Wednesday, December 18, 2013

ရေယာဉ်ဆိုက်ကပ်ခွန်များ သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်

အောင်ကိုဦး

မန္တလေးမြို့ ဧရာဝတီမြစ် ဆိပ်ကမ်းတစ်လျှောက် ရေယာဉ်ဆိုက်ကပ်ရပ်နားခွန်ကို ဒီဇင်ဘာ ၁ ရက်မှ စတင်၍ တင်ဒါအောင်မြင်သူ ပုဂ္ဂလိကလုပ်ငန်းရှင်မှ ကောက်ခံရာတွင် သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံပါက ဆိပ်ကမ်းအခွန်အခကောက်ခံရေး ကြီးကြပ်မှုကော်မတီသို့ တိုင်ကြားနိုင်သည်ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

ရေယာဉ်ပိုင်ရှင်များက ဆိုက်ကပ်ခွန်များကို သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံနေသည်ဆိုသော ပြောဆိုမှုများအပေါ် တိုင်းဦးစီးမှူးက ပြန်လည်ဖြေရှင်း အသိပေးခြင်းဖြစ်သည်။

“ကျွန်တော်တို့ သတ်မှတ်ပေးထားတဲ့ နှုန်းတွေထက် ပိုကောက်ရင် တိုင်ကြားလို့ ရပါတယ်။ အဲဒီလိုတိုင်လို့ရှိရင် ပထမအကြိမ် ဒုတိယအကြိမ် ခေါ်ယူသတိပေးမယ်။ တတိယအကြိမ်မှာ တင်ဒါအောင်သူကိုလုပ်ကိုင်ခွင့် ပြန်လည်သိမ်းယူမယ်” တိုင်းဦးစီးမှူးဦးဝင်းလှိုင်က ဆိုသည်။

တရားဝင်နှုန်းထားများမှာ အလျား ၄၄ ပေ တစ်ထပ်ရေယာဉ်အား ကျပ် ၁,၀၀၀၊ အလျား ၄၄ ပေ နှစ်ထပ် ရေယာဉ်အတွက် ကျပ် ၁,၅၀၀၊ အလျား ၄၄ ပေ သုံးထပ်ရေယာဉ် တစ်စင်းလျှင် ကျပ် ၂,၀၀၀၊ ပဲ့ထောင် ရေယာဉ်အလျား ၄၄ ပေအထိကို ကျပ် ၁၀၀၊ အလျား ၄၄ ပေအထက် ရေယာဉ်တစ်စင်းလျှင် ကျပ်၁၅၀၊ ကုန်တင်တွဲများအတွက် အလျား ပေ ၁၅၀ ကို ကျပ် ၅၀၀၊ အလျား ပေ ၂၀၀ ကို ကျပ် ၁,၀၀၀၊ အလျား ပေ ၂၀၀ အထက် ကျပ် ၁,၅၀၀ ကောက်ခံရန် တရားဝင် သတ်မှတ်ပေးထားသည်။

ရေယာဉ်ပိုင်ရှင်များကမူ သတ်မှတ်ကောက်ခံသည့် ပမာဏမှာ များလွန်းသည်ဟု မဇ္ဈိမကို ပြောသည်။

“ဆိုက်ကပ်ခွန်ပေးရတာကို ဘာမှ မပြောချင်ဘူး။ အဆင်ပြေတဲ့နှုန်းကိုတော့ သတ်မှတ်ပေးသင့်ပါတယ်။ ကျွန်တော်တို့က တစ်ရက်တည်း ရပ်ရတာမဟုတ်ဘူး။ လချီပြီး ရပ်ထားရတယ်။ ရေကြောင်းပွင့်တဲ့အချိန် လုပ်စားရတာပါ။ နေ့စဉ်ပေးရမှာဆိုတော့ အဆင်ပြေတဲ့နှုန်းပေါ့ဗျာ။ ကောက်တာကို ကန့်ကွက်တာ မဟုတ်ပါဘူး”ဟု ဗန်းမော်-မန္တလေး ပြေးဆွဲနေသည့် ရေယာဉ်ပိုင်ရှင် ဦးဇော်လေးက ပြောသည်။ ခေါက် တိုပြေးဆွဲနေသော ရေယာဉ်ပိုင်ရှင်များကလည်း သတ်မှတ်နှုန်းထား များနေသည်ဟု ယူဆနေကြသည်။

“တစ်စင်းကို ၁,၅၀၀ ကောက်တာက များတယ်ဗျာ။ ကျွန်တော်တို့က ခေါက်တိုသမားတွေ ကပ်တိုင်းပေး ရမယ်ဆို ဘယ်လွယ်မလဲ”ဟု ထုံးကြီး-မန္တလေး ပြေးဆွဲနေသော ဟိန်းဇော်ရေယာဉ်ပိုင်ရှင် ကိုအေးလွင် က မဇ္ဈိမကို ပြောသည်။

ယင်းသို့ သတ်မှတ်နှုန်းထားများကို ပြန်လည်ပြင်ဆင်ပေးရန် ရေယာဉ်ပိုင်ရှင်များက ကြီးကြပ်မှုကော်မတီ သို့ ဒီဇင်ဘာ ၁၀ ရက်တွင် တင်ပြထားကြသည်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကမူ နှုန်းထား များပြားသည်ဟု တင်ပြလာပါက ညှိနှိုင်းပေးမည်ဟု ပြောသည်။

ဆိပ်ကမ်းအခွန်အခ ကောက်ခံရေး ကြီးကြပ်မှုကော်မတီကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးကော်မတီနှင့် ရေအရင်းအမြစ်ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယခင်က ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရေယာဉ်ဆိုက်ကပ်ခွန်များကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ က ကောက်ခံခဲ့ရာ ယခုအခါ လေလံစနစ်ဖြင့် ပုဂ္ဂလိကသို့ ကောက်ခံခွင့်ပေးခဲ့ခြင်းဖြစ်သည်။

No comments: