Tuesday, December 17, 2013

သင်္ဃန်းကျွန်းမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံး ဖေဖော်ဝါရီအပြီး ဆောင်ရွက်သွားမည်ဟုဆို

နန်းမြင့်

လွှတ်တော်မှရရှိမည့် ကျပ်သိန်းတစ်ထောင်ကို အသုံးပြုကာ သင်္ဃန်းကျွန်းမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ဖေဖော်ဝါရီလအပြီး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ၊ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့်က ဒီဇင်ဘာ ၁၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရန် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းတစ် ထောင်ကို လာမည့်နှစ် ဇန်န၀ါရီလတွင် ရရှိမည်ဖြစ်ပြီး လုပ်ငန်းများ အားလုံးကို ဖေဖော်ဝါရီလတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု ဦးသိန်းညွန့်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပြုပြင်ပြောင်းလဲမှု ရောက်စေချင်တယ်ဆိုရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အားပေးဖို့လိုတယ်။ ဆင်းရဲတဲ့သူကို ဦးစားပေးပါ မုဒိတာပွားပါ။ အားလုံးကို တစ်ပုံစံတည်း၊ ခွဲတန်းနဲ့သွားလုပ်လို့ မရဘူး။ ချမ်းသာတဲ့ရပ်ကွက်က ဆင်းရဲတဲ့ရပ်ကွက်ကို ဦးစားပေးပါ”ဟု ပြောသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် ရပ်ကွက်အထောက်အကူပြုအဖွဲ့၊ ပြည်သူလူထုက တင်ထားသောအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းပြီး တကယ်ဖွံ့ဖြိုးမှုလိုအပ်သည်များကို ကူညီနိုင်ရန် ကွင်းဆင်းဆောင်ရွက်နေသည်မှာ လက်ရှိတွင် ၂၁ ရပ်ကွက်ရှိပြီး ၃၈ ရပ်ကွက်ကို ဒီဇင်ဘာလ ၂၂ ရက်အပြီး အစီအစဉ်ဆွဲ ဆောင်ရွက်ရန် စီစဉ်ထားသည်။

ဦးသိန်းညွန့်အနေနှင့် ရည်ရွယ်ထားသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ နွေရာသီတွင် ကြုံတွေ့ရမည့် ရေရှား ပါးမှုပြဿနာ မဖြစ်စေရန် အ၀ီစိတွင်းများဖော်ခြင်း၊ တွင်းဟောင်းပြုပြင်ခြင်းများ၊ ရပ်ကွက်လူနေမှုနှင့်အိမ် သာဆောက်လုပ်နိုင်မှု မမျှတသည့် ပြဿနာများနှင့် ရေမရရှိသည့် မိသားစုများ၊ လျှပ်စစ်မီးမရှိသည့် ပြ ဿနာများ ဖြစ်သည်။

သုဝဏ္ဏ ၂၃ ရပ်ကွက်နှင့် လတ်တလော ပြဿနာဖြစ်ပွားနေသည့် မိကျောင်းကန် ၁၊၂၊ ၃ သည် ဖွံ့ဖြိုး ရေးလုပ်ရန် လိုအပ်သည့် အခြေအနေထက်ကို ပြည့်စုံနေပြီးဖြစ်၍ ဆင်းရဲသည့်ရပ်ကွက်များကို ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်နေပေသည်။

အဆိုပါရန်ပုံငွေ ကျပ်သိန်းတစ်ထောင် သုံးစွဲမှုနှင့်ပတ်သက်သည့် “ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း”ကို နိုဝင်ဘာ ၁၅ ရက်က နိုင်ငံတော်သမ္မတက ထုတ်ပြန်ခဲ့သည်။

သတ်မှတ်ချက်အရ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုလျှင် သိန်း ၅၀သာ အသုံးပြုခွင့်ရမည်ဖြစ်ပြီး လုပ်ငန်းအရွယ် အစားပေါ်မူတည်၍ သုံးစွဲရမည့် ငွေပမာဏ သတ်မှတ်ချက်သည် လက်တွေ့လုပ်ဆောင်ရမည့် လွှတ် တော်အမတ်များအနေနှင့် အခက်အခဲများရှိနေသည်။ သုံးစွဲရမည့် ကာလသည် ၂၀၁၄ ခုနှစ် မတ်လကုန် အထိသာ သုံးစွဲရမည် ဖြစ်သည်။

အဆိုပါ ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် တစ်နိုင်ငံလုံး မြို့နယ်ပေါင်း ၃၃၀ အတွက် ကျပ်သိန်း သုံးသောင်းသုံး ထောင်ကျော် (၃ ဒသမ ၃ ဘီလီယံ)ကို ၂၀၁၃-၁၄ ခုနှစ်၏ ပြည်ထောင်စုလွှတ်တော် ဘဏ္ဍာငွေမှ သုံးစွဲ ခွင့်ပြုခဲ့ပြီးဖြစ်သည်။ ထိုသို့ သုံးစွဲခွင့်ရရှိထားပြီဖြစ်သော်လည်း နိုင်ငံတော်သမ္မတက ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ခြင်းမရှိသည့်အတွက် ဒေသဖွံ့ ဖြိုးရေးလုပ်ဆောင်ရန်အတွက် အဟန့်အတားဖြစ်စေခဲ့သည်။

No comments: