Wednesday, December 25, 2013

NCCT နှင့် ၀န်ကြီးဦးအောင်မင်းတို့ ဒီဇင်ဘာကုန် ချင်းမိုင်တွင် တွေ့မည်

ဖနိဒါ

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းတို့ ဒီဇင်ဘာ နောက်ဆုံးပတ် တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘော ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း NCCR အဖွဲ့ဝင် ဗိုလ်မှူး ကြီးခွန်ဥက္ကာက ပြောသည်။

“အလွတ်သဘောပါ။ သူတို့ အလည်အပတ် Holiday လာရင်းနဲ့ထင်တယ် ကြည့်ရတာ။ အနားယူ အပန်း ဖြေလာရင်းနဲ့ အလွတ်သဘော တွေ့ကြမှာပေါ့။ အခု အလုပ်များနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ်ကိုပဲ အချောကိုင်ကြတာ။ အဲဒါကိုပဲ ပြင်လိုက်ပြန်တင်ပြလိုက် လုပ်နေကြတယ်။ အဲဒါကို အ လွတ်သဘော လာညှိတဲ့သဘောနဲ့ တူပါတယ်”ဟု ဆိုသည်။

ဝန်ကြီးဦးအောင်မင်းနှင့်အတူ ၀န်ကြီးဦးခင်ရီ၊ ဗိုလ်ချုပ်မောင်မောင်အုန်း၊ ဒု-ရှေ့နေချုပ်ဦးထွန်းထွန်းဦးတို့ ပါဝင်မည်ဟုသိရပြီး တရားဝင်တွေ့ဆုံခြင်းမဟုတ်သဖြင့် ချင်းမိုင်တွင်ရောက်ရှိနေသူ NCCT အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးမည်ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

ဝန်ကြီးဦးအောင်မင်း ဦးဆောင်ကာ ၀န်ကြီးတချို့နှင့် မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ အဖွဲ့ဝင်များ လည်း သွားရောက်ရန်ရှိသော်လည်း လူစာရင်းများကို ပြင်ဆင်နေဆဲဖြစ်ကြောင်း MPC မှ ဦးလှမောင်ရွှေ က မဇိ္ဈမကို ပြောသည်။

“ကျွန်တော်တို့ တွေ့မယ်လို့ ပြင်ဆင်နေပါတယ်။ ဒီကျနော်တို့ တိုင်းရင်းသားတွေက လေးဝါးဆွေးနွေးပွဲ မတိုင်ခင်မှာ အလွတ်သဘောပါဘဲ။ ငြိမ်းချမ်းရေးရဲ့ သဘောသဘာဝကိုက ညှိနှိုင်းစရာတွေ ရှိနိုင်ပါ တယ်။ ဒါကြောင့် လမကုန်ခင် နှစ်ဖက်ညှိနှိုင်းပြီးတော့ တွေ့ဖို့ ပြင်ဆင်နေဆဲပါဘဲ။ ကျွန်တော်တို့ ၂၉ ရက်မှာ တွေ့ဖို့ ပြင်ဆင်နေတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်ကလည်း ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ၀န်ကြီးဦးအောင် မင်းနှင့် NCCT မှ ကိုယ်စားလှယ်များသည် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်း နှင့်ပတ်သက်၍ ၅၀ ရာခိုင်နှုန်းခန့် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့သည်ဟု NCCT မှ ပဒိုကွယ်ထူးဝင်းက မဇိ္ဈမကို ပြောဆိုထားသည်။

ယခုလ ၁၈၊ ၁၉၊ ၂၀ ရက်များတွင်လည်း NCCT အဖွဲ့ဝင်များက ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုတွေ့ဆုံမှုတွင် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေလေးဝါး(ခေါ်)လောခီးလာစခန်းတွင် တိုင်း ရင်းသားများ၏ ဒုတိယအကြိမ် ညီလာခံကျင်းပရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသော်လည်း ရက်သတ် မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

NCCT ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်က KIO ဌာနချုပ် လိုင်ဇာတွင် ကျင်းပသော တိုင်းရင်းသားများ ၏ ပထမညီလာခံမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ၁၁ ချက်ပါ ဘုံသဘောတူညီချက်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

No comments: