Tuesday, December 17, 2013

ကေအိုင်အေဖမ်းသည်ဆိုကာ ရှမ်းနီများအရေး မြစ်ကြီးနားတွင် ဆန္ဒဖော်ထုတ်မည်

ဟိန်းကိုစိုး

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ရှိရွာများမှ ရှမ်းနီနှင့် ကချင်လူမျိုး ၇၀ ခန့်ကို ကေအိုင်အေက ဖမ်း ဆီးထားသည်ဟု တိုင်းလိုင်ရှမ်းနီပါတီက ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် ယင်းနှင့်စပ်လျဉ်း၍ ကချင်ပြည် နယ်နေ ရှမ်းလူမျိုး လေးသောင်းခန့်က မြစ်ကြီးနားတွင် ဆန္ဒဖော်ထုတ်မည်ဟု ရှမ်းရေးရာအဖွဲ့ (ကချင် ပြည်နယ်) ဒုတိယခေါင်းဆောင် ဦးစိုင်းဆန်းဝေက မဇ္ဈိမကို ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ဖော် ပြောဆို လိုက်သည်။

မြစ်ကြီးနားမြို့ရှိ ကေအိုင်အေ ငြိမ်းချမ်းမှုဖော်ဆောင်ရေး နည်းပညာအထောက်အကူပြုအဖွဲ့ ရုံးရှေ့တွင် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်ခွင့်ကို မန်စီမြို့နယ် ရဲစခန်းသို့ ဒီဇင်ဘာ ၁၀ ရက်ကတည်းက လျှောက်ထားခဲ့ပြီး ဆီးဂိမ်းကျင်းပနေချိန်ဖြစ်သဖြင့် ခေတ္တဆိုင်းငံ့ထားရန် ပြန်လည် အကြောင်း ကြားသဖြင့် မည်သည့်ရက်တွင် ပြုလုပ်မည်ဆိုသည်ကို အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးပေ။

မန်ဝိုင်းကြီးအနီးဝန်းကျင်ရှိ ရွာပေါင်း ၁၄ ရွာမှ ရှမ်းမျိုးနွယ်ဝင် ရှမ်းနီ၊ တိုင်လေ၊ တိုင်မောင်ရှမ်းတို့နှင့် ဗမာလူမျိုးအချို့ကို ကေအိုင်အေက ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ဦးစိုင်းဆန်းဝေက ဆိုသည်။

“အခု ဟန်ထက်ဘက်မှာလဲ ဖမ်းတယ်ကြားတယ်။ နောက်တစ်ခုက သွားပြီးပြောပေမယ့် ပြန်လွတ်လာ တာမရှိသေးဘူး။ ရွာကလူတွေ အဖမ်းခံရတော့ အကုန်နီးပါး ထွက်ပြေးသွားကြတယ်။ ရွာလူကြီးတွေ လည်း ဖိအားပေးခံနေရတယ်လို့ ကြားတယ်”ဟု ၎င်းက ပြောသည်။

ကေအိုင်အေဘက်ကမူ အဆိုပါသတင်းများကို ငြင်းဆိုခဲ့ပြီး ဖမ်းဆီးခံထားရသည်ဆိုသူများကို ယခင်ကတည်းကပင် ပြန်လွတ်ပေးခဲ့သည်ဟု ကေအိုင်အေ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာ က မဇ္ဈိမမှတစ်ဆင့် တုံ့ပြန်ပြောကြားသည်။

“လက်ရှိ ထွက်ပေါ်နေတဲ့ ရှမ်းလူမျိုးတွေအပေါ် ဖမ်းဆီးနေတယ်ဆိုတာတွေက မဟုတ်ပါဘူး။ အရင်က ဖမ်းမိထားတဲ့သူတွေကိုလည်း လွှတ်ပေးခဲ့ပြီးပါပြီ။ အခု တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံး ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်းမှာ ဒီလိုသတင်းတွေက တိုင်းရင်းသား အချင်းချင်းရော၊ အစိုးရ ဘက်မှာရော ရေရှည်မကောင်းတဲ့ အခြေအနေပါ”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်တွင် ခေါ်ဆောင်ခဲ့သည့် ကျေးရွာသား ၂၁ ဦးကို ၎င်းတို့ဆန္ဒအရ ဆက်လက် တာဝန်ထမ်းလိုသူ လေးဦးမှအပ ကျန်သူအားလုံး ဒီဇင်ဘာ ၁၀ ရက်ကတည်းက လွှတ်ပေးခဲ့ပြီးဖြစ်သည် ဟု ကေအိုင်အေဘက်က ဆိုသည်။ ယင်းသို့ ဖမ်းဆီးခြင်းများ မပြုလုပ်ရန် အောက်ခြေအဆင့် တပ်ဖွဲ့ဝင် များကို အေအိုင်အေဗဟိုမှ ညွှန်ကြားထားပြီးဖြစ်ကာ ဖမ်းဆီးခံထားရသည်များကို ထပ်မံအကြောင်းကြား လာပါကလည်း စိစစ်ဆောင်ရွက်သွားမည်ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ရှမ်းရေးရာအဖွဲ့ (ကချင်ပြည်နယ်)ဘက်ကမူ ကေအိုင်အေက ဒီဇင်ဘာ ၄၊ ၇၊ ၉ ရက်များတွင် ကျေးရွာ သားများကိုဖမ်းဆီးသွားခဲ့ပြီးနောက် လူစာရင်းနှင့်တကွ မြစ်ကြီးနားရှိ ကေအိုင်အေငြိမ်းချမ်းမှုဖော်ဆောင်ရေး နည်းပညာအထောက်အကူပြုအဖွဲ့ရုံးသို့ သွားရောက် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း အဆင်ပြေခဲ့ ခြင်းမရှိဟု ဆိုသည်။

အဆိုပါအဖွဲ့၏ ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ကြေညာချက်တွင် ဒီဇင်ဘာ ၄ ရက်၌ ၂၀ ဦး၊ ဒီဇင်ဘာ ၇ ရက် တွင် ၄၀ ဦး၊ ဒီဇင်ဘာ ၉ ရက်တွင် သုံးဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဖော်ပြထားသည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ဒုတိယသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ကို ရှမ်းရေးရာအဖွဲ့ (ကချင်ပြည်နယ်)က အကြောင်းကြား စာ ပေးပို့ အကူအညီတောင်းခံထားသည်။

တိုင်းလိုင် ရှမ်းနီပါတီကလည်း ဒီဇင်ဘာလ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မန်စီမြို့နယ်၊ မန်ဝိုင်းကြီးကျေးရွာ အပါအ၀င် အနီးပတ်ဝန်းကျင် ၁၄ ရွာမှ တစ်ရွာလျှင် တစ်ဦး တပ်သားသစ်အဖြစ် ပေးအပ်ရန် ကေအိုင်အေက တောင်းခံထားသဖြင့် ကျေးရွာသား လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဖော်ပြထားသည်။

No comments: