Wednesday, December 18, 2013

မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲအပြီး ဖျက်ဆီးသူများကို အရေးယူမည်မဟုတ်

မောင်သင်တုန်း

မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲစဉ်တွင် ကွင်းအတွင်း မီးရှို့ဖျက်ဆီးသူများနှင့် ထိုင်ခုံရိုက်ဖျက်သူများကို ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အရေးယူဆောင်ရွက်သွားမည်မဟုတ်ဟု ပြန်ကြားရေးဒါရိုက်တာ ဦးစိုးမိုးက ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ပရိသတ်ကို အရေးယူဖို့ မရှိဘူး၊ ထိုင်ခုံဖျက်ဆီးလိုက်တာလည်း အရေးမယူဘူး၊ ခုံဘယ်လောက်မှ ပျက် စီးသွားတာမဟုတ်ဘူး နည်းပါတယ်”ဟု ဦးစိုးမိုးက ဆက်ပြောသည်။

ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပရိသတ်တွေခံစားရပြီး ဖြစ်လေ့ဖြစ်ထရှိသည့် ပြဿနာတစ်ခုအနေနဲ့သာ သဘောထားသည်ဟု ဆိုသည်။ ဘောလုံးပရိသတ်ကိုလည်း ဖြေသိမ့်နိုင်အောင် တောင်းပန်သည့်စကား ရှာမတွေ့နိုင်အောင်ဘဲ တောင်းပန်တာပါဟု ဆိုသည်။

ဘောလုံးပွဲပြီးဆုံးချိန်တွင် မြန်မာပရိသတ်တချို့ ရှုံးပွဲကြောင့် ဒေါသထွက်ကာ ကွင်းအတွင်းရှိ ထိုင်ခုံများ ရိုက်ချိုး ဖျက်ဆီးပြီး ဘောလုံးကွင်းထဲသို့ ပစ်လွင့်ခဲ့ကြသည့်အပြင် မြန်မာအလံများ၊ အင်္ကျီများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။ လူငယ်တချို့သည် ဘောလုံးကွင်းအတွင်း ပြေးဝင်လာသည့်အတွက် လုံခြုံရေး တာဝန်ယူထားသည့် ရဲဝန်ထမ်းများက ဖမ်ဆီး ထိန်းသိမ်းမှုများရှိသည်။

ဘောလုံးကွင်းအပြင်ဘက် အသင်းတိုက်မီးပွိုင့်လမ်းဆုံတွင် ဒေါသထွက်နေသော ဘောလုံးပွဲကြည့်ပရိ သတ်များနှင့် လုံခြုံရေးတာဝန်ယူထားသော ရဲများဖြင့် ထိပ်တိုက်တွေ့ဆုံပြီး အနည်းဆုံး လူငယ် ကိုးဦး ထိန်းသိမ်းခြင်း ခံထားရသည်။

သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းခြင်းခံထားရသူများကို လက်ရှိအချိန်ထိ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားခြင်းမရှိဘဲ စစ်ဆေးမေးမြန်မှုများသာ ပြုလုပ်နေသည်။

မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲတွင် ဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး ဖီဖာအဖွဲ့ချုပ်အနေဖြင့် လက်ရှိအချိန် အထိ တစ်စုံတစ်ရာ အကြောင်းကြားပြီး ဆက်သွယ် အရေးယူခြင်း၊ ထုတ်ပြန်ခြင်းများ မရှိသေးဘူးဟု ဆို သည်။

“အာဆီယံ ဆီးဂိမ်းကျင်းပရေးကော်မတီအနေနဲ့လည်း ဘာမှမပြောဘူး။ တစ်သင်းနဲ့တစ်သင်း အကြိတ် အနယ်ယှဉ်ပြိုင်တဲ့အခါ ဒီလိုမျိုးကိစ္စတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လူတစ်ဦးတစ်ယောက် သေဆုံးသွား တာလည်းမရှိဘူး”ဟု ဦးစိုးမိုးက ပြောသည်။

အသင်းတိုက်လမ်းဆုံ မီးပွိုင့်တွင် ဒေါသထွက်နေသော ပွဲကြည့်ပရိသတ်များကို ရဲအင်အား၊ မီးသတ်အင် အားအပါအ၀င် ၂,၀၀၀ ကျော်ဖြင့် လူစုခွဲခဲ့ရသည်။

No comments: