Thursday, December 12, 2013

နိုင်ငံရေးအကျဉ်းသား ၄၁ ဦး လွတ်မြောက်လာ

ABC

မြန်မာနိုင်ငံ ​အကျဉ်းထောင်တွေထဲမှာ ​ကျန်ရှိနေသေးတဲ့ ​နိုင်ငံရေးအကျဉ်းသားတွေကို ​ဒီနှစ်ကုန်ပိုင်းမှာ ​လွတ်ပေးမယ်လို့ ​သမ္မတ ​ဦးသိန်းစိန် ​ပြောခဲ့တဲ့အတိုင်း ​မနေ့က ​ဗုဒ္ဓဟူးနေ့မှာ ​နိုင်ငံရေးအကျဉ်းသား ​၄၁ ​ယောက်ကို ​လွှတ်ပေးလိုက်ပါတယ်။

ဒါပေမယ့် ​နိုင်ငံရေးအကျဉ်းသားများ ​စိစစ်ရေးကော်မတီအဖွဲ့ရဲ့အဆိုအရ ​နိုင်ငံရေးလှုပ်ရှားသူ ​အယောက်ပေါင်း ​၂၃၀ ​လောက်ဟာ ​နိုင်ငံရေးမှုနဲ့ ​အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

မြန်မာ ​စစ်အစိုးရသက်တန်း ​နောက်ဆုံးနှစ်အတွင်းမှာ ​လူ့အခွင့်အရေး ​တက်ကြွလှုပ်ရှားသူတွေ၊ ​သတင်းထောက်တွေ၊ ​နိုင်ငံရေးသမားတွေနဲ့ ​လူရွှင်တော်တွေအပါအ၀င် ​လူပေါင်း ​နှစ်ထောင် ​ငါးရာလောက် ​ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ​အတော်များများလည်း ​ညှင်းပမ်းနှိပ်စက်မှုခံခဲ့ကြရပါတယ်။

အခု ​လွတ်ပေးလိုက်တဲ့ ​နိုင်ငံရေးအကျဉ်းသားဟာ ​သမ္မတဦးသိန်းစိန် ​ဖွဲ့စည်းထားတဲ့ ​နိုင်ငံရေးအကျဉ်းသား ​စိစစ်ရေးအဖွဲ့က ​သေချာစစ်ဆေးပြီး ​နိုင်ငံရေးအမှုတခုတည်းနဲ့ ​အကျဉ်းကျခံခဲ့ ​ရသူတွေဖြစ်ပါတယ်။

မနေ့က ​လွတ်ပေးလိုက်တဲ့သူတွေထဲမှာ ​လူ့အခွင့်အရေးနဲ့ ​နိုင်ငံရေး ​လှုပ်ရှားသူ ​ကို ​ဒီငြိမ်းလင်းလည်း ​ပါဝင်ပါတယ်။

နိုင်ငံရေး ​အကျဉ်းသား ​ထပ်မံစီစစ်ဖို့ ​အမှုတွဲတွေ ​တောင်းခံထား


မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ ​အကျဉ်းထောင် ​အသီးသီးကနေ ​နိုင်ငံရေး ​အကျဉ်းသား ​၄၀ ​ကျော်ကို ​မနေ့တုန်းကဘဲ ​အစိုးရက ​လွတ်ငြိမ်းချမ်းသာခွင့် ​ပေးလိုက်ပါတယ်။

လွတ်မြောက်လာတဲ့ ​နိုင်ငံရေး ​အကျဉ်းသားတွေထဲမှာ ​ပုဒ်မ ​၁၈၊ ​၅၀၅(ခ) ​နဲ့ ​အကျဉ်းကျခံနေရသူတွေ ​အများဆုံးပါဝင်ပြီး ​အင်းစိန်ထောင်က ​၁၀ ​ယောက် ​၁၁ ​ကျော်နဲ့ ​တစ်ခြား ​အကျဉ်းထောင်အသီးသီးက ​လွတ်မြောက်လာကြတာပါ။

နိုင်ငံရေး ​အကျဉ်းသားတွေ ​လွတ်မြောက်လာတာနဲ့ ​ပါတ်သက်ပြီး ​လက်ကျန်နိုင်ငံရေး ​အကျဉ်းသား ​စီစစ်ရေး ​ကော်မတီဝင် ​နိုင်ငံရေး ​အကျဉ်းသားဟောင်းများ ​အဖွဲ့ချုပ်က ​ကိုညိုထွန်းက ​အခုလို ​ပြောပြပါတယ်။

“၄၁ ​ယောက်ပါ ​ခင်ဗျ။ ​သမ္မတကြီးရဲ့ ​စေတနာနဲ့ ​လွှတ်ပေးတာပါ။ ​ဘာအထိမ်းအမှတ်နဲ့ ​မှလည်း ​မဟုတ်ဘူး။ ​ကျွန်တော်တို့ ​စီစစ်ပြီးတော့ ​တင်ပြပေးတဲ့ ​ဥစ္စာကို ​သမ္မတက ​လွှတ်ပေးလိုက်တာပါ။ ​လက်ကျန်ကတော့ ​၄၀ ​ကျော်လောက် ​ကျန်သေးတယ် ​ခင်ဗျ။ ​ဒီ ​ဒီဇင်ဘာလကုန်ထိ ​ကျွန်တော်တို့ ​စီစစ်ဖို့ ​ကြိုးစားနေပါတယ်။”

ဆက်လက်ပြီး ​ကျန်ရှိနေတဲ့ ​နိုင်ငံရေး ​အကျဉ်းသားတွေကို ​စီစစ်ဖို့ ​အခက်အခဲ ​ရှိနေတဲ့အတွက် ​ပြည်ထဲရေး ​ဝန်ကြီးဌာနဆီက ​အမှူတွဲတွေ ​တောင်းခံထားတယ်လို့ ​ကိုညိုထွန်းက ​ဆက်ပြောပါတယ်။

“ကျွန်တော်တို့ ​စီစစ်ရ ​ခက်ခဲတာတွေက ​ဘာတွေရှိမလဲဆိုတော့ ​တစ်ချို့လူတွေက ​မူးယစ်ဆေးဝါးမှုတို့ ​လူသတ်မှုတို့ ​မုဒိန်းမှုတို့ ​အဲဒါတွေနဲ့ ​ပါက်သက်နေတော့ ​ကျွန်တော်တို့လည်းပဲ ​စီစစ်ရတော်တော် ​ခက်ခဲနေတယ်။ ​အဲဒီအတွက် ​ဒီအမှုတွဲတွေကို ​ပြန်ဖတ် ​ချင်ပါတယ်လို့ ​ပြည်ထဲရေးကို ​ပြောထားတယ်ခင်ဗျ။”

တစ်ဆက်တည်းမှာပဲ ​မနေ့က ​လွတ်မြောက်လာသူတွေထဲမှာ ​ ပြီးခဲ့တဲ့ ​နိုဝင်ဘာလ ​၂၂ ​ရက်နေ့တုန်းက ​ပုဒ်မ ​၁၈ ​နဲ့ ​ထောင်ဒဏ် ​၁ ​လစီ ​ချမှတ်ခံခဲ့ရတဲ့ ​တက္ကသိုလ်ကျောင်းသား ​သမဂ္ဂက ​ကိုဒီငြိမ်းလင်းနဲ့ ​Generation ​Wave ​က ​ကိုမိုဃ်းသွေး ​တို့လည်း ​ပါဝင်လာတယ်လို့ ​သိရပါတယ်။

သမ္မတဦးသိန်းစိန်အနေနဲ့ ​ဒီဇင်ဘာလ ​မကုန်မှီမှာ ​နိုင်ငံရေး ​အကျဉ်းသားများ ​အကုန်လွတ်မြောက်ရမယ်လို့ ​ကတိပေး ​ပြောကြားခဲ့ပေမယ့် ​နိုင်ငံရေး ​အကျဉ်းသား ​ကူညီစောင့်ရှောက်ရေး ​အသင်း ​AAPP ​ကတော့ ​မြန်မာနိုင်ငံတစ်ဝှမ်းက ​အကျဉ်းထောင်တွေထဲမှာ ​နိုင်ငံရေး ​အကျဉ်းသား ​၄၄ ​ယောက် ​ကျန်ရှိနေပြီး ​နောက်ထပ် ​ပုဒ်မ ​၁၈ ​တွေ၊ ​ပုဒ်မ ​၅၀၅(ခ)တွေနဲ့ ​ထပ်မံ ​ထိမ်းသိမ်းခံရဖွယ်တွေလည်း ​တွေ့နေရသေးတယ်လို့ ​ပြောဆိုခဲ့ပါတယ်။

No comments: