Saturday, March 15, 2014

ABSDF ဒဿမအကြိမ် ညီလာခံ ပိတ်ပွဲကို ဗဟိုဌာနချုပ်တွင် ကျင်းပမည်

အေးမြင့်စန်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ဒဿမအကြိမ် ညီလာခံပိတ်ပွဲ အခမ်းအနားကို ABSDF ဌာနချုပ် တည်ရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အတွင်းရှိ ဒေါင်းတမန် စခန်းတွင် ကျင်းပမည်ဖြစ်သည်ဟု ABSDF မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံက မတ်၁၃တွင် မဇ္ဈိမကို ပြောသည်။

ABSDF ၏ ဒဿမအကြိမ် ညီလာခံကို မတ် ၇ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး ညီလာခံတွင် ဗဟို ကော်မတီဝင်များ ဆွေးနွေးခဲ့သည့် ABSDF ၏ ဖွဲ့စည်းပုံနှင့် ရှေ့လုပ်ငန်းစဉ်များအပြင် တပ်ရင်း၊ တပ်ဖွဲ့များ၏ နိုင်ငံရေးမွမ်းမံ သင်တန်းဆင်းပွဲကိုလည်း ပိတ်ပွဲအခမ်းအနားတွင် ပြုလုပ်သွားမည်ဖြစ်သည်။

ABSDF ၏ မြ၀တီဆက်ဆံရေး ရုံးတာဝန်ခံက “လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်က ABSDF ရဲ့ ရည်ရွယ်ချက် ပန်းတိုင်ဖြစ်တယ်။ လက်နက်ကိုင် တော်လှန်ရေးနဲ့ လူထုလှုပ်ရှားမှု ပေါင်းစပ်အောင်ပွဲခံမယ်။ ABSDF ရဲ့ အပစ်ခတ်ရပ်စဲရေးအပေါ်ထားတဲ့ သဘောထားကို ညီလာခံပိတ်ပွဲ အခမ်းနားမှာ ထုတ်ဖော် ပြောကြားသွားမှာပါ” ဟု ပြောသည်။

ပိတ်ပွဲ အခမ်းအနားသို့ ညီလာခံကိုယ်စားလှယ် ၁၅၀ နှင့် ဗကသ၊ ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး၊ လူ့ဘောင်သစ်ပါတီ၊ နာဂတပ်မတော်၊ ကချင်ဒေသကျောင်းသား တပ်မတော်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်၊ AAPP၊ နိုင်ကျဉ်းဟောင်းများအဖွဲ့တို့ကိုလည်း ဖိတ်ကြား ထားသည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ပိတ်ပွဲအခမ်းအနား၌ ABSDF တပ်ရင်းများ၏ စစ်ရေးပြ အခမ်းအနားလည်း ပါဝင်မည်ဖြစ်သည်။

လက်ရှိတွင် ABSDF ၏ တပ်ရင်း ကိုးခုရှိနေပြီး ဘုရားသုံးဆူ၊ တောင်ငူနယ်စပ်၊ လွိုင်ကော်၊ မော်လမြိုင်နှင့် KNU တပ်မဟာ ၆နယ်မြေ အစရှိသည့် နေရာများတွင် တပ်ရင်းများ ထားရှိသည်။

ABSDF သည် ပထမဦးဆုံးအနေဖြင့် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစိုးရနှင့် သဘောတူညီမှုရယူကာ မြန်မာပြည်တွင်းသို့ ပထမဦးဆုံးအကြိမ်အဖြစ် လေ့လာခွင့် ရခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

No comments: