Thursday, December 19, 2013

မြန်မာ-စင်ကာပူအများပိုင်ကုမ္ပဏီက ကန်ဒေါ်လာ ၈၅ သန်းတန် စက်ရုံလေးရုံ တည်ဆောက်မည်

ရွှေစင်ခိုင်

သကြားစက်ရုံအပါအ၀င် ဆက်စပ် စက်ရုံလေးရုံအား ကန်ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံကာ မြန်မာ-စင်ကာပူ အများပိုင်ကုမ္ပဏီဖြစ်သည့် Kamadhenu Ventures Myanmar Ltd က လာမည့် ဒီဇင်ဘာ ၂၃ ရက်တွင် စတင်အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်း မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံသူဖြစ်သည့် မြန်မာ့သကြား ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ (MSD) မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဌေးက မဇ္ဈိမ သို့ပြောကြားသည်။

Kamadhenu Ventures Myanmar အများပိုင်ကုမ္ပဏီကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကပြီးခဲ့သည့် နိုဝင်ဘာ၂၆ ရက်တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ကာ မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ (MSD)နှင့် စင်ကာပူနိုင်ငံမှ Engenius Investments Limited တို့ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ စကားကုန်းကျေးရွာအုပ်စုတွင် တစ်နေ့လျှင် သကြားတန် ချိန် ၅,၀၀၀ ထုတ်လုပ်နိုင်မည့်သကြားစက်ရုံတစ်ရုံ၊ သကြားစက်ရုံမှ ဘေးထွက်ပစ္စည်းများဖြင့် တစ်ရက် လျှင် ၃၅ကီလိုဂရမ်ထုတ်လုပ်မည့်အီသနောစက်ရုံ၊ တစ်ရက်လျှင် ၃၀-၃၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားထုတ်စက်ရုံ၊ တစ်ရက်လျှင် တန် ၈၀ ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်မြေသြဇာ စက် ရုံစုစုပေါင်း စက်ရုံလေးရုံကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ယင်းကပြောကြားသည်။

ဦးဝင်းဌေးက “စက်ရုံတွေ တည်ဆောက်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာ မဖြစ်အောင်၊ နောက်ဆက်တွဲ ပြဿနာတွေမဖြစ်အောင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး နိုင်ငံခြားက နည်းပညာတွေနဲ့ ကာကွယ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မဇ္ဈိမ သို့ပြောသည်။

Kamadhenu Ventures MyanmarLtd အများပိုင်ကုမ္ပဏီအနေဖြင့် စက်ရုံတည်ဆောက်ရေးလုပ်ငန်း များကို ယခုလအတွင်း စတင်အကောင်အထည်ဖော်နေပြီဖြစ်ပြီး သကြားစက်ရုံကို ၂၀၁၄ ခုနှစ်၊ နှစ်ဆန်း တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ဆောက်လုပ်ရေးကာလ ၁၄ လသတ်မှတ်ထားကြောင်း ယင်းကဆို သည်။

No comments: