Wednesday, December 25, 2013

လူထုညီလာခံသို့ တက်ရောက်ရန် ဒေါ်စုအပါအဝင် သမ္မတနှင့် ဦးရွှေမန်းတို့ကို ဖိတ်ကြားထားသော်လည်း အကြောင်းမပြန်သေး

ယုဝေ

ဒီဇင်ဘာ ၂၈ မှ ၃၀ အထိ ကျင်းပမည့် မြန်မာလူထုညီလာခံသို့ တက်ရောက်ရန် ဒီဇင်ဘာလဆန်းပိုင်းကပင် သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားထားသော်လည်း ယနေ့တိုင် အကြောင်းပြန်မှု မရှိသေးဟု ညီလာခံဖြစ်မြောက်ရေး အတွင်းရေးမှူးရုံး၏ တာဝန်ခံ ဦးကျော်လင်းဦးက ဒီဇင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြန်မာလူထုညီလာခံကို ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်တွင် သမ္မတဦးသိန်းစိန်၊ ဒီဇင်ဘာလ ၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဒီဇင်ဘာလ ၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားစာများ အသီးသီး ပေးပို့ခဲ့သည်။

“သမ္မတရုံးနဲ့ လွှတ်တော်ကတော့ ဒီနေ့အကြောင်းပြန်မယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျန်းမာရေး မကောင်းတဲ့အတွက် တက်ရောက်နိုင်ဖို့ကိစ္စက ပြောရခက်ပါတယ်။ သ၀ဏ်လွှာလေးလောက်တော့ ရနိုင်အောင် ကြိုးစားနေပါတယ်”ဟု ညီလာခံဖြစ်မြောက်ရေး အတွင်းရေးမှုးရုံး၏ တာဝန်ခံ ဦးကျော်လင်းဦးက ဆိုသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ လေးပွင့်ဆိုင်တွေ့ဆုံမှုလုပ်ရန် သမ္မတ၊ ဦးရွှေမန်းနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကို ကမ်းလှမ်းခဲ့သော်လည်း စောင့်ဆိုင်းဦးမည်ဟုဆိုသည့်အတွက် မအောင်မြင်ခဲ့ဘဲ ယခုကျင်းပသည့် မြန်မာလူထုညီလာခံသို့ အကြီးအကဲ သုံးဦးစလုံး တက်ရောက်ဖြစ်ပါက သုံးပွင့်ဆိုင်တွေ့ဆုံသည့် ပထမဆုံး အကြိမ်တွေ့ဆုံမှု ဖြစ်မည်ဖြစ်သည်။

ဒီဇင်ဘာ ၂၄ ရက် အထိ စာရင်းဇယားများအရ မြန်မာလူထုညီလာခံသို့တက်ရောက်ရန် စာရင်းပေးထားသည့် လူဦးရေး စုစုပေါင်း ၅၀၀ ကျော်ရှိပြီဖြစ်သည်ဟု မြန်မာလူထုညီလာခံ ဖြစ်မြောက်ရေး ကော်မတီစာရင်းများတွင် တွေ့ရသည်။

မြန်မာလူထု ညီလာခံတွင် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကာ အလုပ်ရုံဆွေးနွေးပွဲ ၁၂ ခုမှ ၁၆ ခု အထိ ပြုလုပ်သွားရန် စီစဉ်ထားသည်။ ညီလာခံတွင် လူ့ အခွင့်အရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အစရှိသည့် ခေါင်းစဉ်များကို အဓိကထား ဆွေးနွေး သွားမည် ဖြစ်သည်။

ယင်းအပြင် ခေါင်းစဉ်လေးခုအောက်တွင် ခေါင်းစဉ်ခွဲများဖြင့် ထပ်မံဆွေးနွေးသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲများမှ ရရှိလာမည့် ရလဒ်များကို အာဆီယံ လူထုဖိုရမ်တွင် တက်ရောက်လာမည့် အာဆီယံ နိုင်ငံများမှ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

မြန်မာလူထုညီလာခံ လုပ်ငန်းအဖွဲ့အား ၂၀၁၁ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး “အာဆီယံလူမှုအဖွဲ့အစည်းများညီလာခံ/အာဆီယံလူထုညီလာခံ” တွင် မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများမှ ပါဝင်ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ မြန်မာ လူထုညီိလာခံအား ကျင်းပခြင်းဖြစ်သည်။

အာဆီယံ လူထုဖိုရမ် ကျင်းပရန်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်း ၆၈ ခုပါဝင်သော မြန်မာလူထု ညီလာခံ လုပ်ငန်းအဖွဲ့ကို သြဂုတ် ၃ ရက် က ဖွဲ့စည်းခဲ့ပြီး ယင်းလုပ်ငန်းအဖွဲ့မှ ကျင်းပရေးအတွက် ကော်မတီ ရှစ်ခုကို သြဂုတ် ၁၉ ရက်တွင် ဖွဲ့စည်းခဲ့သည်။

အာဆီယံ လူထုဖိုရမ်သည် ၂၀၀၅ ခုနှစ်မှစတင်ကာ အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူရသော နိုင်ငံများရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ဦးဆောင် လက်ခံကျင်းပကြပြီး အာဆီယံနိုင်ငံများရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပါဝင်ဆွေးနွေးကာ ဆွေးနွေးပွဲရလာဒ်များကို အာဆီယံနိုင်ငံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ကျင်းပချိန်တွင် ပေးပို့မည် ဖြစ်သည်။

No comments: