Friday, December 13, 2013

အဆောင်နေ အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီး ပိုလိုဆေးသောက် သေဆုံး

ဇော်ဇော်ထွေး

ပိုလိုပိုးသတ်ဆေးသောက်သူ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ ၀န်ထမ်း အမျိုးသမီးတစ်ဦးသည် ဂျပန်ဆေးရုံကြီးတွင် ဆေးကုသခံနေစဉ် ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီဝန်းကျင်အချိန်က သေဆုံး သွားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူသည် လှိုင်သာယာမြို့နယ် (၉)ရပ်ကွက်၊ အောင်သိဒိ္ဓလမ်း၊ ပြုံးပန်းအဆောင်တွင် နေထိုင်သည့် မ၀ါဝါရွှေ ၂၂ နှစ်ဖြစ်သည်ဟု အတည်ပြုထားသည်။

ဖြစ်စဉ်မှာ မ၀ါဝါရွှေသည် ဒီဇင်ဘာ ၅ ရက် နံနက် ၆ နာရီကျော်အချိန်က အဆောင်ခန်းအတွင်း ပိုလို ပိုးသတ်ဆေးသောက်၍ လဲနေသည်ကို တစ်ဆောင်တည်းနေ အစ်မအရင်းဖြစ်သူ မအေးသန္တာကတွေ့ ရှိပြီး လှိုင်သာယာဆေးရုံသို့ ပို့ခဲ့ပြီး ထိုမှတစ်ဆင့် ဂျပန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ငါးရက်အကြာ ဒီဇင်ဘာ ၁၀ ရက်တွင် သေဆုံးသွားခဲ့သဖြင့် ဆေးရုံကပင် အလောင်းကို ပီအာ ၁၂၅ ဖြင့် လက်ခံပြီး စစ်ဆေးနေသည်။

ယင်းဖြစ်စဉ်ကို လှိုင်သာယာရဲစခန်းမှ ဒု-ရဲမှူး သောင်းစိန်နှင့်အဖွဲ့ကလည်း ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ပိုလိုပိုးသတ်ဆေးသောက်ထားသည့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်း အရ ဂျပန်ဆေးရုံသို့ သွားရောက်စစ်ဆေးအတည်ပြုခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့ကလည်း ယင်းသေဆုံးမှုမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဖော် ထုတ်ပေးရန် ဒု-ရဲအုပ်ရန်ရှင်းက တရားလိုပြုလုပ် တိုင်တန်းထားရာ ယင်းတိုင်တန်းမှုကို လှိုင်သာယာ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၇၉/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စခန်းမှူး ဖြစ်သူ ဒု-ရဲမှူးသောင်းစိန်က စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

အမျိုးသမီးငယ် ပိုလိုပိုးသတ်ဆေးသောက်သုံးရသည့် အကြောင်းရင်းကိုမူ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်း မရှိသေးပေ။

သုံးခွမြို့နယ်၊ ညောင်နီကျေးရွာတွင် ဒီဇင်ဘာ ၈ ရက်က လယ်ကူလီလုပ်ကိုင်သည့် အသက် ၁၈ နှစ် အရွယ်အမျိုးသမီးငယ်တစ်ဦးမှာ အာရုံကြောဆေးနှင့် ပိုလိုပေါင်းသတ်ဆေးရည်အား မှားယွင်းသောက် သုံးမိခဲ့သဖြင့် သေဆုံးခဲ့သည်။

No comments: