Thursday, December 19, 2013

ရွှေတူးဖော်ရေးတွင် ဓာတုပစ္စည်းသုံးစွဲခွင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ တစ်ခုတည်းကိုသာ ခွင့်ပြုထား

မျိုးသန့်

ရွှေလုပ်ကွက်များ တူးဖော်ရာတွင် ဆိုက်ရာနိုက် ဓာတုပစ္စည်းသုံးစွဲခွင့်အတွက် မန္တလေးတိုင်း မိုးထိမိုးမိ ဒေသရှိ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ တစ်ခုတည်းကိုသာ တရားဝင် သုံးစွဲခွင့်ပြုထားသည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။

“ရွှေလုပ်ကွက်တွေမှာ ဆိုက်ရာနိုက် သုံးစွဲခွင့်တွေကို ယခုအချိန်ထိ မိုးထိမိုးမိဒေသမှာရှိတဲ့ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက တူးဖော်ရေးလုပ်ငန်ကြီးဖြစ်တဲ့အတွက် ခွင့်ပြုထားရှိပါတယ်။ ကျန်တဲ့ ဘယ်နေရာမှ တရားဝင်သုံးစွဲခွင့် ပြုထားတာမရှိပါဘူး”ဟု ဦးသန်းစိုးမြင့်က ပြောသည်။

ဆိုက်ရာနိုက်သည် နိုင်ငံတော်၏ခွင့်ပြုချက်မရဘဲ သုံးစွဲခွင့်မရှိသည့် ဓာတုပစ္စည်းဖြစ်ပြီး သုံးစွဲရာတွင်ကာ ကွယ်ပစ္စည်းမပါပါက ကျန်းမာရေးထိခိုက်နိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုလည်း ဖြစ် ပေါ်စေသည့် ဓာတုပစ္စည်း ဖြစ်သည်။

“အဲဒီဟာကိုသုံးရင် ဘာဖြစ်လာလဲဆိုတော့ ပထမအဆင့်အနေနဲ့ အရေပြားတွေ မဲလာတယ်၊ ဒုတိယ အဆင့်အနေနဲ့ကတော့ အဖုတွေထွက်လာပါတယ်။ မြို့ပေါ်မှာဆေးကုရင်တော့ ပျောက်ကင်းနိုင်ပေမယ့် လုပ်ကွက်တွေနားမှာရှိတဲ့ ဆေးပေးခန်းတွေမှာ ကုသရင် သေဆုံးတာမျိုးတွေ ဖြစ်ပါတယ်”ဟု စဥ့်ကူးမြို့ နယ် ကျည်တောက်ပေါက်ကျေးရွာရှိ ရွှေလုပ်သားတစ်ဦးက ပြောသည်။

ရွှေတူးဖော်ရေးလုပ်ငန်းများသည် ရွှေထွက်ရှိရန် ပြဒါးရွှေဖမ်းခြင်း၊ ဓာတုပစ္စည်းသုံးကာ ရွှေထုတ်ခြင်းနှင့် မိုက်များမှ ရွှေထုတ်ခြင်း စသည်တို့ကို အဆင့်ဆင့် ပြုလုပ်ရသည်။ ထိုထဲတွင် ဓာတုပစ္စည်းဖြစ်သည့် ဆိုက်ရာနိုက်ဖြင့် ရွှေထုတ်ခြင်းမှာ ရွှေရရှိသည့်ပမာဏ ပို၍ရသဖြင့် သုံးစွဲမှု ပြုလုပ်နေခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးတွင် ရွှေတူးဖော်ခွင့်အတွက် စာချုပ်များဖြင့် တရားဝင် ချထားသည်မှာ စဥ့်ကူးမြို့ နယ် ၂၀ ဧက လုပ်ကွက်ပေါင်း ၁၁၅ ခု၊ သပိတ်ကျင်းမြို့နယ် ဧက ၂၀၊ လုပ်ကွက် ၈၉၃ ခု ရှိသည်ဟု သစ်တောနှင့် သတ္တုဝန်ကြီးဌာနစာရင်းများတွင် ဖော်ပြထားသည်။

No comments: