Friday, December 13, 2013

မီးရှူးတိုင် သယ်ဆောင်ခွင့်ရသူ တဦးရဲ့ ဘဝဖြတ်ပိုင်းတစ

မေစစ်ပိုင်

အိုလံပစ် တံဆိပ်ပါတဲ့ အားကစားတီရှပ် အင်္ကျီ၊ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး သနပ်ခါး ဖွေးဖွေး လိမ်းခြယ်ထားတဲ့ ရိုးရိုးရှင်းရှင်း အပြင်အဆင်နဲ့ အမျိုးသမီးကြီးတဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ မနီးမဝေး ကွင်းပြင်မှာ တွေ့ရပါတယ်။

ဆီးဂိမ်း ဘောလုံးပြိုင်ပွဲအတွက် လက်မှတ် ရောင်းချနေတဲ့နေရာ အနီးအနားမှာ သူရှိနေပြီး ဘောလုံးပြိုင်ပွဲကို လာကြမယ့် နိုင်ငံတကာက ဒိုင်လူကြီးတွေကိစ္စနဲ့ အလုပ်ရှုပ်နေပုံ ပေါ်ပါတယ်။

အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့နာမည်ကိုတော့ ဒေါ်ကော့ဂျာ လို့ခေါ်ပြီး ကချင်တိုင်းရင်းသား တဦးဖြစ်ပါတယ်။ သူက ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ မီတာ ၃၀၀၀ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲမှာ အာရှစံချိန်ချိုးပြီး ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာ့ပြေးခုန်ပစ် လက်ရွေးစင်ဟောင်း တဦးဖြစ်ပြီး ၂၀၀၆ ခုနှစ် တုန်းကလည်း အာရှအကောင်းဆုံး အမျိုးသမီး ဘောလုံးဒိုင်လူကြီးဆု ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ အမျိုးသမီး ဘောလုံးဒိုင်လူကြီး ကြီးကြပ်သူအဖြစ် တာဝန် ယူထားသူ ဖြစ်ပါတယ်။

ဒေါ်ကော့ဂျာက ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး ကျင်းပတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် အိုလံပစ် မီးရှူးတိုင်ကို သယ်ဆောင်ရတဲ့ သူတွေ အထဲမှာ ပါဝင်ပါတယ်။ မီးရှူးတိုင် သယ်ဆောင်ကြမယ့် ပုဂ္ဂိုလ်တွေဟာ ရွှေတံဆိပ်ဆု ရရှိခဲ့ဖူးတဲ့ လက်ရွေးစင် အားကစားသမား ဟောင်းကြီးတွေချည်းပဲ ဖြစ်တယ်လို့ သိရပါတယ်။

“အရင်ခေတ်တုန်းက ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင် ၇၂ ဦးက အိုလံပစ်မီးရှုးတိုင် သယ်ကြတယ်၊ ကျမလည်း ရွှေတံဆိပ်ဆု ရခဲ့တဲ့ လက်ရွေးစင်ဟောင်း ဖြစ်တာကြောင့် မီးရှုးတိုင်ကိုင်ခွင့်ရတာပါ” လို့ ဒေါ်ကော့ဂျာက ဧရာဝတီကို ပြောပါတယ်။

မြန်မာအမျိုးသမီး ဘောလုံးပွဲ ဒိုင်လူကြီး ကြီးကြပ်သူအဖြစ်လည်း တာဝန်ယူထားတဲ့ ဒေါ်ကော့ဂျာဟာ အမျိုးသမီးတွေအနေနဲ့ဘာလုံး ဒိုင်လူကြီးလုပ်ဖို့ စိတ်ဝင်စားကြပေမယ့် ဘာသာစကားပိုင်းနဲ့ တခြား အရည်အချင်းတွေမှာ အားနည်းချက်၊လိုအပ်ချက်တွေ ရှိနေတာတွေကြောင့် အမျိုးသမီး ဒိုင်လူကြီး နည်းနေသေးတယ်လို့ ပြောပြပါတယ်။

“သင်တန်းနည်းပြ ဆရာတချို့ကတော့ ဘာသာစကားအတွက် ကလေးတွေကို Yes နဲ့ No သိရင်ရပြီလို့ ပြောကြတယ်။ ဒါကို ကျမ လက်မခံဘူး။ ဘာသာစကားနဲ့ တချို့ အရည်အချင်းတွေက အရမ်းလိုအပ်တယ်။ ဒါပေမယ့် သင်တန်းသားတွေ ထဲကတချို့ကလည်း ကျမပြောတာတွေ ဆိုရင် လက်မခံချင်ကြဘူး” လို့ ဒေါ်ကော့ဂျာက အမျိုးသမီး ဘောလုံးဒိုင်လူကြီး သင်တန်းသားတွေကို သင်တန်းပေးနေရတဲ့ အခြေအနေ တချို့နဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။

သူ့ အနေနဲ့ အားကစားသမား တဦးအဖြစ် နိုင်ငံတကာ အတွေ့အကြုံတွေ ရှိနေပေမယ့်လည်း ဆင်းရဲတဲ့ဘဝ အခြေအနေက လာခဲ့တဲ့ သူဖြစ်တာတကြောင်း၊ ပညာအရည်အချင်း ပိုင်းမှာလည်း အားနည်းခဲ့တာ တကြောင်းကြောင့် သူဟာ အမျိုးသမီးဒိုင်ကြီးကြပ် တယောက် ဖြစ်နေပေမယ့် တချို့ သင်တန်းသားတွေက သူ့အပေါ် အထင်မကြီးသလို၊ လက်မခံချင်တဲ့ ပုံစံမျိုးကို တွေ့နေရတယ်လို့ သိရပါတယ်။

ဒေါ်ကော့ဂျာဟာ ၁၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ ပြေးခုန်ပစ် အားကစားပြိုင်ပွဲမှာ အာရှစံချိန် ချိုးပြီး ရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့ပေမယ့် ပြေးခုန်ပစ် အားကစားပိုင်းမှာ ဘာကြောင့် တာဝန်မယူ ဖြစ်တာလဲ ဆိုတာကလည်း မေးခွန်း ထုတ်စရာတခုပါ။

“အရင်တုန်းက အားကစားကွင်းက အောင်ဆန်းကွင်း တကွင်းပဲရှိတယ်၊ အဲဒီကွင်းကလည်း မကောင်းဘူး၊ အင်တိုက်အားတိုက် ပြေးပြီး ကွင်းမညီညာ မှုနဲ့ သွားတွေ့တော့ ခြေထောက် အရိုးအက်သွားတယ်။ အချိန်အတော်ကြာကြာ နားလိုက်ရတယ်” လို့ သူက ပြောပြပါတယ်။

အဲဒီနောက်ပိုင်း အရှေ့တောင်အာရှရဲ့ အသက် ၃၅ နှစ်အောက် သက်ကြီး ပြေးခုန်ပစ်ပြိုင်ပွဲမှာ ပြန်လည် ယှဉ်ပြိုင်ဖြစ်ခဲ့ပြီး ရွှေတံဆိပ် ၄ ခုနဲ့ ငွေတံဆိပ် ၁ ခု ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီပြိုင်ပွဲက ဒေါ်ကော့ဂျာအတွက် ပြေးခုန်ပစ် အားကစား အနေနဲ့ ပြိုင်ခဲ့တာ နောက်ဆုံး ပြိုင်ပွဲတပွဲလို့ ပြောလို့ရပါတယ်။

“နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ခွင့်မရခဲ့ဘူး။ အဲဒီနောက်ပိုင်း ဘောလုံး ဒိုင်လူကြီး သင်တန်းတက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဘောလုံးဒိုင်လူကြီး ဖြစ်ခဲ့တယ်” လို့ ဒေါ်ကော့ဂျာက ရှင်းပြပါတယ်။

ရွှေတံဆိပ်ဆုရှင် လက်ရွေးစင် အားကစားသမားဟောင်း တဦးဖြစ်တဲ့ သူက လက်ရှိ ကစားနေကြတဲ့ မြန်မာ အားကစား သမားတွေ အပေါ် အားမရဘူးလို့ ဆိုလာပါတယ်။

“ခံယူချက်နဲ့ စိတ်ဓာတ်တွေ အရမ်းကွာသွားတယ်။ အခု ကစားသမားတွေက သူတို့ကို ခေါ်မယ်ဆိုရင် လစာ ဘယ်လောက် ရမလဲ အရင်မေးကြတယ်၊ ကျမတို့တုန်းက ပိုက်ဆံ၊ လစာဆိုတာ မသိဘူး။ နင်ဖြစ်နိုင်တယ်လို့ ဆရာတွေက ပြောလို့ တတ်နိုင်သလောက် ကြိုးစားရမယ် ဆိုတာပဲ သိခဲ့ကြတာ” လို့ ဒေါ်ကော့ဂျာက ပြောပြပါတယ်။

လက်ရှိ အားကစားသမားတွေ အနေနဲ့ အဘက်ဘက်က ထောက်ပံ့မှုတွေ အများအပြား ရရှိနေသလို၊ အခွင့်အလမ်း တွေလည်း ရှိနေပေမယ့် နိုင်ငံအတွက်၊ မိမိကိုယ်တိုင် အတွက် ဘယ်လိုမျိုး အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင်ကစားမယ် ဆိုတဲ့ စိတ်ဓာတ်မျိုး နည်းလာတဲ့အကြောင်း၊ တိုးတက်သင့်သလောက် မတိုးတက်ကြတဲ့ အကြောင်းနဲ့ ဒါကြောင့် အားကစားလောကမှာ ကြာရှည် မရပ်တည်နိုင်ကြတော့တဲ့ အကြောင်းတွေလည်း သူက သုံးသပ်ပါတယ်။

“ထရိန်နင် လုပ်ကြပါဆိုလည်း မလုပ်ချင်ကြဘူး။ ဘာဖြစ်လာလဲဆိုတော့ စွမ်းရည် စစ်ဆေးမှုကျတယ်၊ ကျမထက် သာတဲ့သူ ဖြစ်အောင်၊ ကျမတို့ ခေတ်တုန်းက မရခဲ့တဲ့ အခွင့်အရေးတွေ ရအောင် ကစားသမားတွေကို ဖြစ်စေချင်တာ” လို့ ဒေါ်ကော့ဂျာက ဆိုပါတယ်။

ပရိသတ် စိတ်ဝင်စားမှု အများဆုံးရှိနေတဲ့ အမျိုးသား ဘောလုံးအသင်း၊ အမျိုးသမီး ဘောလုံး အသင်းတွေကလည်း တဖြည်းဖြည်းနဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာပြီး မြန်မာ့ ဘောလုံးလောက အခြေအနေက တိုးတက်မှု မရှိတော့တဲ့ပုံစံ တွေ့နေရတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ အားကစား ပြိုင်ပွဲ အများစုဟာ ပရိသတ် စိတ်ဝင်စားမှု အားနည်းနေတာ တွေ့ရ တာကြောင့် ပရိသတ်ရဲ့ အာရုံကို အကောင်းဆုံး ဆွဲဆောင်နိုင်အောင် ကြိုးစားကြဖို့တော့ လိုအပ်လိမ့်မယ်လို့ သူက အကြံပြုပါတယ်။

“ပရိသတ်တွေ ဆိုတာက “ဟာ” ကနဲ “ဟင်” ကနဲ ဖြစ်အောင် ကစားနိုင်ကြတဲ့ ကစားသမားတွေကို ကြည့်ချင်ကြတာ၊ ဒါပေမယ့် အခု အားကစား သမားတွေက အဲဒီလိုဖြစ်အောင် မကစားနိုင်ကြတော့ဘူး။ ကြံ့ခိုင်မှု မရှိကြဘူးလေ၊ စိတ်ဓာတ် တွေလည်း လိုသေးတယ်။ အဲဒီလို ဆိုမှတော့ မြန်မာ့ ဘောလုံးလောက အခြေအနေက ဘယ်လိုလုပ်ပြီး ကောင်းလာတော့ မှာလဲ” လို့ ဒေါ်ကော့ဂျာက သုံးသပ်ပါတယ်။

တချို့ အားကစားသမားတွေဆိုရင် လေ့ကျင့်ခန်းပုံမှန် မလုပ်ကြတော့ဘဲ တားမြစ်ဆေးဝါး သုံးစွဲတဲ့ ပြဿနာတွေ ရှိနေတယ်လို့ ဒေါ်ကော့ဂျာဆီက သိရပါတယ်။

တားမြစ်ဆေး သုံးစွဲပြီးတော့ သူတို့ရဲ့ စွမ်းရည်တက်အောင် ဆောင်ရွက်ချင်ကြတဲ့ ပုံစံမျိုးတွေကို တွေ့နေရတယ်လို့လည်း သိရပါတယ်။သူတို့ခေတ်တုန်းက အားကစားသမား တဦးရဲ့ ဘဝဆိုတာ ငွေကြေးနဲ့ တခြား ထောက်ပံ့မှုတွေ နည်းပေမယ့်လည်း အင်တိုက် အားတိုက် ကြိုးစားခဲ့ကြလို့ ဆုတွေ ထိုက်ထိုက်တန်တန် ရခဲ့ပေမယ့် အခုနောက်ပိုင်း အားကစား သမားတွေမှာ ရွှေတံဆိပ်ဆု တဆုရရင် သိန်း ၁၀၀ ရမယ်ဆိုတာကို စိတ်ဝင်သွားတယ်လို့ ဒေါ်ကော့ဂျာက ပြောပြပါတယ်။

“ကျမတို့ မကစားနိုင်ရင် ဘယ်သူမှ လှည့်မကြည့်ကြဘူး။ အခု ကစားသမားတွေဆိုရင် ဘယ်ဌာနက ခေါ်မလဲဆိုတာ စောင့်ကြည့်နေရတာ။ ကျမ အခုချိန်အထိ နိုင်ငံတော်က ပေးတဲ့ အိမ်တလုံးမပြောနဲ့ ဖုန်းတောင် မရဖူးဘူး။ ဒါပေမယ့် ကျမ တာဝန်ယူထား တာကြောင့် အချိန်ပြည့် အလုပ်လုပ်တယ်။ တနင်္ဂနွေတရက်ကိုတော့ ဘုရားအတွက် အချိန်ပေးတယ်၊ ဘုရားရှိခိုးကျောင်း သွားတယ်” လို့ ဒေါ်ကော့ဂျာက ဆိုပါတယ်

No comments: