Tuesday, December 17, 2013

မြေသိမ်းမှု အထူးအစီရင်ခံစာ ဇန်န၀ါရီတွင် တင်သွင်းမည်

ဝေမာသိမ့်

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေသိမ်းဆည်းခံရမှုနှင့် ဗိုလ်တထောင်မြို့ နယ်၊ ရပ်ကွက် (၃)ရှိ BOD၊ COD ၀င်းများ မြေသိမ်းခံရမှုတို့အတွက် အထူးအစီရင်ခံစာတစ်ရပ်ကို လာ မည့် ဇန်န၀ါရီလ ဒုတိယပတ်အတွင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဟု ရန်ကုန် တိုင်းကော်မရှင်အဖွဲ့(၁) အဖွဲ့ခေါင်းဆောင် ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောသည်။

“ရန်ကုန်တိုင်းအတွက် လယ်သိမ်းတိုင်စာတွေ စစ်ဆေးပြီးတာတွေ အစီရင်ခံစာ ပြုစုပြီးပါပြီ။ ဒီတစ်ခေါက်က မိကျောင်းကန်ကိစ္စနဲ့ ဗိုလ်တထောင် ဘီအိုဒီ၊ စီအိုဒီဝင်းကိစ္စတွေ စုံစမ်းထားပြီးသား သုံးသပ်ချက် အစီရင်ခံစာကို အထူး အစီရင်ခံစာအနေနဲ့ တင်မယ်”ဟု ဦးအောင်သိန်းလင်းက ပြောသည်။

အထူးအစီရင်ခံစာတွင် ပါဝင်မည့် သင်္ဃန်းကျွန်းမြို့နယ် အပိုင်း ၁၊ ၂၊ ၃ ရှိ ပိုင်ရှင် ၁၀,၂၀ ဦးတို့က အဆိုပါ မြေနေရာကို ပြန်လည်ရယူလိုသည်ဟု လူအင်အား ၄၀၀ ခန့်ဖြင့် နိုဝင်ဘာ၂၆ ရက်တွင် သပိတ်စခန်းကို စတင်ဖွင့်လှစ် ဆန္ဒပြခဲ့ကြသည်။ မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တပ်မြို့စည်ပင်နှင့် မူလနေထိုင်သူများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ရာ ယခုနှစ်ဇွန်လမှ ဒီဇင်ဘာ ၁၂ ရက်အထိ ဆန္ဒထုတ်ဖော်ခဲ့သည်မှာ ကိုးကြိမ်တိုင် ရှိခဲ့သည်။

အဆိုပါနေရာကို ၁၉၉၁ ခုနှစ်က အစိုးရစီမံကိန်းဟုဆိုကာ အိုးအိမ်ဦးစီးဌာနမှ သိမ်းယူခဲ့ခြင်းဖြစ်ပြီး နစ်နာ ကြေးနှင့် လျော်ကြေး တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိဟုလည်း လယ်ယာမြေစုံစမ်းရေး ကော်မရှင်အဖွဲ့ (၁) အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ဆိုသည်။

အထူးအစီရင်ခံစာတွင် ပါဝင်မည့် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ BOD ၀င်းနှင့် COD ၀င်း အတွင်းရှိ ၁၉၂၃ ခုနှစ်က ထုတ်ပေးခဲ့သည့် နှစ် ၉၀ ဂရမ်အမည်ပေါက်မြေများကို တပ်မတော်မှ သိမ်းယူ ကာ ကာကွယ်ရေးပစ္စည်း သိုလှောင်ရုံများ ဆောက်လုပ် အသုံးပြုခဲ့သည်။

ထို့နောက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၁၉၉၃ တွင် မြေငှားစာချုပ် ပယ်ဖျက်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်မြို့ အိမ်ရာစီမံကိန်းများ ကြီးကြပ်မှုကော်မတီ၏ စီစဉ်မှုဖြင့် ကုမ္ပဏီငါးခုတို့က အိမ်ရာ စီမံကိန်းများ ဆောက်လုပ်ခဲ့ကြသည်။

No comments: