မြတ်သူရ
ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများ အဆောင်ပြန်လည် နေထိုင်ခွင့်ပြုပြီးနောက်ပိုင်း ဆရာ၊ဆရာမ များအား အဆောင်နေထိုင်ခွင့်မပေးတော့ဘဲ ဖယ်ရှားလိုက်သည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်း မှာ မဟုတ်မှန်ဘဲ အဆောင်ပြောင်းရွှေ့ နေထိုင်စေခြင်းသာ ဖြစ်သည်ဟု အဆင့်မြင့်ပညာဦးစီးဋ္ဌာန (အောက်မြန်မာပြည်)မှ ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားဆောင်များတွင် ယခုနှစ် ၂၀၁၃-၁၄ ပညာသင်နှစ်မှစပြီး ကျောင်းသားများ အဆောင်ပြန်လည် နေထိုင်ခွင့်ပြုခဲ့သည်။
ထိုသို့ ခွင့်ပြုလိုက်ပြီးနောက်ပိုင်းကျောင်းဆောင်များ မလုံလောက်မှုကြောင့် လက်ရှိနေထိုင်နေသော ဆရာ၊ ဆရာမများကို အဆောင်ပြောင်းရွှေ့ နေထိုင်စေခြင်းများရှိခဲ့သည်ဟု ဆိုသည်။
“ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ အဆောင်တွေမှာ အဆောင်ကျောင်းသား မထားတော့တဲ့ကာလတွေမှာ ဆ ရာ၊ ဆရာမတွေက အဆောင်ဖြန့်ကြက်နေထိုင်ကြပြီး အခု အဆောင်နေကျောင်းသား ပြန်လက်ခံတဲ့အခါ မှာ အဆောင်မလောက်တာရယ်၊ ကျောင်းသားနဲ့ဆရာ သီးသန့်စီဖြစ်အောင် လုပ်ဆောင်ရတာကြောင့် ဆရာ၊ ဆရာမတွေကို အဆောင်တစ်ခုထဲမှာ ပြန်ပြီး နေရာချထားပေးခြင်းမျိုးပဲ ဖြစ်ပါတယ်။ ဥပမာ အင်း လျားဆောင်ကနေ ရတနာဆောင်ကို ပြောင်းရွှေ့နေထိုင်စေခဲ့ရတာမျိုး ဖြစ်ပါတယ်”ဟု ဒေါက်တာဇော် မြင့်က ပြောသည်။
ပြောင်းရွှေ့ပေးခဲ့သော ဆရာ၊ ဆရာမများကိုလည်း တစ်ယောက်တစ်ခန်းနှုန်းဖြင့်သာ ပြန်ပေးခဲ့သည်ဟု ဆိုသည်။ ယခုလိုမျိုး ပြောင်းရွှေ့စေခြင်းသည် ယာယီသာဖြစ်ပြီး နောက်ပိုင်းတွင် အားလုံး အဆင်ပြေ သွားအောင် ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်သွားမည်ဟု ဒေါက်တာဇော်မြင့်၏ ပြောကြား ချက်အရ သိရသည်။
၂၀၁၃-၁၄ ပညာသင်နှစ်မှစတင်၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များရှိ အဆောင်များတွင် စည်ပင်သာယာနယ်နိမိတ်ပြင်ပနေ ပထမနှစ် ကျောင်းသားသစ်များကို လက်ခံထားရှိနေပြီဖြစ်သည်။ အဆောင်နေချင်သည့် ကျောင်းသားနှင့် ကျောင်းသူများမှာ နှစ်ဆတစ်ဆလောက်ရှိနေပြီး မိန်းကလေး အဆောင်များ ပိုလိုအပ်နေသည်။ ထို့ပြင် အဆောင်မလုံလောက်မှု ပြဿနာများ ရှိနေသောကြောင့် အဆောင်နေထိုင်ခွင့် ရရှိရေးအတွက် ကျောင်းသားများကို စိစစ်ရွေးချယ်ရသည်ဟု ဆိုသည်။
“အဆောင်နေထိုင်ခွင့်အတွက် ကျောင်းသားရွေးတဲ့အခါမှာ စည်ပင်သာယာနယ်နိမိတ်ပြင်ပက ကျောင်း သားတွေကို ဦးစားပေးအနေနဲ့ရွေးချယ်ပါတယ်။ အဲဒီအခါကျမှ အဆောင်မလောက်သေးဘူးဆိုရင် တက္က သိုလ်ဝင်တန်းအောင် စုစုပေါင်းရမှတ် အများအနည်းအလိုက်နဲ့ ရွေးပါတယ်”ဟု ဒေါက်တာဇော်မြင့်က ပြောသည်။
စည်ပင်သာယာနယ်နိမိတ်ပြင်ပနေ ကျောင်းသားများ လက်ခံပြီး အဆောင်များ လစ်လပ်နေသေးပါက စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ သွားလာရေးခက်ခဲသော မြို့နယ်များမှ ဆက်လက် ရွေးချယ်သွား မည်ဟု ဆိုသည်။
အဆောင်လခအနေဖြင့် တစ်လလျှင် ကျပ် ၅,၀၀၀ သာ ကောက်ခံမှာဖြစ်ပြီး စားရေးသောက်ရေး အဆင် ပြေစေရန်အတွက် ဆောင်ရွက်ထားပြီးဖြစ်သည်။ အဆောင်များ လုံခြုံရေး၊သန့်ရှင်းရေး၊မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်သောပြင်ဆင်မှုများလည်း ပြုလုပ်ပြီးဖြစ်သည်ဟု ဒေါက်တာဇော်မြင့်က ရှင်း လင်း ပြောကြားသည်။
ယခုအချိန်တွင် အဆောင်လိုအပ်ချက်များ ရှိနေသည်ဆိုသော်လည်း နောက်ပိုင်းတွင် တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် အဆောင်များ ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး စားရေးသောက် ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအပိုင်းကို တက္ကသိုလ်က တာဝန်ယူပေးသွားမည်ဟု ၎င်း၏ ရှင်းလင်း ချက်အရ သိရသည်။
လက်ရှိအချိန်ထိ အဆောင်မပေးနိုင်သော တက္ကသိုလ်သုံးခုရှိနေပြီး စစ်တွေတက္ကသိုလ်၊ ရတနာပုံတက္က- သိုလ်နှင့် စစ်ကိုင်းတက္ကသိုလ်တို့ ဖြစ်သည်။
တက္ကသိုလ်၊ ကောလိပ်များတွင် ၁၉၉၆ ခုနှစ်အထိ အဆောင်များ ထားရှိခဲ့သည်။ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာ လ၂ ရက်တွင် ကျောင်းသားသပိတ်ဖြစ်ပြီး ရက်ပိုင်းအကြာတွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်အပါအ၀င် တက္ကသိုလ်၊ ကောလိပ် အားလုံး၏ အဆောင်များကို ပိတ်လိုက်ကာ ယခု ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ ကျောင်းသားများ အဆောင် နေထိုင်ခွင့် ပြန်လည် လက်ခံထားရှိခြင်းဖြစ်သည်။
No comments:
Post a Comment