ရွှေရည်ဝင်းထက်၊ ရေခဲ(ပြည်)
ပေါင်းတည် ထောင်အတွင်း ဒီဇင်ဘာ ၁၃ ရက်မှစ၍ အစာငတ်ခံဆန္ဒပြသည့် အချုပ်သားသုံးဦးနှင့် တွေ့ ဆုံခွင့်ရရန် မိသားစုဝင်များက ကြိုးပမ်းနေကြသော်လည်း ၁၀ ရက်ကြာသည်အထိ အာဏာပိုင်များဘက် မှ ခွင့်ပြုပေးခြင်းမရှိသေးဟု ဒေါ်မြင့်မြင့်အေး၏ တူမအဖြစ်တော်စပ်သူ မဟန်ဆုရင်က ဒီဇင်ဘာ ၂၂ ရက် တွင် မဇိ္ဈမကို ပြောသည်။
“အစာငတ်ခံဆန္ဒပြနေတာက ၁၃ ရက်ကတည်းကပါ။ တစ်ပတ်တစ်ခါ မိသားစုနဲ့ တွေ့ရမယ့်ရက်ဆိုတာ ရှိတယ်။ ဒါပေမဲ့ သူတို့ အစာငတ်ခံဆန္ဒပြတဲ့အချိန်ကစပြီး အခုချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မရသေးပါဘူး”ဟု ပြောသည်။
အစာငတ်ခံဆန္ဒပြနေကြသူများသည် မိတ်္ထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး၊ ရန်ကုန် ပြည်သူ့အကျိုးဆောင် ပြည်သူ့ကွန်ရက်မှ ဒေါ်မိမိခိုင်၊ နတ္တလင်းပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုသန့် ဇင်ထက်တို့ဖြစ်ပြီး ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှု (ပုဒ်မ-၁၈)၊ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေ (ပုဒ်မ -၆) တို့ဖြင့် တရားစွဲဆိုခံထားရသည်။
၎င်းတို့ကို ပဲခူးတိုင်းသာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ကြတ်ကြီးကြိုးဝိုင်းအတွင်း သိမ်းယူခံထားရသည့် လယ်ယာမြေ ၁၄၀ ခန့်ပေါ်တွင် ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့သည့် တောင်သူများကို အားပေးကူညီမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ဇွန်လ ၁၁ ရက်ကတည်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း အာမခံပေးခြင်း မရှိသဖြင့် ပေါင်းတည်ထောင်အတွင်း အမှုရင်ဆိုင်နေရသူများဖြစ်သည်။ ယင်းအရေးကိစ္စနှင့်ပတ်သက်၍ မြို့ခံလူထုကလည်း ဒီဇင်ဘာ၂၆ တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားသည်။
“ခြောက်လကျော်နေပြီ စွဲချက်တင်ဖို့ မတင်ဖို့ အဆင်မပြေဖြစ်နေတယ်။ ဦးသိန်းစိန်အစိုးရရဲ့ ဖမ်းဆီးချုပ် နှောင်တာ ရပ်ပေးဖို့ တောင်းဆိုမယ်”ဟု သက်ဆိုင်ရာသို့ ဆန္ဒပြခွင့်ပြုရန် ဦးဆောင်လျှောက်ထားသူများထဲမှ တစ်ဦးဖြစ်သည့် ဦးခင်မောင်လှိုင်က ပြောသည်။
ရန်ကုန်-ပြည်လမ်းနှင့် ဘုရားကြီးလမ်းထိပ်တွင် မြို့ခံလူထု ၁၀၀ ခန့်ဖြင့် ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားပြီး အဖြူရောင်စက္ကူများပေါ်တွင်“တရားဥပဒေစိုးမိုးရေး တည်ငြိမ်အေးချမ်းရေး အလိုရှိပါတယ်။ဥပဒေဘောင် ကျော်လွန်ပြီး ဖမ်းဆီးထားသူများအား အမြန်လွှတ်ပေးရေး” စသည့်စာသားများ ရေးသားတောင်းဆိုသွားမည် ဖြစ်သည်။ ယင်းအပြင် လယ်ယာမြေဥပဒေအကြောင်း ဟောပြောပွဲမှုများကိုလည်း ပြုလုပ်သွားရန်ရှိသည်။
No comments:
Post a Comment