ဟိန်းကိုစိုး
နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၁၃ ခုမှ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၁ ဦးကို ဒီဇင်ဘာ ၁၁ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကို ယခုနှစ် ဒီဇင်ဘာကုန်တွင် သမ္မတကတိအတိုင်း လွှတ်ပေးသွားမည်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။
“သမ္မတကတော့ ပြောထားတဲ့အတိုင်း လွှတ်ပေးမှာပဲ။ နိုင်ငံရေးအကျဉ်းသားဆိုတာကို သက်ဆိုင်ရာ ကော်မတီက စိစစ်တင်ပြဖို့ပဲလိုမယ်။ တင်ပြလာတာကို ကတိအတိုင်းလွှတ်ပေးမှာပဲ”ဟု ၎င်းကဆိုသည်။
သမ္မတဦးသိန်းစိန်က ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရသူများ မရှိစေရဟု နိုင်ငံတကာခရီးစဉ်များအတွင်း ကတိပေး ပြောကြားထားသည်။ ယခု လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက် သော နိုင်ငံရေးအကျဉ်းသား ၄၁ ဦးမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှ စိစစ် တင်ပြထားသည့် နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံတော်သမ္မတက ဒီဇင်ဘာ ၁၁ ရက်တွင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးရဲထွဋ်က ရှင်းပြသည်။
လက်ရှိတွင် အကျဉ်းထောင်များအတွင်းတွင် နိုင်ငံရေးအကျဉ်းသား ၅၀ ခန့် ကျန်ရှိနေသေးပြီး ကော်မတီ တွင် စိစစ်ဆွေးနွေးမှုများကို ပြုလုပ်ကာ ဆက်လက် တင်ပြသွားမည်ဖြစ်သည်ဟု လက်ကျန် နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီမှ အဖွဲ့ဝင် ဦးရဲအောင်က မဇ္ဈိမကို ပြောသည်။
လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် ၄၁ ဦးမှာ အင်းစိန်မှ ၁၁ ဦး၊ ပုသိမ်မှ နှစ်ဦး၊ မန္တလေးမှ တစ်ဦး၊ ဘားအံ မှတစ်ဦး၊ တောင်ကြီးမှ တစ်ဦး၊ မြစ်ကြီးနားမှ တစ်ဦး၊ တောင်ငူမှ တစ်ဦး၊ ဘူးသီးတောင်မောင်တောမှ တစ်ဦး၊ သာယာဝတီမှနှစ်ဦး၊ သထုံမှ ၁၀ ဦး၊ ကော့သောင်းမှ လေးဦးနှင့် ပဲခူးမှ ခြောက်ဦးတို့ ဖြစ်သည်။
၂၀၁၂ ခုနှစ်က မတရားအသင်းဆက်သွယ်မှု ၁၇(၁)နှင့် ဖေါက်ခွဲဖျက်ဆီးမှုဆိုင်ရာဥပဒေ ပုဒ်မ ၅ တို့ဖြင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံခဲ့ရသူ ဦးမျိုးမြင့်အောင်က “ဒီလိုအမှုတွေနဲ့ ထောင်သာကျတယ်။ ဒါပေမဲ့ လက် နက်တွေမှာသုံးတဲ့ ဖောက်ခွဲနိုင်တဲ့ ယမ်းဆိုတာကို မြင်တောင် မမြင်ခဲ့ဖူးဘူး။ သူများထားသွားတဲ့ အထုပ် ဘေးမှာ ထိုင်မိတာနဲ့ အဖမ်းခံခဲ့ရတာ”ဟု အင်းစိန်အကျဉ်းထောင်မှ ထွက်လာချိန်တွင် ပြောသည်။
အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် နိုင်ငံရေးအကျဉ်းသားများတွင် ဒီငြိမ်းလင်း၊ ဦး မိုဃ်းသွေးတို့အပါအ၀င် လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုအတွက် ရန်ကုန်တွင် ဆန္ဒပြမှု ကြောင့် ဖမ်းဆီးခံရသူများနှင့် မိချောင်းကန် သိမ်းဆည်းမြေအရေး ဆန္ဒပြမှုကြောင့် အကျဉ်းကျခံရသူများ ပါဝင်သည်။
နိုဝင်ဘာလ တတိယပတ်တွင် ပုဒ်မ (၁၈)ဖြင့် မြို့နယ်သုံးမြို့နယ်ပေါင်း ထောင်ဒဏ်တစ်လ အမိန့်ချခံခဲ့ရ သူ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌဒီငြိမ်းလင်းက “နိုင်ငံရေး အလုပ်အရ အပြကောင်းအောင်လုပ်နေတာ နိုင်ငံတကာခေါင်းဆောင်တွေ လာချိန်မှာ လွတ်တယ်။ ပြန် သွားရင် အရင်လိုမျိုး လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ပြန်လုပ်တယ်။ ပြန်ဖမ်းတယ်”ဟု လက်ရှိအချိန် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အပေါ် ၎င်းအမြင်ကို အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာချိန်တွင် ဆိုသည်။
လက်ရှိ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၄၁ ဦးသည် ပုဒ်မ(၁၈) ခွင့်ပြုချက်မတောင်းခံပဲ ဆန္ဒဖော်ထုတ်မှု၊ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်အညိုပျက်စေအောင် သွေးထိုးလှုံ့ဆော်မှု၊ ပုဒ်မ ၆ (၁)ပြည်သူပိုင်ပစ္စည်း ထိခိုက်ပျက်စီးစေမှု၊ ပြည်သူ့ဝန်ထမ်းနှင့်သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာပုဒ်မ ၂၁၊ မတရားအသင်းဆက်သွယ်မှု ၁၇(၁)နှင့် ဖေါက်ခွဲဖျက်ဆီးမှုဆိုင်ရာ ဥပဒေပုဒ်မ ၅ တို့ဖြင့် အကျဉ်းကျခံရ သူများ ဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်နီးပါးအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၁၄ ကြိမ် ပေးခဲ့ပြီး ၁၃ ကြိမ်မြောက်အထိ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၁၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးဖြစ်သည်။
No comments:
Post a Comment