ဂျွန်ချစ်ငြိမ်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက် ၊နယ်မြေ (၄)၊ မြောက်ကျောင်းလမ်းနှင့် အုတ်ဖို လမ်းထောင့် အိမ်အမှတ် (၁၈၈) နေဦးမြင့်သိန်း ၄၈ နှစ်၏ နေအိမ်၌ ဒီဇင်ဘာ ၈ ရက် ည ၁၀နာရီခွဲ မိနစ် အချိန်ခန့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာအိမ်ရှင်ဖြစ်သူ ဦးမြင့်သိန်းသည် ၁၀ နာရီကျော်တွင် နေအိမ်အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းရာမှ လှေကားအနီး၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဘယ်ဘက်ခြေကျင်းဝတ် ပြတ်ထွက်ဒဏ်ရာ၊ ဘယ်ဘက်လက်နားထင်ပွန်းပဲ့ဒဏ်ရာများရရှိကာ အဆိုပါပေါက်ကွဲသည့် အခင်းဖြစ်နေရာ၌ မီးကျွမ်းရာ များနှင့်ဘောစေ့များ၊ တရုတ်နိုင်ငံလုပ် I -Phone Apple တံဆိပ်ပါ မီးကျွမ်းရာပါ အဖြူရောင်ဟန်းဆက် ( ဆင်းကတ်မပါ) တစ်လုံးနှင့် အဖြူရောင်အားသွင်းကြိုးတစ်ခု၊ I -Phone 5 အားသွင်းကြိုးတစ်ခု၊ နေဗီ ယာ တံဆိပ်ပါ ဖုန်းထည့်အိတ်တစ်ခု၊ အနက်ရောင် သားရည်ဖြင့် ပြုလုပ်ထားသည့် ဖုန်းထည့်သည့်အိတ် ၊ သတ္တုဖြင့်ပြုလုပ်ထားသည့် ၀က်အူရစ်ပါ ၂ဒသမ၅ လက်မအရွယ် ရေပိုက်တစ်ခုအား သက်သေခံ ပစ္စည်းများအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တောင်ကြီးမြို့၊မြို့မရဲစခန်းမှ ဒု-စခန်းမှူး ဥာဏ်လင်းသန်းက“ကျွန် တော်တို့ ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ လောလောဆယ်တော့ ကွန်ထရိုးဗုံးလို့ သုံးသပ်ယူဆရပါတယ်၊ အတည်ပြုချက်တော့မပေးနိုင်သေးပါဘူး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရပခ ဒု-တိုင်းမှူးရယ်၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်မှူးတွေ အခြားတာဝန်ရှိသူတွေ အစည်းအဝေးထိုင်နေပါတယ်ပြီးရင်တော့ အတည်ပြု ချက်ပေးသွားပါမယ်”ဟု မဇ္ဈိမကို ပြောသည်။
တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ရဲမှူး မောင်မောင်ဝင်းက“ ဗုံးရယ်လို့တော့ မဟုတ်ပါဘူး၊ လက်လုပ်မိုင်း ပုံစံမျိုးပါ၊ဘာကြောင့် ကွဲတယ်ဆိုတာ စစ်ဆေးရေးအဖွဲ့တွေနဲ့ အဖြေရှာနေတုန်းမလို့ ဘာကြောင့်ကွဲ တယ်ဆိုတာတော့ အတည်ပြုချက် မပေးနိုင်သေးပါဘူး ကွဲတယ်ဆိုတာတော့မှန်ပါတယ်” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။
လက်ရှိတွင် အိမ်ရှင်ဖြစ်သူ ဦးမြင့်သိန်းသည် တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ကုသမှုခံယူလျက်ရှိပြီး ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် နေအိမ်ရှိ မိသားစုဝင်များကို မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးလျက်ရှိသည်။
No comments:
Post a Comment