Tuesday, December 17, 2013

နိုင်ငံရေးပုဒ်မဖြင့် တရားရင်ဆိုင်နေရသူများ နှစ်ကုန်အမီ လွတ်မြောက်ရေး နိုင်/ကျဉ်းစိစစ်ရေးကော်မတီ ကြိုးပမ်းမည်

ဟိန်းကိုစိုး

နိုင်ငံတော်သမ္မတ ပြောကြားထားသည့် နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား မရှိစေရဟူသည့် ကတိအတိုင်း ပြစ်ဒဏ်ကျခံနေရသူများ လွတ်မြောက်ရေးအပြင် နိုင်ငံရေးပုဒ်မများဖြင့် တရားရင်ဆိုင်သူများ တစ် ပါတည်း လွတ်မြောက်ရေးအတွက် လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက ကြိုးပမ်း ဆောင်ရွက်နေသည်ဟု ကော်မတီဝင်အချို့က ဒီဇင်ဘာ ၁၅ ရက်တွင် မဇိ္ဈမကို ပြောသည်။

“ဒါကိုမလုပ်ရင်တော့ သမ္မတပေးထားတဲ့ကတိအတိုင်း ဒီဇင်ဘာအကုန် နိုင်ငံရေးအကျဉ်းသားတွေ လွှတ် မယ်ဆိုတာက မဖြစ်နိုင်ဘူး မဟုတ်ရင် ဇန်န၀ါရီလထဲဆိုရင် နိုင်ကျဉ်းက ပြန်ရှိလာနိုင်တယ်”ဟု လက်ကျန် နိုင်ငံရေးအကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ အတွင်းရေးမှူး ဦးရဲအောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ တရားစွဲဆိုခံထားရသူများအရေးကို ဒီဇင်ဘာ၂၁ ရက်တွင် ကျင်းပရန်ရှိသည့် လက်ကျန် နိုင်ငံ ရေးအကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု ၎င်းက ဆို သည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားမရှိစေရဟူသည့် နိုင်ငံတော် သမ္မတ ကတိတည်နိုင်ရန် ဖြစ်သည်ဟု ဦးရဲအောင်က ပြောသည်။

စိစစ်ရေးကော်မတီက နိုင်ငံရေးအကျဉ်းသားစာရင်းတွင် ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်ခွင့်(စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ -၁၈)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်မှု (ပုဒ်မ ၅၀၅/ခ)၊ မတရားအသင်းဆက်သွယ်မှု (ပုဒ်မ ၁၇/၁၊ ၂)၊ အသင်းအဖွဲ့ဥပဒေဆိုင်ရာ(သင်းဖွဲ့- ၆)၊ လယ် ယာမြေသိမ်းကိစ္စများ ၀င်ရောက်ဖြေရှင်းရာမှ လယ်မြေပိုင်နက်ကျူးလွန်မှု (ပုဒ်မ ၄၇၇)၊ နိုင်ငံတော်ပုန် ကန်မှု၊ အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၅(ည)တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို ပြန်လွှတ်ပေးနိုင်ရန် စိစစ် နေခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ လူသတ်မှု၊ မုဒိန်းမှု စသည့် အမှုများဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံရေး တက် ကြွလှုပ်ရှားသူများကိုလည်း ၎င်းတို့ အမှန်တကယ် ကျူးလွန်ခဲ့ခြင်း ရှိမရှိ လက်ကျန်နိုင်ငံရေးအကျဉ်းသား ကော်မတီက စိစစ်လုပ်ဆောင်နေသည်ဟု ကော်မတီဝင်များက ဆိုသည်။ လက်ရှိတွင် ရှမ်းပြည်မြောက် ပိုင်းတပ်မတော်မှ နှစ်ဦး၊ ရှမ်းပြည် တောင်ပိုင်းတပ်မတော်မှ သုံးဦး၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦး၊ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ၁၆ ဦးအပါအ၀င် လက်ကျန်နိုင်ငံရေးအကျဉ်း သား စုစုပေါင်း ၄၄ ဦးကျော် ကျန်ရှိနေသေးခြင်းဖြစ်သည်။

အဆိုပါစာရင်းအရ တိုင်းရင်းသားလက်နက်ကိုင်များအရေးကို နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ ကတစ်ဆင့် တင်ပြမှုများရှိသကဲ့သို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြမှုများလည်းရှိသည်ဟု ကော်မတီအဖွဲ့ဝင် ရှမ်းအမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ယခုအချိန်၌ ပုဒ်မ(၁၈) (၅၀၅/ခ)(၁၇/၁)သင်းဖွဲ့(၆)၊ပုဒ်မ(၄၇၇)တို့ဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း၂၀၀ ကျော်ရှိနေပြီး ၎င်းတို့လွတ်မြောက်ရေးကို ကော်မတီက ကြိုး ပမ်းနေခြင်းလည်းဖြစ်သည်။

ယင်းသို့ တရားစွဲခံထားရသူများ တစ်ပါတည်း လွတ်မြောက်နိုင်ရေးမှာ ခက်ခဲဖွယ်ရှိသည်ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ယာယီဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ် ပြောဆိုသည်။

“ရင်ဆိုင်နေရတဲ့ အမှုတွေ ပယ်ဖျက်ဖို့ဆိုရင် သမ္မတက ၄၀၁ သုံးလို့ မရဘူး။ သုံးချင်ရင် ကာလုံသဘောကို ယူရမယ်။ ယူပြီးတော့မှ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လိုမျိုး ပေးနိုင်မယ်။ အဲဒီလို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ထောင်ကျနေတဲ့သူတွေ အားလုံး ပါလာနိုင်တယ်။ ဒါက မဖြစ်နိုင် ဘူး”ဟု ၎င်းက ရှင်းပြသည်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ၁၄ ကြိမ်ပေးခဲ့ပြီး ယခုလ ဒီဇင်ဘာ ၁၁ ရက်အထိ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁,၁၀၀ ကျော် လွတ်မြောက်ပြီးဖြစ်သည်။

No comments: