ရေခဲ(ပြည်)
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံအနှံ့ မိုင်ပေါင်း သုံးထောင်ကျော်ကို စက်ဘီးစီးကာ ခရီးနှင်လျှက်ရှိသည့် အသက်၇၂နှစ်အရွယ် ဦးလှရွှေသည် ဇီးကုန်းမြို့သို့ ရောက်ရှိပြီဖြစ်သည်။
“စစ်တွေကနေစထွက်လာတာ။ အခုဇီးကုန်းမြို့ရောက်တဲ့အထိ မိုင်နှစ်ထောင်ကျော်သွားပြီ။ ရခိုင်ပြန်ရောက်တဲ့အထိ ခရီးစဉ်မိုင်သုံးထောင်ကျော်ရှိပါတယ်”ဟု ဦးလှရွှေက မဇ္ဈိမကို ပြောသည်။
ဦးလှရွှေက ရခိုင်ပြည်နယ် စစ်တွေမြို့မှ နိုဝင်ဘာ(၇)ရက်နေ့တွင် စတင်ထွက်ခွာလာခဲ့ရာ မင်းဘူး၊ မကွေး၊ နတ်မောက်၊ မြို့သစ်၊ တောင်ညိုမြို့များကို ဖြတ်၍ နိုဝင်ဘာ(၂၆)ရက်တွင် နေပြည်တော်သို့ရောက်ရှိခဲ့သည်။
နေပြည်တော်မှတဆင့် စစ်ကိုင်း၊ မုံရွာ၊ ရေစကြို၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ အောင်လံ၊ ပြည်၊ ရွှေတောင်၊ ပေါင်းတည်မြို့များကိုဖြတ်၍ ဒီဇင်ဘာ(၂၁)ရက်နေ့တွင် ဇီးကုန်းမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဇီးကုန်မှတစ်ဆင့် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တွေ့ဆုံရန် ရန်ကုန်မြို့သို့ ဆက်လက်ခရီးနှင်ဦးမည်ဟု ဦးလှရွှေက ဆိုသည်။
ရန်ကုန်မှတဆင့် မော်လမြိုင်၊ ရေး၊ မြိတ်၊ ထားဝယ်လမ်းကြောင်းအတိုင်း ကော့သောင်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ငသိုင်းချောင်း၊ ဂွလမ်းအတိုင်း ရခိုင်ပြည်နယ်သို့ ပြန်မည်ဖြစ်သည်။
ယင်းကဲ့သို့ စက်ဘီးစီးနင်းကာ ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုသဖြင့် လမ်းတစ်လျောက်တွင် ဆုငွေများ ချီးမြှင့်ကြရာ နှစ်သိန်းရှစ်သောင်းကျပ် ရရှိသည်ဟု ၎င်းကဆိုသည်။
၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ရက်မှ ၂၂ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့တွင် ကျင်းပလျှက်ရှိပြီး မြန်မာနိုင်ငံက ဒုတိယ နေရာတွင်ရပ်တည်လျှက်ရှိသည်။
No comments:
Post a Comment