Wednesday, March 19, 2014

မောင်တောအောင်ဗလဆရာတော် ဈာပနပွဲတော်ကြီးကို မတ်လ ၂၂နေ့တွင် စည်းကား သိုက်မြိုက်စွာ ကျင်းပမည်

မင်းဆက်ခိုင်

ပျံလွန်တော်မူသွားခဲ့သော မောင်တောမြို့နယ် အောင်ဗလ ဆရာတော်ကြီး၏ ဈာပနပွဲတော်ကြီးကို မတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ သုံးရက်တိုင်တိုင် အထူး စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါဈာပနပွဲတော်ကို မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု အောင်ဗလရွာတွင် ပြုလုပ်မည် ဖြစ်သည်။

“ဆရာတော်ရဲ့ ဈာပနပွဲတော်ကြီးကို ရခိုင်ရိုးရာ အစဉ်အလာအတိုင်း ဒုံးပွဲ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ ရခိုင်ရိုးရာ ကတလား (ရခိုင်အခေါ်အဝေါ်) ပြိုင်ပွဲတွေပါဝင်ပါမယ်။ ပြီးတော့ ဇာတ်ပွဲ၊ ယိမ်းအကပဒေသာ ပွဲတွေ၊ နောက် ဆွမ်းကျွေးအလှူတွေနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်” ဟု ကျင်းပရေး ကော်မတီဝင် တစ်ဦးက ပြောသည်။

လုံခြုံရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများကို နေရာချထားပေးရန် စီစဉ်ထားကြောင်း အဆိုပါ ကော်မတီဝင်က ပြောသည်။

ဈာပနပွဲတော်တွင် ညပွဲများပါဝင်သောကြောင့် ဒေသလုံခြုံရေးအပေါ် စိုးရိမ်မှုရှိကြသော်လည်း တပ်မတော်မှ လုံခြုံရေးကို ကူညီထမ်းဆောင်ပေးမည်ဆိုသဖြင့် ၀မ်းသာကြောင်း မောင်တောမြို့ မြို့မ အနောက် ရပ်ကွက်မှ ဒေသခံ အမျိုးသမီးတဦးကပြောသည်။

“စိုးရိမ်စိတ်က တော့ ရှိတာပေါ့။ ညပွဲတွေပါတယ်ဆိုတော့လေ။ ဒီမောင်တောဒေသ အခြေနေကိုလည်း အားလုံး သိတဲ့အတိုင်းပါပဲ။ ပြဿနာက တခုမဟုတ် တခု ဖြစ်နေတဲ့ နေရာဆိုတော့ အဲလိုပဲ စိုးရိမ်မိပါတယ်။ ဒါပေမယ့်လည်း အခု တပ်ကနေ လုံခြုံရေးကို တာဝန်ယူပေးမယ်ဆိုတော့ သတင်းကောင်းဖြစ်တဲ့ အတွက် ၀မ်းသာမိပါတယ်” ဟု ၎င်းက ဆိုသည်။

ဆရာတော်ကြီး ဘဒ္ဒန္တ ပညိန္ဒြိယသည် ၂၀၁၃ စက်တင်္ဘာလ ၂၅ရက်နေ့က မောင်တောမြို့ အောင်ဗလကျောင်းတွင် ရုတ်တရက် ပျံလွန်တော်မူခဲ့ပြီး ပျံလွန်ချိန်တွင် သက်တော် (၇၆) နှစ်၊ ၀ါတော် (၅၆) ၀ါရှိပြီ ဖြစ်သည်။

အောင်ဗလ ဆရာတော်ကြီးကို ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကျွဲရိုင်းချောင်းကျေးရွာတွင် ရခိုင်သက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ဆရာတော်ကြီး၏ ဖခမည်းတော်မှာ ဦးရွှေသာကျော်နှင့် မယ်တော်မှာ ဒေါ်မိုးစိန်ဦး ဖြစ်ကြောင်း သိရှိသည်။

ဆရာတော်ကြီးသည် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် ဘာသာရေး၊ သာသနာရေး၊ လူမူရေး ကိစ္စရပ်များကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နေသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်သာမက ဘင်္ဂလာဒေခ်ျ့ရှိ ဗုဒ္ဓဘာသာဝင်များ အတွက်လည်း နိုင်သည့်ဘက်က တာဝန် ထမ်းရွက်နေသော ဆရာတော် တစ်ပါး ဖြစ်သည်။

ဆရာတော် အပေါ် ဒေသခံ ပြည်သူများသာမက အနယ်နယ်အရပ်ရပ်က ရောက်ရှိလာကြသော အစိုးရ အရာရှိကြီးများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၏ အထူး ရိုသေလေးစားမူကိုလည်း ခံရသော ဆရာတော်ကြီး တစ်ပါးဖြစ်သည်။

No comments: