Tuesday, December 17, 2013

တပ်သိမ်းလယ်မြေ ဧက ၅၀၀ အနက် ဧက ၈၀ သာ ပြန်ပေးသေးဟု ဆို

မောင်သင်တုန်း

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်အတွင်း စစ်တပ်မှသိမ်းယူခဲ့သည့် လယ်မြေနှင့် ဥယျာဉ်ခြံမြေ ဧက ၅၀၀ ရှိသည့်အနက် ဧက ၈၀ သာ ပြန်ပေးခြင်းကြောင့် တပ်နှင့်လယ်သမားတို့ကြား တင်းမာမှုဖြစ်ပေါ်နေသည် ဟု မြောင်းမြမြို့နယ် လယ်သမားသမဂ္ဂအတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

“ဥယျာဉ်ခြံမြေဧက ၈၀ ကို စစ်တပ်က လက်မှတ်ထိုးပြီး လက်ခံယူဖို့အတွက် ပြန်ပေးတယ်။ လယ်သမား တွေက လက်မခံဘူး”ဟု ဦးသန်းဇော်ဦးက ဒီဇင်ဘာ ၁၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြေများ ပြန်ရယူလိုသူများသည် အသိမ်းခံရမြေ မည်မျှ၊ လယ်သမားပိုင်ရှင် အမည်၊ အသိမ်းခံရသည့်ကာ လ၊ ပိုင်ဆိုင်ခဲ့သည့် အထောက်အထားများဖြင့် မြို့နယ်အထွေထွေအုပ်ချူပ်ရေးရုံးသို့ ပြန်လည် စာတင် လျှောက်ထားရမည် ဖြစ်သည်။ မြို့နယ် မြေယာစီမံခန့်ခွဲရေးကော်မတီက လယ်သမားများ တင်ပြလာ သည့် ဥယျာဉ်ခြံမြေပိုင်ဆိုင်မှု အထောက်အထားများကို စိစစ်ပြီး ပြန်လည်စီမံ ဆောင်ရွက်ပေးရန် စီစဉ် လျက်ရှိသည်။

လယ်သမားတို့က တင်ပြပြီး မြေများ ပြန်လည်ချထားပေးရာတွင် မှားယွင်းမှုများ ဖြစ်ပေါ်နေသည်ဟု လည်း ဦးသန်းဇော်ဦးက ပြောသည်။

“ပြန်ပေးတဲ့ လယ်သမားတွေရဲ့ စာရင်းကလဲ မှားနေတယ်။ တချို့အသိမ်းခံရတဲ့ ဥယျာဉ်ခြံပိုင်ရှင် လယ် သမားတချို့က စာရင်းထဲမှာ မပါဘူး။ တချို့ကျတော့ ပိုပြီးတော့ များနေတယ်။ ဥပမာ အသိမ်းခံရတဲ့အ ချိန်တုန်းက ၁၀ ဧက ရှိတယ်။ အခုပြန်ပေးတော့ ၁၅ ဧက ဖြစ်နေတယ်”ဟု ပြောသည်။

အဆိုပါ ဥယျာဉ်ခြံမြေများနှင့် ပတ်သက်ပြီး လယ်သမား ၁၃ ဦးကို ကျူးကျော်ဝင်ရောက် စိုက်ပျိုးသည်ဆို ကာ တပ်ရင်း ၉၈ နှင့် တပ်ရင်း၂၇ မှ မြောင်းမြတရားရုံးတွင် တရားစွဲဆိုခဲ့သည်။

၃၄ ဧက အသိမ်းခံရသည့် လယ်သမားဦးအောင်မြင့်က “တရားရုံးက ဘယ်သူမှမပိုင်ဆိုင်တဲ့အတွက် လယ်သမား ၁၃ ဦးကို ပုဒ်မ ၄၄၇ မမြောက်ဘူးဆိုပြီး တရားသေလွှတ်လိုက်တယ်။ ပြီးတော့ ပိုင်ဆိုင်မှု အထောက်အထားနဲ့ မြေစာရင်းရုံးကို သွားတင်ရမယ်ဆိုလို့ မှတ်ပုံတင်ဖို့လုပ်တော့ မြေစာရင်းရုံးက နေပါ ဦး၊ မြို့နယ်မှူးကို တင်ပြဦးမယ် ခဏစောင့်ခိုင်းထားလို့ စောင့်နေတယ်”ဟု ပြောသည်။

မြောင်းမြမြို့နယ်နှင့် ဖျာပုံမြို့နယ်တွင် တပ်ရင်းငါးခုက တပ်ရင်းတစ်ခုလျှင် ဥယျာဉ်ခြံမြေဧက ၁၀၀ ကို ၂၀၀၅ ခုနှစ်က သိမ်းယူခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း လယ်သမား ၃၀ ဦးကျော်အသိမ်းခံခဲ့ရပြီး အဆိုပါဧက ၅၀၀ မှာ အခုအချိန်ထိ ရော်ဘာအနည်းငယ်သာ စိုက်ပျိုးထားသည်ဟု လယ်သမားများက ဆိုသည်။

No comments: