Wednesday, December 18, 2013

မန္တလေးတိုင်းရှိ ကျေးရွာများ မီးလင်းရေး ကျပ်သိန်း ၁,၀၀၀ ကို တစ်ကျပ်ခွဲတိုးနှုန်းဖြင့် ထုတ်ချေး

မျိုးသန့်

မန္တလေးတိုင်း လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများ လျှပ်စစ်မီးရရှိရန် ငွေကျပ်သိန်း ၁,၀၀၀ကို အတိုး နှုန်း တစ်ကျပ်ခွဲဖြင့် တိုင်းအစိုးရက ကျေးရွာမီးလင်းရေးကော်မတီများထံ ထုတ်ချေးမှုများ ပြုလုပ်ပေးနေ သည်ဟု တိုင်းလျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။

“ကျေးရွာမီးလင်းရေးအတွက် အထူးအစီအစဉ်အနေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ကျပ်ငွေ ဘီလီ ယံတစ်သန်းကို တစ်ကျပ်ခွဲအတိုးနဲ့ ချေးပေးထားပါတယ်၊ ပြန်ဆပ်ရင်လည်း အရစ်ကျစနစ်နဲ့ ဆပ်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိ ထုတ်ပေးထားသော ငွေကြေးများဖြင့် ရွာပေါင်း ၂,၅၇၉ ရွာအတွက် ဆိုလာ၊ အင်ဂျင်၊ ရေအား စသည်တို့ဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်လျက်ရှိနေသည်။ အလားတူ တိုင်းအတွင်းရှိ ရွာပေါင်း ၁၈၀ ကို ဆိုလာစနစ်ဖြင့် မီးလင်းစေပြီး၊ အင်ဂျင်စက် မောင်းနှင်ကာ ရွာပေါင်း၂၀၄ ရွာကိုလဲ မီးလင်းရေး ဆောင်ရွက်ပေးထားသည်ဟု ဦးကျော်မြင့်က ဆိုသည်။

“မီးလင်းရေးအတွက် ကျန်ရှိနေတဲ့ ရွာ ၁,၆၃၅ကို ၂၀၁၄ ခုနှစ်အတွင်း စီမံချက်ရေးဆွဲပြီး အကောင်အ ထည်ဖော် ဆောင်ရွက်သွားမယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ အစီအစဉ်နဲ့ လုပ်ဆောင်မှာဖြစ်သလို၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရန်ပုံငွေတစ်ခုတည်ထောင်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ဦးကျော် မြင့်က ပြောသည်။

ကုန်ကျစရိတ်အနည်းငယ်ဖြင့် မီးသွယ်တန်းရန်လွယ်ကူသည့် မဟာဓာတ်အားလိုင်း ဖြတ်သန်းသည့်နေ ရာက ရွာပေါင်း ၅၆၆ ရွာကိုလည်း လျှပ်စစ်သွယ်တန်းရန် တိုင်းအစိုးရက ခွင့်ပြုထားသည်။

လျှပ်စစ်မီးပေးရန် မလွယ်ကူသည့်နေရာများကိုလည်း ဆိုလာစနစ်ဖြင့်လျှပ်စစ်မီးရရှိရေးအတွက် ကုမ္ပဏီ ခြောက်ခုက လုပ်ဆောင်နေသည်။

No comments: