ်ဆောင်ရမည်ကို မသိဖြစ်နေကြပေသည်။

ဦးရန်ရှင်းသည်ပြီးခဲ့သည့်နှစ်အတွင်းက ကွတ်ခိုင်မြို့နယ် ၊ ပန်ဖိတ်ရွာတွင် မူးယစ်အဖွဲ့အား ( KDA ) အဖွဲ့မှ ပစ်ခတ် ခြင်း ခံခဲ့ရပြီး တပ်ဖွဲ့ဝင် ( ၄ ) ယောက်သေဆုံးခဲ့သော အချိန်က အသက်မသေဘဲ ကျန်နေခဲ့သည့် အဖွဲ့ခေါင်းဆောင်မှ ရထူးတိုးပြီးမူစယ်မူးယစ်အဖွဲ့တွင် ကြိးကြပ်သူဖြစ်နေရာ သူသည် ငွေမျက်နှာကြည့်သူ ၊ လုပ်ငန်းကို စနစ်တစ်ကျလုပ် ကိုင်သူ မဟုတ်ကြောင်း ၊ ယခင်က မူးယစ်အဖွဲ့သည် စည်းကမ်းရှိသလောက် ဦးရန်ရှင်းလက်ထက်ရောက် လာမှ မူစယ် မူးယစ်အဖွဲ့သည် စည်းကမ်းပျက်လာကြောင်း ဒုတိယရဲအုပ်များမှ ပြောကြားခဲ့ကြောင်း ယခက်က အင်တာနက်စာမျက်နှာ များဖေါ်ပြခဲ့တာ ဖတ်ရှုကြရပေသည်။

ယခု ဖြစ်စဉ်ကြောင့် မူစယ်မြို့နေ ပြည်သူလူထုများသည် မူးယစ်အဖွဲ့ထမင်းငတ်ပြီး အမှုမရမှာ စိုးရိမ်နေကြပေသည်။ ကြာလာလျှင် မိမိအိမ်ထဲ မူးယစ်ဆေးဝါး ပစ်ပြီးဖမ်းဆီး ခံကြရမှာ ကြောက်ရွံ့နေကြရလေသည်။

ငွေပေးပြီးမူးယစ်ဆေးဝါးရောင်းဝယ် / သယ်ဆောင်လိုများအတွက်

ဒုတိယရဲမှူး ရန်ရှင်း ( ကြီးကြပ်သူ )
မူးယစ်အထူးအဖွဲ့
မူဆယ်ခရိုင် ၊ မူဆယ်မြို့
ဖုံး - ၀၈၂-၅၀၆၁၃
တရုတ်ဖုံး - ၀၆၉၂-၆၈၈၂၂၉၉ .................. တို့အားဆက်သွယ်ပါရန်
စစ်ထက်နိုင် ( သတင်းမှန်ပေးပို့သည် )

စစ်တိုင်းမှူးနှင့်တပ်မမှူးများ တပ်တွင်း နေရာပြောင်းရွေ့

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) လားရှိုး အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် အောင် သန်းထွဋ် အပါအ၀င် တပ်မ ၅ ခုမှ တပ်မမှူးများ သြဂတ်စ် ၂၇ ရက် တပ်တွင်းနေရာပြောင်းရွေ့မှု ပြုလုပ်ကြောင်း စစ်ဘက် သတင်းရပ်ကွက်မှ တဆင့် သိရသည်။

ပြောင်းရွေ့လိုက်သည့် တပ်မမှူးများမှာ ၂၂ ၊ ၃၃ ၊ ဂဂ ၊ ၉၉ နှင့် ၁၀၁ တပ်မမှူးများ ဖြစ်ပြီး လက်ရှိ ကိုးကန့်ဒေသ၌ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသော စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ မှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇောက ရမခ တိုင်းမှူး နေရာဝင်ရောက် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် ကစထမှူးအဖြစ် တာဝန်ထမ်းဆောင်ရမည်ဟု သိထားသော်လည်း ကစထ အမှတ် အတိအကျမသိရသေးကြောင်း လားရိုးစစ်တိုင်းရုံးနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“အခု လောက်ကိုင်မှာ ရောက်နေတဲ့ တပ်မ ၃၃ မှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောက ရမခတိုင်းမှူးဖြစ်သွားပြီ တိုင်းမှူး ကတော့ ကစထမှူးဖြစ်မယ် ဘယ်ကစထမှူးလည်းတော့မသိဘူး ပြောင်းတာတွေကတော့များတယ် အတိအကျမသိဘူး ” ဟု သူက ပြောသည်။

“အခုတိုင်းမှူး အပြောင်းအလဲတွေ အများကြီးဖြစ်နေတယ်။ ဒီနေ့ ၆ ယောက်ပြောင်းမယ်လို့ သိရတယ် အောင်သန်းထွဋ် ၊ ဝေလွင် ၊ မြင့်စိုးသတင်းတော့ ထွက်နေပြီ။ ကျန်တဲ့သူတွေ ဘယ်သူမှန်းမသိသေးဘူး ” ဟု တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း ပြောသည်။

ကျန်တပ်မမှူးများ ဖြစ်သည် ၁၀၁ တပ်မမှူး ဗမက စိန်ဝင်းက သံအမတ်ကြီးနေရာ ရောက်ရှိပြီး တပ်မ ၉၉ မှူးက ကမ်းရိုးတန်းတိုင်းမှူး အဖြစ်လည်းကောင်း၊ တပ်မ ဂဂ မှူးသည် တောင်ပိုင်းတိုင်းမှူးအဖြစ် လည်းကောင်း၊ တပ်မ ၂၂ မှူးက အနောက်တောင်တိုင်းစစ်ဋ္ဌာချုပ် တိုင်းမှူးအဖြစ် အသီးသီး ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။

နအဖတပ်အတွင်း ရာထူးပြောင်းရွေ့မှုများ ပြုလုပ်နေရာ ယခုလလယ်ပိုင်းက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ ၁၀ ဦးခန့် အငြိမ်းစားယူခဲ့ကြောင်း သိရသည်။

ရာထူးမှနားရသည့် ဗိုလ်ချုပ်ကြီးများ နေအိမ်မှ ဖယ်ရှားခံရ

ရန်ပိုင်

ဗိုလ်ချုပ်ကြီး နှစ်ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးများကို ရုတ်တရက် ရာထူးမှ အနားယူခိုင်းခဲ့ ပြီးနောက် နေပြည်တော်ရှိ ၎င်းတို့နေထိုင်သည့် အစိုးရပိုင် နေအိမ်များမှလည်း ချက်ချင်း ဖယ်ရှားခိုင်း လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး အပါဝင် ရာထူးမှ အငြိမ်းစားပေးခြင်း ခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးများသည် နေပြည်တော်ရှိ နေအိမ်များမှ ချက်ချင်းဆိုသကဲ့သို့ ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ပြီး အစိုးရပိုင် ကားများ ကိုလည်း ပြန်အပ်ခိုင်းခဲ့ကြောင်း စစ်အစိုးရ အသိုင်းအ၀န်းနှင့် နီးစပ်သည့် စီးပွားရေး သမားတဦးက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး ဆိုရင် တရက်လောက် နေမကောင်း ဖြစ်သွားတယ်၊ ဗိုလ်ချုပ်ကတော်ကြီးတွေလည်း သွေးတိုး တဲ့ လူ တိုး ငိုတဲ့ လူငိုပဲ”ဟု ၎င်းက ဆိုသည်။

အစိုးရပိုင် နေအိမ်နှင့် ကားများသာမက စစ်တပ်အမည်ပေါက် မိုဘိုင်းဖုန်းများကိုလည်း ပြန်လည်ပေးအပ်ခိုင်းကြောင်း အဆိုပါစီးပွား ရေးသမားကပြောသည်။

နိုင်ငံအနှံ့ ခရီးထွက်ပြီး တာဝန်ထမ်းဆောင်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီးများကို အရေးပေါ် အစည်းအဝေး ဆိုကာ အမြန်လာရန် အမိန့်ပေးပြီး အစည်းအဝေးတွင် အားလုံးကို ချက်ချင်း အနားယူခိုင်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

တရားဝင် တပ်တွင်း အပြောင်းအရွှေ့ကို ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်၊ စစ်ထောက်ချုပ် ဗိုလ်ချုပ် ဝေလွင်၊ စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ် ၀င်းမြင့်၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ် ကျော်ဆွေ၊ စစ်လက်နက် ပစ္စည်းဝယ် ယူရေး အရာရှိချုပ် ဗိုလ်ချုပ် သိန်းဌေး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး(ကစထ)များ အဖြစ် ဗိုလ်ချုပ် မြင့်စိုး၊ ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ဗိုလ်ချုပ် လှမင်း၊ ဗိုလ်ချုပ် သက်နိုင်ဝင်း၊ ဗိုလ်ချုပ် တင်ငွေ တို့ကို ခန့်အပ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

တိုင်းမှူးများနှင့် တပ်မမှူးရာထူးများကိုလည်း ဆက်လက် အပြောင်းအလဲပြုလုပ်ခဲ့ပြီး လာမည့်တနင်္လာနေ့တွင် မိမိတာဝန်ကျရာ စစ် ဒေသများသို့ အရောက်သွားရမည်ဟု ညွန်ကြားထားကြောင်း သိရသည်။

အဆိုပါ အပြောင်းအရွှေ့များကို ဗိုလ်ချုပ်မှူးကြီး တဦးတည်းက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သည်ပင်လျှင် မသိရှိကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသည်ဟု သတင်းထွက်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်မှာ ဗိုလ်ချုပ်မှူးကြီး ၏ လက်ရင်းတပည့်တဦးဖြစ်ပြီး မဟာဗျူဟာ ကျကျ တွေးခေါ်စဉ်းစားတတ်၍ ရက်စက်တတ်သူတဦး ဟု နာမည်ကြီးကြောင်း စစ်တပ်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးကလည်း ဆိုသည်။

“ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်ထဲမှာတော့ ဦးသန်းရွှေ အငယ်စားလေးလို့ နာမည်ကြီးတယ်၊ သီဟ သူရ တင်အောင်မြင့်ဦး လိုတော့ လူမုန်း မများဘူး၊ စရဖ ချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဆွေ ကတော့ လူရိုး၊ ဒီရာထူးလောက်ဆို တော်ပြီဆိုတဲ့ လူမျိုး”ဟု ၎င်း က ဆိုသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှာ ဆက်ဆံရေး ပြေပြစ်သူတယောက်ဖြစ်ပြီး မိမိ၏ အထက်အရာရှိများနှင့် အောက်ခြေ တပ်သားများ အကြား အဆင်ပြေပြေဆက်ဆံတတ်သူဖြစ်ကြောင်း၊ စီးပွားရေး အမြင်လည်း ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

ယခုအခါ ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းအတွင်း ကုန်သွယ်မှုဆိုင်ရာ မူဝါဒကောင်စီတွင် ဥက္ကဋ္ဌ မည်သူဖြစ်လာမည်ကို စိတ်ဝင် စား နေကြောင်း၊ ထိုနေရာတွင် ယခင်က ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး တာဝန်ယူ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်ပပို့ကုန် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တဦးက ပြောသည်။

“သွင်းကုန် ပို့ကုန်တွေ ကားပါမစ်တွေကို ပေးတဲ့သူပေါ့၊ သူဌေးတွေ ဖားပြီး အပိုင်ပေါင်းရတဲ့ ရာထူးနေရာပေါ့”ဟု ၎င်းက ပြော သည်။

မည်သူပင်ဖြစ်စေကာမူ စီးပွားရေးလုပ်ငန်းရှင်ကြီးများ အနေဖြင့် ရာထူးတာဝန်အသစ်များ တာဝန်ယူမည့် ဗိုလ်ချုပ် များနှင့် ယခင် ကတည်းက စီးပွားရေးအရ အဆက်အဆံရှိထားသည့် အတွက် အခက်အခဲဖြစ်လိမ့်မည်မထင်ကြောင်း အဆိုပါ လုပ်ငန်းရှင်က ဆို သည်။

ဦးရုက္ခစိုး နတ်ပေါင်းမှားခြင်း

ရန်ကုန်သားတာတေ

“ပွဲဦးမင်းကြီး ကြွလာပြီဆို မောင်းမတွေကကြို … ပွဲသိမ်းမင်းကြီး ကြွလာပြီဆို မောင်းမတွေကကြို … ကြို ကြို ကြိုကြို … မောင်းမတွေက … မောင်းမတွေက ကြို”

ဆူညံ ပွက်လော ရိုက်ကာ ညှော်နံ့များ ဝေနေသည့် တောင်ပြုန်း ပွဲတော်ဝန်းအတွင်း လူစီးကြောင်းကြီးထဲတွင် ဦးရုက္ခစိုး ရောက်နေခြင်းဖြစ်သည်။

“ရွှေလမ်းငွေလမ်း ခင်းလို့ပေးမယ် ကျော် ကျော် ကျော် ကျော် … တို့ကိုကြီးကျော် … တို့ဖေဖေကျော်”

နတ်နန်း တဆောင်တွင် ထောင်တန်များ ကျဲလိုက်ပြီး နတ်ဒိုးသံဖြင့် အားပါးတရ ကခုန်နေသည့် သူကို မြင်ဖူးသည် အမှတ်ဖြင့် ဦးရုက္ခစိုး ကြည့်လိုက်ရာ … ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်း ဖြစ်နေသည်။ ဘေးတွင်လည်း မိတ်ကပ် အဖွေးသား လိမ်း၍ “ဟေးဟား” ဝိုင်းအော်နေကြသူများ ရှိသည်။ ရှေ့ဆုံးတွင် ထိုင်နေသူကို မှတ်မိစေရန် ဦးရုက္ခစိုး မနည်းကြည့်ယူရသည်။

ရုက္ခစိုး။ ။ ဟာ … ဝန်ကြီးချုပ် ဦးသိန်းဂိန်။ ဆံပင်တုကြီးလည်း စွပ်လို့ ဘယ်လိုဖြစ်တာလဲ။

သိန်းဂိန်။ ။ ဟယ် … ယူပါလား။ ကြည့်စမ်း လူဆိုး … အဲ နတ်ဆိုး … အခုမှ လာရလားလို့။ တို့က အခု မာမီဂိန်ဖြစ်နေပြီ။ ဦးသိန်းဂိန်လို့ ခေါ်နဲ့၊ ကြိုက်ဘူး။

ရုက္ခစိုး။ ။ ကြံ့ဖွံ့တဖွဲ့လုံး ဒီရောက်နေကြတာလား။ ဘယ်လိုဖြစ်ကုန်တာလဲ။

သိန်းဂိန်။ ။ အို … တို့ဆောင်ပုဒ်ကို ယူ မသိဘူးလားလို့။ “နိုင်ကိုနိုင်ရမည်။ ဘယ်လိုနိုင်နိုင်၊ နိုင်ဖို့သာ အရေးကြီးသည်၊ အောက်လမ်းနည်းနဲ့နိုင်နိုင်၊ ဂမ္ဘီရနည်းနဲ့ နိုင်နိုင်၊ နတ်မလို့ပဲနိုင်နိုင်၊ ကလိန်ကကျစ်လုပ်ပြီး နိုင်နိုင် … ကြိုက်သလိုသာ လုပ်၊ ကြံ့ဖွံ့နိုင်ရမည်” ဆိုတာလေ။

ဦးသိန်းဂိန်က အသံနေအသံထားဖြင့် ဆိုပြခြင်းဖြစ်သည်။

ရုက္ခစိုး။ ။ အဆိုတော် ခေါဖုခင် ဆိုတဲ့သီချင်းလား။ ကြားဖူးတယ်။

သိန်းဂိန်။ ။ အဲဒါ တို့ကြံ့ဖွံ့ဆောင်ပုဒ်လေ။ အခု အဲဒီဆောင်ပုဒ်ထဲက အတိုင်း နိုင်အောင် မစအောင်လို့ ဒီမှာ ရှိသမျှ အမေတို့၊ အဖေတို့၊ မမတို့၊ ကိုကြီးတို့၊ ကိုလေးတို့၊ ဦးတင်ဦးတို့ကို လာပြီး ပူဇော်ပသတာ။ ကန္နားလာပေးတာ … သိပြီလား။

ရုက္ခစိုး။ ။ ကိုကြီးတို့၊ ကိုလေးတို့၊ အဖေတို့၊ အမေတို့က ထားပါတော့ … ဦးတင်ဦးက ဘယ်က ပါလာတာလဲ။

ဦးသိန်းဂိန်။ ။ လေယာဉ်ပျက်ကျသွားတဲ့ ဦးတင်ဦးလေ။ သူလည်း အစိမ်းသေဆိုတော့ နတ်ဖြစ်မှာပဲမဟုတ်လား။ ဂယ်ပဲ ဂယ်ပဲ … ဦးရုက္ခစိုးဟာလေ၊ သိပ်ကို ရှင်းရတာပဲ။

ဦးရုက္ခစိုးကို လှည့်ပြောအပြီး တီးလိုက်သော နတ်ဒိုးနှင့်အတူ လက်ခုပ်တီး၍ “ရွှေလမ်း ငွေလမ်း ခင်းလို့ ပေးမယ် တို့ကြံ့ဖွံ့နော်၊ ကျော် ကျော်ကျော်ကျော် တို့ ကျော်ဆန်းနော်” ဆိုပြီး အော်ဆိုလိုက်သေးသည်။ ဦးဆော်ကြမ်း၏ ကြံ့ဖွံ့အမည်မှာ ဦးကျော်ဆန်းဖြစ်သည်။

ရုက္ခစိုး။ ။ မာမီဂိန်တောင် ပုဆိုးဝတ်တာ အတော်ကျွမ်းနေပြီပဲ။

ဦးသိန်းဂိန်။ ။ ဟေ့ … တို့က ပုဆိုးတင် မဟုတ်ဘူးနော်၊ ထဘီလည်း ဝတ်တတ်တယ်၊ ဝတ်ပြရမလား။

ဦးသိန်းဂိန်က ဦးရုက္ခစိုးကို ပြန်ပြောရင်း ပွဲခင်းတနေရာကို ကြည့်ကာ မျက်စောင်းထိုးလိုက်သည်။ ပွဲခင်းတနေရာတွင် တစည အဖွဲ့က ပါတီ စည်းရုံးရေး လုပ်နေသည်။

ဦးသိန်းဂိန်။ ။ ဟေးယူ … ကြည့်စမ်း ကြည့်စမ်း။ ဒီလိုနေရာမျိုးမှာ ပါတီစည်းရုံးရေး လာလုပ်နေတယ်။ တကယ်ပါပဲဟယ်။ သူတို့မို့လို့ နတ်ရိုက်မှာ မကြောက်မရွံ့။

တစည ပါတီထဲက တဦးက ဦးရုက္ခစိုးကို လက်ကမ်းကြော်ငြာ တစောင်လာဝေရင်း “ဦးရုက္ခစိုး သေချာဖတ်ကြည့်နော်။ ကျနော်တို့ပါတီက သူတို့လို ဖားတပိုင်းငါးတပိုင်းမဟုတ်ဘူး၊ ဟိုမရောက် ဒီမရောက်မဟုတ်ဘူး။ နောက်မှာ စစ်တပ်လည်း မရှိဘူး။ သန့်သန့်လေး သိလား” ဟု ပြောလိုက်ရာ ဦးသိန်းဂိန်က ပုဆိုးကို မ ရင်း “… ကြည့်စမ်း။ လူကိုများ ဖားတပိုင်း ငါးတပိုင်းတဲ့။ သူတို့ကမှ အထည်ကြီးပျက်တွေ။ ဟွန်း … နတ်ရိုက်မယ့်ဟာတွေ။ ကြည့်လို့ကို မရဘူး။ နင်တို့နဲ့ ရွေးကောက်ပွဲ စင်မြင့်ပေါ်မှာ တွေ့မယ် … သိလား။ အကောင်တွေရဲ့” ဟု နှုတ်ခမ်းထော်ရင်း ရန်တွေ့သည်။

ရုက္ခစိုး။ ။ ဦးသိန်းဂိန်တို့ရဲ့ ကြံ့ဖွံ့ပါတီက တစည ကိုလန့်နေပြီ ထင်တယ်။ ဟုတ်လား။

သိန်းဂိန်။ ။ အောင်မယ်။ ရာရာ စစ။ တို့လန့်တဲ့ပါတီဆိုတာ မရှိသေးဘူး သိလား။ တို့နောက်မှာ ချိုကုပ်ဒူးကြီးရှိတယ်။ သူတို့က အထည်ကြီးပျက်တွေလေ၊ ပိုက်ဆံလည်း မရှိဘဲနဲ့များ။ လာယှဉ်ချင်သေးတယ်။ သိန်းဂိန်ကို ဘာမှတ်နေလဲ။

ရုက္ခစိုး။ ။ ဒါဆို ဦးသိန်းဂိန်ပါတီက သေချာပေါက် နိုင်မယ်လို့ တွက်ထားပြီးသားပေါ့ ဟုတ်လား။

သိန်းဂိန်။ ။ သေချာပေါက် ကလိန်ကကျစ်ကျထားတာ … မနိုင်ဘဲ ရှိမလား။ ဟယ် … ယောင်လို့ (ပါးစပ်ကို လက်နှင့် အုပ်၍) တို့ပါတီက သေချာပေါက်ကို နိုင်ဦးမှာ။ အောင်ပွဲခံဦးမှာ။ အဲဒီအခါကျရင် ကိုးကြီးကျော်တို့ မမနှဲတို့နဲ့အတူ ဖလန်းဖလန်းကို ထလိုက်ဦးမှာ။

ရုက္ခစိုး။ ။ တစည ဘက်က ပြောနေကြတယ်၊ ဦးသိန်းဂိန်က တပ်ကထွက်ပြီလည်း ပြောသေးတယ်၊ အပြင်ထွက်ရင် စစ်သား အစောင့်အရှောက်နဲ့ ထွက်တယ်တဲ့။ အဲဒါမျိုး မဖြစ်သင့်ဘူးတဲ့ဗျ။

သိန်းဂိန်။ ။ မဖြစ်သင့်ဘူးဆိုတာ တို့တတွေရဲ့ အဘိဓာန်မှာ မရှိဘူးကွယ်။ အခုအချိန်အထိ လုပ်ချင်ရာ လုပ်နေကြတာ သိရဲ့သားနဲ့။

ရုက္ခစိုး။ ။ အင်း … မေးမိတဲ့ ကျုပ် အမှားပါ။

သိန်းဂိန်။ ။ ဟေ့ … ယူ့ကို ကြွားရဦးမယ် သိလား၊ တို့ ပါတီကို အတင်း သွပ်သွင်းထားတဲ့ သူငယ်လေးတွေဆို အခု ကွန်ပျူတာခလုပ်တွေ ကိုင်တတ်နေပြီ။ ရှယ်နော် … ရှယ်။

ရုက္ခစိုး။ ။ ကွန်ပျူတာ ခလုတ်ကိုင်တတ်တာ ကြွားစရာလား။

သိန်းဂိန်။ ။ အင်းလေ … အဲဒီလို ကိုင်တတ်ဖို့ဆိုတာ လွယ်မလား စဉ်းစားကြည့်စမ်းပါဦး။ မဆလ ခေတ်ကဆို စက်ဆိုလို့ ဂဏန်းပေါင်းစက်တောင် မြင်ဖူးဖို့ လွယ်တာမဟုတ်ဘူးလေ။ အဲဒါကြောင့် တို့က ပြောတာ၊ ခြင်္သေ့ကိုပဲ မဲပေးပါလို့။

“ဘာမှလည်း မဆိုင်ဘူး” ဟု စိတ်ထဲက ရေရွတ်လိုက်သည်။ ထိုစဉ် ရုတ်ရုတ်ရုတ်ရုတ်နှင့် လူတစု ရောက်လာသည်။ ကင်မရာများကို ထုတ်ရိုက်ကြသည်။ ငိုသူကငို … ရယ်သူကရယ်နှင့် တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားသည်။

သိန်းဂိန်။ ။ ဟယ် … ဘာဖြစ်ကြတာလဲ၊ ဘာဖြစ်ကြတာလဲ။ သူတို့က ဘယ်သူတွေလဲ။ လုပ်ကြပါဦးတော်။ ဒုက္ခပါပဲ။

ရုက္ခစိုး။ ။ ရုပ်ရှင်အဖွဲ့ထင်တယ်။ တောင်ပြုန်းနောက်ခံ ဇာတ်ကား လာရိုက်တာ ဖြစ်မယ်။

ဦးရုက္ခစိုးခန့်မှန်းသလို ရုပ်ရှင်အဖွဲ့ဖြစ်နေသည်။ ရုပ်ရှင်အဖွဲ့က ရိုက်ကောင်းကောင်းနှင့် ရိုက်နေစဉ် ပွဲခင်း တခင်းလုံးက နတ်ကတော်များ ဝိုင်းလာကြသည်။ နတ်ကတော် မူပိုင်ခွင့်ကိစ္စ ငြင်းကြခုန်ကြနှင့် တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားသည်။ နတ်ကတော် ဇာတ်ရုပ်ကို ရုပ်ရှင်ရိုက်လျှင် နတ်ကို အသိပေးသင့်သည်ဟု နတ်ကတော်များက အော်ကြသည်။

ထိုသို့ ရုတ်ရုတ်သည်းသည်း ဖြစ်နေစဉ် နတ်ဒိုးသံ ပြောင်းသွားသည်။ “ဝါကာ ဝါကာ အေ့အေ … ဝါကာ ဝါကာ အေ့အေ” ဆိုသည့် ကမ္ဘာ့ဖလား ဘောလုံးသီချင်းကို မြန်မာစာသား ထည့်ကာ နတ်ဒိုးဖြင့် တီးဆိုကြသည်။ ဘယ်အချိန်က ရောက်နေမှန်း မသိသော မြန်မာမှုပြု ပြန်လည်သီဆိုသူ အဆိုတော်နှင့် တေးရေးမှာ သီချင်းကို သူပိုင် ငါပိုင် ရန်ဖြစ်ကြပြန်သည်။

ရုတ်ရုတ်သည်းသည်း ဖြစ်သွားသော အခြေအနေကို ထိန်းရတော့မည်ဟူသော အသိဖြင့် ပြန်ကြားရေးဝန်ကြီးဆော်ကြမ်း အားပါးတရ ကနေရာက ရပ်လိုက်သည်။

“ရှင်းပေးပါ၊ ရှင်းပေးပါ” ဆိုသော အသံများဆူညံနေသည်။

ဆော်ကြမ်း။ ။ ကဲ … အားလုံးငြိမ် … ဒီပြဿနာတွေအားလုံး ပြေလည်ချင်တယ် မဟုတ်လား။ တို့ရှင်းပေးမယ်။

“ပြေလည်ချင်တယ်” ဟု လူအုပ်ကြီးက အော်လိုက်သည်။

ဦးသိန်းဂိန်က ဦးဆော်ကြမ်းကို “ကြုံတုန်းလေး ပါတီစည်းရုံးရေးလုပ်လိုက်” ဆိုသည့်သဘော မျက်ရိပ်ပြလိုက်သည်။ ဦးဆော်ကြမ်းမြင်ရန် အကောင်တကောင်ပါသော စာရွက် တရွက်ကိုလည်း ထောင်ပြလိုက်သည်။ ထိုအကောင်ကို မည်ကဲ့သို့ ခေါ်ရမည်မှန်း ရုတ်တရက် ဦးဆော်ကြမ်းက မေ့နေသေးသည်။ ခဏနေတော့မှ အော်လိုက်သည်။

“ပြဿနာတွေ ပြေလည်ချင်ရင် ခြင်္သေ့ကို မဲပေးပါ”

ဦးဆော်ကြမ်းအသံ အဆုံးတွင် ပရိသတ်ထဲက သောက်လက်စ အရက်ပုလင်းတလုံး ဝဲပျံလာပြီး သူ့ထိပ်တည့်တည့်ကို မှန်သည်။ နောက်တွင် ပြောင်းဖူးရိုးများ၊ ရေသန့်ဗူးများ၊ အမှိုက်ထုပ်များ ဝဲပျံလာသည်။

ဦးသိန်းဂိန်နားတွင် ရောက်နေသော နတ်ကတော်တဦးက “ပြဿနာ ရှင်းပါဆိုမှ … ပိုရှုပ်အောင် လုပ်ချင်ဦး။ ကဲဟယ် … မှတ်ပြီလား။ အဲဒါ နတ်ရိုက်တာ။ မှတ်ပြီလား” ဟုပြောရင်း ဦးသိန်းဂိန်၏ တင်ပါးကို ဝါးခြမ်းပြားဖြင့် တဖြန်းဖြန်း ရိုက်သည်။

နတ်ကတော်အပေါင်း၏ ဝိုင်းဝန်းဆွမ်းကြီးလောင်းသည့်ဒဏ်ကို မခံနိုင်သည့်အဆုံး ဦးသိန်းဂိန်နှင့်အဖွဲ့ ကမူးရှုးထိုး ထွက်ပြေးကြရာ သူတို့ကြားတွင်ရောက်နေသော ဦးရုက္ခစိုးပါ ဖနောင့်နှင့်တင်ပါး တသားတည်း ကျအောင် ပြေးရလေတော့၏။