Wednesday, March 19, 2014

မွေးမြူသူနည်း၍ ကြက်သားဈေး ထက်ဝက်နီးပါးမြင့်တက်

မို့မို့သန္တာ

ကြက်မွေးမြူရေးလုပ်ကိုင်သူ လျော့နည်းလာကာ ကြက်သားစားသုံးမှုပမာဏ လိုအပ်ချက်များနေသဖြင့် ယခုတစ်ပတ်အတွင်း ပြည်တွင်းကြက်သားဈေးနှုန်းများ ထက်ဝက်နီးပါးအထိ မြင့်တက်လာလျက်ရှိသည် ဟု မွေးမြူရေးလုပ်ငန်းရှင်များက မဇ်္ဈိမသို့ ပြောသည်။

၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အရှုံးပေါ်ခဲ့သည့် အခြေခံကာ ယခု နှစ်တွင် ကြက်မွေးမြူရေး လုပ်ကိုင်သူ လျော့နည်းသွားခြင်းကြောင့် ယင်းသို့ ကြက်သားစားသုံးမှု လိုအပ် ချက် ကြီးမြင့်လာခြင်းဖြစ်သည်ဟု ယင်းတို့က မတ်လ ၁၇ ရက်တွင် ပြောသည်။

နေပြည်တော်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဘသန်းက “ကြက်တွေ အရင်နှစ်က အသေအပျောက်များတော့ ဒီနှစ်မှာ လျှော့ပြီးမွေးကြတယ်။ အခုလိုဈေးတက်ပြီး မြတ်မဲ့အချိန်ကျတော့ ရောင်းစရာ ကြက်သားက မရှိဘူး ဖြစ်နေတာပေါ့။ ဒီနှစ်မှာ ခြံဖမ်းဈေးတင် တော်တော်လေးတက်လာတယ်”ဟု ပြော သည်။

၂၀၁၃ ခုနှစ် မတ်လအတွင်းပိုင်းတွင် ကြက်သားဈေးနှုန်းများသည် ကုန်ကြမ်း (ခြံဖမ်းဈေး) တစ်ပိဿာ လျှင် ကျပ်၂၉၀၀ ဈေးနှုန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် တစ်ပိသာလျှင် (ခြံဖမ်းဈေး) ကျပ် ၄၀၀၀ ဈေးအထိဈေးရှိ နေခြင်းဖြစ်သည်ဟု ကြက်မွေးရေးလုပ်ငန်းရှင်များက ပြောသည်။

ထို့အတူ ကြက်မွေးမြူရေးရာတွင် အသုံးပြုသည့် အစာဈေးနှုန်းကြီးမြင့်နေခြင်းကလဲ မွေးမြူရေးလုပ်ငန်းရှင် များအတွက် အခက်အခဲတစ်ရပ်ဖြစ်နေကာ မွေးမြူသူဦးရေ လျှော့ကျလာခြင်းဖြစ်သည်ဟု ဆက်လက် ပြောသည်။

ကယားပြည်နယ်မှ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်ကိုသန်းက “ခြံဖမ်းဈေးတွေလဲတက်တယ်။ ဈေးကွက် ထဲမှာရှားလာတော့ ခြံဖမ်းဈေးတွေကိုလဲ မြင့်ပြီး ၀ယ်လာကြတယ်။ မွေးမြူသူတွေကတော့ ဈေးကောင်းရ ရင် ရောင်းရတာဘဲ”ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ လက်လီဈေးများ၌ ကြက်သားတစ်ပိဿာလျှင် ကျပ် ၇,၀၀၀ အထိ ဈေးရှိနေခြင်းဖြစ် သည်။

No comments: