Saturday, March 15, 2014

မင်္ဂလာဈေးအနီး တည်းခိုခန်းတွင် ဘိန်းဖြူ အကြောထဲ ထိုးသွင်းသည်ဟု ယူဆရသူ တစ်ဦးသေဆုံး

ဇော်ဇော်ထွေး

မင်္ဂလာဈေးဝင်းအတွင်းရှိ တည်းခိုခန်းတစ်ခုတွင် ဘိန်းဖြူအကြောထဲထိုးသွင်းသည်ဟု ယူဆရသူ တစ်ဦး သေဆုံးနေမှု တစ်ခုကို မတ်လ ၁၁ ရက်တွင် မြို့နယ်ရဲခစန်းက အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီ ၁၂ တွင် သတင်းထုတ်ပြန်သည်။

ယင်းနေ့ နံနက် ၁၁ နာရီက သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်းအတွင်းရှိ တည်းခိုခန်းတစ်ခုတွင် လူတစ်ဦး သေဆုံးသည်ဟု သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။

သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာ၊ ၅၆ ဘလောက်၊ (၁၅)လမ်းတွင် နေထိုင်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးယူဆထားသည်။

၎င်းသည် တည်းခိုခန်းအတွင်း ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် နှာခေါင်းမှ အမြုပ်များ ထွက်၍ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုသည်။

၎င်း၏ ဝဲဘက်လက်ခုံတွင် ဆေးထိုးအပ်အရာများ တွေ့ရှိရကာ အနီးတွင် အနီရောင်အဖုံးပိတ်လျက် အကြည်ရောင် ပလပ်စတစ်ဘူးငယ်အတွင်း ဘိန်းဖြူမှုန့်ဟု ယူဆရသည့် အဖြူမှုန့် (၀ ဒဿမ ၀၂) ဂရမ်ကိုလည်း တွေ့ရှိခဲ့သည်။

ထို့ပြင် ၁ စီစီ ဆေးထိုးအပ် အိတ်ခွံ(၂)ခု၊ အကြည်ရောင် ပလပ်စတစ်ဗူးခွံ အသေး (၅)ဗူး၊ ကျွဲရိုင်းပုလင်းများနှင့် သုံးပြီးသာ ဂွမ်းစတို့ကိုလည်း တွေ့ရှိထားသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

သေဆုံးသူ အလောင်းအတွင် အခြား ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် ဆေးရုံသို့ ရင်ခွဲစစ်ဆေးပေးရန် ပို့အပ်ရာ ပီအာရ် ၀၅၀ ဖြင့် လက်ခံထားသည်။

ယင်းသေဆုံးမှုကို ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးပေးရန် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်သန်းဝင်းက တရားလိုပြုလုပ် တိုင်တန်းထားသည်။ ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ဒုရဲမှူးသန်းဦး က စစ်ဆေးဖော်ထုတ်လျက်ရှိသည်။

No comments: