Wednesday, March 19, 2014

ပုသိမ် အမှတ်(၁) ဗောတံတား ဆိုင်ခန်းများ မတ်လကုန် ဖျက်သိမ်းရန် ညွှန်ကြား

စည်သူမောင်မောင်

ပုသိမ်မြို့၊ အမှတ်(၁) ဗောတံတားမှ ငွေဆောင်ဇက်ဆိပ်အထိ ဆိပ်ခံဘောတံတား(၂) စင်းနှင့် အဆင့်မြင့် ကုန်စည်ဒိုင် ဆောက်လုပ်ရန် ပုသိမ်မြို့ ၊ အမှတ်(၁)ဆိပ်ခံဗောတံတားမှ ဆိုင်ခန်း(၁၁)ခန်းကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က မတ်လ(၃၁)ရက် နောက်ဆုံးထား ဖျက်သိမ်းရန် မတ်လ(၁၄)ရက်က ဆိုင်ရှင်များကို အကြောင်းကြားထားသည်။

"ဆိုင်ခန်းတွေကို အခိုင်အမာဆောက်ခိုင်းထားတာလည်း ဆိပ်ကမ်းကပါပဲ။ အဆင့်မြှင့်ဆောက်မယ်ဆိုလည်း ကျွန်တော်တို့နဲ့ တိုင်ပင်သင့်တယ်လေ။ နိုင်ငံတော် အကျိုးပြုလုပ်ငန်းဆို လက်ခံပါတယ်။ ပိုက်ဆံပိုပေးတဲ့သူ ပေးတာပါ။ လစာပေးလုပ်လာတာကြာပါပြီ။ ခုအဆောက်အအုံကို ဖျက်ယူရင်ယူ၊ သူတို့ ဖျက်ရရင် သူတို့ကိုဖျက်ခပေးရမယ်တဲ့။ ကျွန်တော်တို့ ဖျက်မပေးနိုင်ဘူး။ လာညှိနှိုင်းတာလည်းမရှိဘူး။ လိုအပ်ရင် လမ်းပေါ်တက် ဆန္ဒဖော်ထုတ်မယ်” ဟု သဲကျောက်ဆိုင်ခန်းပိုင်ရှင် ဦးဝင်းထွန်းကပြောသည်။

ယင်းဆိုင်ခန်းများကို တစ်နှစ်တစ်ခါစာချုပ်ဖြင့် ငှားရမ်းခဲ့ပြီး ၂၀၁၃ခုနှစ်တွင် စာချုပ်ချုပ်ဆိုခြင်း မရှိတော့ဘဲ ၂၀၁၃ခုနှစ်မေလတွင် ဧရာဝတီတိုင်း ဒေသကြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အဆောက်အအုံ ခိုင်ခိုင်မာမာမဆောက်လုပ်ရန် စာထုတ်ပြီး ညွှန်ကြားထားခဲ့သည်။ အဆင့်မြင့် ကုန်စည်ဒိုင်ဆောက်လုပ်ရန် Myanmar Irrawaddy Development Public Company Limited(MIDP Co.Ltd) အများပိုင်က တာဝန်ယူဆောက်လုပ်ခွင့်ရထားခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ဒီနေရာကဖယ်ရင် ကျွန်တော်တို့နဲ့ မှီခိုသူတွေဘဝပျက်စီးသွားမှာ။ ကျွန်တော်တို့ သူတို့လို အဆင့်မြင့်ဆောက်ပေးဆိုလည်း ဆောက်ပေးမယ်။ အမှတ်(၁)ဆိပ်ကမ်းရုံးလေးကို ကျွန်တော်တို့ပဲ ဆောက်ပေးခဲ့တာ။ အရင်ဖြစ်သလိုကနေ သူတို့ခွင့်ပြုလို့ အဆောက်အအုံတွေဆောက်တာ” ဟုဦးပြုံးချိုအောင်က ရှင်းပြသည်။

“သူတို့ က မြေပိုင်ရှင်မဟုတ်ဘူး။ မြေပိုင်ရှင်က ဆိပ်ကမ်းအာဏာပိုင်။ သူတို့ကို ဆိပ်ကမ်းအာဏာပိုင်က လျှော်ကြေးပေးစရာမလိုဘူး။ ငှားထားတာလေ။ မတ်လ(၃၁)ရက် နောက်ဆုံးထားဖယ်ခိုင်းထားတယ်။ မဖယ်ရင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားမှာပါ။ ဆိပ်ကမ်းအာဏာပိုင်က ငှားထားတာ(၁၁)ဦးပဲရှိတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တိုင်းအရာရှိ ဦးကိုကိုနိုင်ကပြောသည်။

ပုသိမ်ဆိပ်ကမ်းမြေကို အများပြည်သူအကျိုးအတွက် အသုံးပြုရန်လိုအပ်လာလျှင်ဖြစ်စေ၊ အာဏာပိုင်အဖွဲ့အစည်းနှင့် ဝန်ကြီးဌာန၏ ညွှန်ကြားချက် အရ ဖြစ်စေ မြေ၊ အဆောက်အအုံ၊ ဂိုဒေါင်တို့ကို ငှားရမ်းရန်မသင့်တော်ဟု ယူဆခဲ့လျှင် လျှော်ကြေးငွေမတောင်းခံဘဲ ပြန်အပ်နှံပါမည်ဟု စာချုပ်တွင်ချုပ်ဆိုထားကြောင်း၊ ၂၀၁၃ခုနှစ် မေလတွင် ဆိုင်ခန်းပိုင်ရှင်များကို သတိပေးထားကြောင်း၊ နောက်ထပ်မည်သည့် အဆောက်အအုံမှ ထပ်မဆောက်ရန် ညွှန်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး နဝမအကြိမ် လွှတ်တော်အစည်းအဝေးတွင် လပွတ္တာမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဇော်ဝင်းတင်သွင်းသည့် “တိုင်းဒေသကြီး အတွင်း လုပ်ငန်းများနှင့်စီမံကိန်းများ အကောင်အထည်မဖော်မီ ဒေသခံပြည်သူများနှင့် ကြိုတင်သဘောတူညီမှု ရယူဆောင်ရွက်ရေး ” အဆိုကို ဆက်လက် မဆွေးနွေးရန် တိုင်းဒေသကြီးလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။

No comments: