Saturday, December 14, 2013

လယ်မြေလျော်ကြေးမပေးသည့် ဗိုလ်မှူးဟောင်းကို တရားစွဲမည်ဟုဆို

စိုးသန်းလင်း

နေပြည်တော်၊ ဒကိ္ခဏသီရိရှိ သရက်ဇုန်စီမံကိန်းတွင် မပါဝင်သော တောင်သူရှစ်ဦးပိုင် လယ်ယာမြေ ၈၅ ဧကကို အခကြေးငွေ တစ်စုံတစ်ရာမပေးဘဲ အရှိန်အ၀ါသုံး သိမ်းယူသည်ဟုဆိုကာ ဗိုလ်မှူးခင်မောင်ဝင်း (ငြိမ်း)ကို တောင်သူများက ဒီဇင်ဘာလကုန်တွင် တရားစွဲဆိုသွားမည်ဟု မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ လယ်မြေတွေကို သိမ်းခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ စစ်တပ်ရဲ့ အရှိန်အ၀ါကလည်း ရှိသေးတော့ သူက ကျွန်တော်တို့ မဖယ်ပေးရင် ဖမ်းမယ် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တဲ့အတွက် ကြောက်လို့ ဖယ်ပေးခဲ့တာပါ”ဟု ဒကိ္ခဏမြို့နယ်၊ ရွှေဂဲအင်းကျေးရွာရှိ အဆိုပါ ရွာသားရှစ်ဦးတွင် ပါဝင်သည့် ဦးလေး မြို့(ခ)ဦးဝင်းမြင့်က ပြောခြင်းဖြစ်သည်။

နေပြည်တော် ဒကိ္ခဏသီရိမြို့နယ် မြို့ပတ်လမ်းနှင့် အမြန်လမ်းအကြား မိုင်တိုင်အမှတ်၂၀၇ အရှေ့ဘက် ခြမ်းရှိ ကိုင်းပလွေးကြိုးဝိုင်းအတွက် အမှတ် ၃ ကွင်းသည် နေပြည်တော်ရှိ သရက်ဇုန်စီမံကိန်းတွင် မပါ ၀င်ဘဲ ထိုစီမံကိန်းစာရင်းမှ ဖျက်သိမ်းထားသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါကွင်းအမှတ် ၃ ကို သစ်တောရေးရာဝန်ကြီးဌာနမှ ၀ယ်ယူထားသည်ဟုဆိုသော ဗိုလ်မှူးခင်မောင် ၀င်း(ငြိမ်း)သည် ကွင်းအတွင်း လွန်ခဲ့သော ၁၉၇၅ ခုနှစ်မှ ၂၀၁၀ အထိ စက်မှုကုန်ကြမ်း သီးနှံဖြစ်သော ကြံအပါအ၀င် ရာသီသီးနှံများ စိုက်ပျိုးအသက်မွေးလာခဲ့ကြသည့် တောင်သူရှစ်ဦးတို့ကို ခြိမ်းခြောက်ပြီး ဖယ်ရှားစေခဲ့သည်ဟု ဒေသခံရွာသားတို့က ပြောသည်။

“အဲဒီ ၂၀၁၀ တုန်းက ဒီကွင်းအမှတ် ၃ ကို သူဝယ်ထားပါတယ်ဆိုတဲ့ အထောက်အထား ပြပါဆိုတော့လဲ ခင်ဗျားတို့ကို ပြစရာမလိုဘူး။ ဖယ်မပေးရင် ဖမ်းမယ်လို့ ခြိမ်းခြောက်ပါတယ်။ အငြိမ်းစား ဗိုလ်မှူးဆိုပေမယ့် စစ်တပ်ရဲ့ အရှိန်အ၀ါကိုလဲ ကြောက်ရသေးတဲ့ အချိန်ဖြစ်လို့ ဖယ်ပေးခဲ့ကြရတာပါ”ဟု ရွှေဂဲအင်း ကျေးရွာအုပ်စုဝင် ဂူနှစ်လုံးဆည်ကျေးရွာသား ဦးတင်မြင့်က ပြောသည်။

“အဲဒီဗိုလ်မှူးဟောင်းက လယ်မြေတွေ သိမ်းပြီးခါစမှာ ၀ါးနဲ့ စည်းရိုးကာလိုက်တယ်။ အခုနောက်ပိုင်းမှာ သံဆူးကြိုးတွေနဲ့ အခိုင်အမာ ကာထားတယ်။ ကျွန်တော်တို့ရွာသားရှစ်ဦး အနှစ်လေးဆယ်လောက် စိုက်ပျိုးခဲ့တဲ့ လယ်မြေ ၈၅ ဧကလုံးကို သိမ်းယူခဲ့တာပါ”ဟု ဆိုသည်။

ကွင်းအမှတ် ၃ ရှိ လယ်ယာမြေ ၈၅ ဧကပတ်လည်တွင် သရက်ဇုန်စီမံကိန်း ၀င်းခြံများရှိကြောင်း၊ သို့ရာတွင် အများစုမှာ သရက်ပင်များ စနစ်တကျ စိုက်ပျိုးထားခြင်းမရှိဘဲ ပေ ၃၀,၄၀ ခြား တစ်ပင်သာ စိုက် သည့် ဟန်ပြစိုက်ပျိုးထားသည်ဟုလည်း ဒေသခံတို့က ပြောသည်။

No comments: