Thursday, December 12, 2013

ကုန်ချောများအပေါ် စည်းကြပ်သည့် သွင်းကုန်ခွန် မျှတစွာဆောင်ရွက်ပေးရန် တရုတ်ကို မြန်မာတောင်းဆို

ထင်လင်းအောင်

တရုတ်ကုန်သည်များက မြန်မာ့ကုန်ချောပို့ကုန်များကို တိုးမြင့်တင်ပို့ရန်ဖိတ်ခေါ်မှုများရှိနေသော်လည်း လက်တွေ့နယ်ပယ်တွင် ကုန်ချောများအား အခွန်နှုန်းထားကြီးမြင့်စွာ ကောက်ခံနေသော တရုတ်နိုင်ငံ၏ မူဝါဒများကြောင့် မြန်မာဘက်မှ လက်တွေ့တင်ပို့နိုင်ရန် အခက်အခဲဖြစ်နေကြောင်း မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က ပြောကြားလိုက်သည်။

ယင်းနှင့်စပ်လျဉ်းကာ ဒီဇင်ဘာ ၁၁ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပသော မြန်မာ- တရုတ် (ကွမ်တုံပြည်နယ်)နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲအခမ်းအနားတွင် ကွမ်တုံပြည်နယ် ဒုတိယမြို့တော်ဝန် ဦးဆောင်သော တရုတ်လုပ်ငန်းရှင်များအား ဦးအေးလွင်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးအေးလွင်က “မြန်မာဘက်ကနေ ကုန်ကြမ်းတင်ပို့တဲ့အခါ တရုတ်အစိုးရရဲ့ အခွန်နှုန်းထားက သက်သာပြီး ကုန်ချောတင်ပို့တဲ့အခါ အခွန်ကောက်ခံမှုကြီးမြင့်တဲ့အခက်အခဲရှိနေပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်တဲ့နေရာမှာ မျှတတဲ့ကုန်သွယ်မှုဖြစ်ဖို့ တရုတ်အစိုးရကိုတောင်းဆိုပေးပြီး သက်ဆိုင် ရာဌာနတွေနဲ့ လုပ်ငန်းရှင်အသီးသီးက ၀ိုင်းဝန်းကူညီပေးစေလိုပါတယ်” ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ (ကွမ်တုံပြည်နယ်)မှ ပင်လယ်ရပ်ခြား ကုန်သွယ်မှုနှင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေးဌာန (The Department of Foreign Trade and Economic Co-operation of Guangdong Province) မှ ဒုတိယညွှန်ကြားရေးမှူး မစ္စစ်ရန်ရှောင်က တရုတ်နိုင်ငံအနေဖြင့် မြန်မာနှင့် နှစ် နိုင်ငံကုန်သွယ်မှု တိုးမြှင့်လုပ်ဆောင်လိုလျက်ရှိပြီး တရုတ်မှမြန်မာသို့ ပို့ကုန်များအပြင် သွင်းကုန် ကဏ္ဍပိုင်းကိုလည်း တိုးမြှင့်ဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း မြန်မာလုပ်ငန်းရှင်များကို ပြောကြားခဲ့ သည်။

မစ္စစ်ရန်ရှောင်က “တရုတ်နိုင်ငံ (ကွမ်တုံပြည်နယ်) နဲ့ မြန်မာနိုင်ငံရဲ့ နှစ်နိုင်ငံကုန်သွယ်မှုဟာ ငါးနှစ် အတွင်းမှာ ခြောက်ဆလောက်တိုးတက်လာပါတယ်။ ဆက်လက်ပြီး ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ဖို့ လည်းဖိတ်ခေါ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ တရုတ်ရဲ့ထုတ်ကုန်တင်သွင်းမှုတိုးမြှင့်ရုံမက မြန်မာရဲ့ သွင်းကုန်ကိုချဲ့ထွင်သွားမှာလည်း ဆန္ဒရှိပါတယ်” ဟု အဆိုပါဆွေးနွေးပွဲတွင်ပြောသည်။

ယခုနှစ်ဇူလိုင်လအထိ မြန်မာနှင့် တရုတ်နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၄ ဘီလီယံရှိနေပြီး တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅၄ ဘီလီယံရှိကာ တရုတ်နိုင်ငံမှ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈၇ ဘီလီယံရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားပြီး မြန်မာမှတင်ပို့ရာတွင်မူ ကုန်ကြမ်းပစ္စည်းများ သာ အများဆုံးဖြစ်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

ဦးအေးလွင်က “ကုန်ချောတင်ပို့တဲ့ နေရာမှာ ကုန်ကြမ်းတင်ပို့တာထက်ပိုများလို့ ကုန်ချောပို့ဖို့ အခက် အခဲဖြစ်နေတာက လုပ်ငန်းရှင်အားလုံးခံနေရတာပဲ။ ဒါကို တရုတ်အစိုးရထံ တရုတ်လုပ်ငန်းရှင်တွေက ၀ိုင်းပြီးတောင်းဆိုပေးဖို့ ပြောဖြစ်တာ။ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ အခုချိန်မှာမသိနိုင်သေးပါ ဘူး” ဟု မဇ္ဈိမသို့ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ကုန်သွယ်ဘက်နိုင်ငံပေါင်း ၃၀ ကျော်အနက် တရုတ်နိုင်ငံနှင့် ကုန်သွယ် မှုပမာဏသည် အများဆုံးဖြစ်ကာ ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှုသည် ဒုတိယအများဆုံး ဖြစ်သည်။

No comments: