Tuesday, December 17, 2013

ကရင်နီဒုက္ခသည်များ ပြန်လာနိုင်ရေး ဆွေးနွေးနေ

ဆန်းဖြိုးထွန်း

ထိုင်းနိုင်ငံ နယ်စပ်ရှိ ကရင်နီ ဒုက္ခသည်များကို ပြည်တွင်းတွင် ပြန်လည်နေရာချထားရေးအတွက် ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် အစိုးရတို့ ညှိနှိုင်းလျှက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည် Refugee များအား နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသော အဖွဲ့အစည်းများမှ စားနပ်ရိက္ခာများ စတင်လျော့ချလာနေချိန်အတောအတွင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့က ပြည်ထောင်စု အစိုးရ အနေနဲ့ ဒီ ဒုက္ခသည်တွေကို ကူညီပံ့ပိုးရမဲ့ အစီစဉ်တွေလည်းရှိနေတယ် နိုင်ငံတကာ အဖွဲ့စည်းတွေကလည်း ကူညီချင်တယ်။ အဲ့မှာကျနော်တို့ တခုတည်း လိုတာက အင်အား ဘယ်လောက်နဲ့ ဘယ်အချိန်မှာ ဘယ်လမ်းကြောင်းက ပြန်လာမှာလဲ အဲ့ဒါအဓိကပဲ״ ဟု ကယားပြည်နယ်အစိုးရ စီမံရေးရာ ၀န်ကြီး ဦးတော့ရယ်က ပြောသည်။

ကယား ပြည်နယ် ရှားတောမြို့နယ် မယ်လယု ချောင်းဘေးရှိ မယ်လယုဂွင်တွင် ကရင်နီ ဒုက္ခသည်များ အတွက် စံပြကျေးရွာများ တည်ဆောက်ပေးရန် ပြည်နယ်အစိုးရနှင့် KNPP တို့အလွတ်သဘော သဘောတူထားကြကြောင်း သိရသည်။

“ကျနော်တို့ နယ်စပ်ဘေးနား တပ်တွေလည်းရှိသေးတယ် နောက် မှိုင်းလည်း ရှိသေးတယ်ဆိုတော့ ပေးမပြန်သေးဘူး။ ဒါပေမယ့်စံပြ အနေနဲ့ မယ်လယုဂွင်ကို အိမ်ခြေ လေးငါးဆယ် ထားဖို့ ကျနော်တို့ အစည်းဝေးမှာ ကျနော်တို့ နှစ်ဦးနှစ်ဖက်သဘောတူထားတာရှိတယ် ״ဟု KNPP မှ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

KNPP နှင့်အစိုးရတို့ အပစ်ခက်ရပ်စဲပြီးနောက် ထိုင်းနယ်စပ်တွင်ရှိနေသော ကရင်နီဒုက္ခသည်များ ပြည်တွင်းသို ပြန်လာနိုင်ရန် အခွင့်အလမ်းများရှိလာတာဖြစ်ပြီး ပြန်လည်အခြေချနေထိုင်နိုင်ရန် အလုပ်အကိုင်များ ရရှိနိုင်ရန် ပြန်လည်နေရာချထားနိုင်ရေး အတွက် KNPP နှင့်အစိုးရတို့မှ ဆက်လက် ဆွေးနွေးနေကြကြောင်းဆိုသည်။

ကရင်နီဒုက္ခသည်များမှာ စစ်အစိုးရတပ်နှင့် KNPP တပ်တို့၏စစ်ပွဲများကြောင့် ပြီးခဲ့သည့် ၁၉၈၄ ခုနှစ်တွင် ကရင်နီဒုက္ခသည်များ ထိုင်းနယ်စပ်သို့ထွက်ပြေး ပုန်းရှောင်ခဲ့ကြပြီး ၁၉၉၆ခုနှစ်တွင် UN မှ ဒုက္ခ္ခသည်အဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် စားနပ်ရိက္ခာများစတင် ထောက်ပံ့ပေးခဲ့သည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် အမှတ်(၁)နှင့် အမှတ် (၂) စခန်းများတွင် နေထိုင်ကြပြီး စခန်း ၂ ခုတွင် လူဦးရေပေါင်း ၃၀၀၀၀ နီးပါး နေထိုင်ခဲ့ရာမှ တတိယနိုင်ငံသို့ တသောင်း ကျော် သွားရောက်အခြေချနေထိုင်ခဲ့သည့်အတွက် ယခုလက်ရှိမှာ စုစုပေါင်း လူဦးရေ ၁၆၀၀၀ ကျော်ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

“ကျနော်တို့ စစ်ရေးအရ လုံခြုံရေးအရ တိမ်းရှောင်သွားတဲ့ သူတွေအားလုံးကျနော်တို့ ပြည်နယ်ကို ပြန်လာဖို့ ကျနော်တို့ဒေသကိုပြန်လာဖို့ ၀န်ကြီးချုပ်သည်အမြဲတမ်း ကြိုဆိုလျှက်ရှိကြောင်းကို သူတို့ကိုလည်း အသိပေးပြီး ဖြစ်ပါတယ် ״ဟု ကယားပြည်နယ် အစိုးရ တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစိန်ဦးက ပြောသည်။

No comments: