Tuesday, December 17, 2013

တရားရုံးဆုံးဖြတ်ချက် ကြန့်ကြာမှု ဖြေရှင်းပေးရန် သမ္မတထံ တောင်းဆို

ခင်မြတ်မြတ်ဝေ

တရားစီရင်ရာတွင် ဆုံးဖြတ်ချက်မချဘဲ အချိန်ဆွဲနေခြင်းကြောင့် ပြည်သူများ လူ့အခွင့်အရေးဆုံးရှုံးနေရ သည်ကို အမြန်ဆုံး ဖြေရှင်းပေးရန် ပဲခူးတိုင်းရှိ နတ္တလင်း၊ သဲကုန်း၊ ဇီးကုန်းမြို့မှ တောင်သူ ၃၇ ဦးက သမ္မတဦးသိန်းစိန်ထံ စာရေးသား တောင်းဆိုလိုက်သည်ဟု တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဇော်ရမ်းက ဒီဇင်ဘာ ၁၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်း သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ကြတ်ကြီးကြိုးဝိုင်းအတွင်း သိမ်းယူခံထားရသည့် လယ် ယာမြေ ၁၄၀ ခန့်ပေါ်တွင် ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့သည့် တောင်သူများကို အားပေးကူညီမှုဖြင့် ဇွန် ၁၁ ရက်တွင် ဖမ်းဆီးခံခဲ့ရသူ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ပြည်သူ့ကွန်ရက်မှ ဒေါ်မိမိခိုင်၊ နတ္တလင်းပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုသန့်ဇင်ထက် တို့ကို အမှုစစ်ဆေးမှု ကြန့်ကြာနေခြင်းအပေါ် ဒီဇင်ဘာ ၁၁ ရက်နေ့စွဲဖြင့် စာပေးပို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“သူတို့ကို ဖမ်းထားတာ ခြောက်လရှိပြီ။ အာမခံလဲ မပေးဘူး။ အပြင်ကအမှုကို ရင်ဆိုင်ရတယ်ဆို တော် သေးတယ်။ တရားခံတွေက နစ်နာတယ်။ တရားရုံးက အမိန့်ချလို့ရတယ်။ မချပေးဘဲ အချိန်ဆွဲနေတာ ဒါကြောင့် ကျွန်တော်တို့ သမ္မတရုံးကို ဖြေရှင်းပေးဖို့ တောင်းဆိုတာပါ”ဟု ဦးဇော်ရမ်းက ဆိုသည်။

တရားစွဲဆိုခံထားရသူ သုံးဦးသည် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပုဒ်မ - ၆၊ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မှုတို့ဖြင့် နတ္တလင်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရကာ အာမခံ မရရှိသဖြင့် ပေါင်းတည် ထောင်တွင်းမှ အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ကာယကံရှင်များက သာယာ ၀တီခရိုင် တရားရုံးသို့ ပြင်ဆင်မှု လျှောက်ထားခဲ့သော်လည်း ပလပ်ခံခဲ့ရသည်ဟု သမ္မတထံ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

ယင်းကြောင့် ပဲခူးတိုင်းတရားလွှတ်တော်သို့ ထပ်မံလျှောက်လဲခဲ့ရာ တင်ပြပြီးနှစ်လခန့်အကြာတွင် လက် ခံကြားနာခဲ့သော်လည်း ဒီဇင်ဘာ ၁၀ ရက်အထိ ဆုံးဖြတ်ချက်ချမပေးသေးခြင်းသည် တရားစွဲဆိုခံရသူ များ နစ်နာသည့်အပြင် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးတို့လည်း ဆုံးရှုံးစေသည်ဟု သမ္မတထံ တင်ပြစာက ဆိုသည်။ အဆိုပါ အချုပ်သားသုံးဦးသည် အခွင့်အရေးများ ဆုံးရှုံးနေရခြင်းကို ကန့်ကွက် သည့်အနေဖြင့် ဒီဇင်ဘာ ၁၃ ရက်မှ စတင်၍ ပေါင်းတည်ထောင်အတွင်း အစာငတ်ခံဆန္ဒပြမှု စတင်နေပြီဟု မိသားစုဝင်များက မဇိ္ဈမကို အတည်ပြုပြောဆိုထားသည်။

No comments: