Wednesday, March 19, 2014

ပေါက်တောနာရေးကူညီမူ အသင်းသို့ အဆောက်အဦးမြေနေရာနှင့် နိဗ္ဗာန်ယာဉ်များလှူဒါန်း

လင်းမြတ် (ပေါက်တော)

ရခိုင်ပြည်နယ် ပေါက်တောမြို့လုံးဆိုင်ရာ နာရေးကူညီမှုအသင်းသို့ စေတနာထက်သန်သူ အလှူရှင်များက အဆောက်အဦး ဆောက်လုပ်ရန် မြေနေရာနှင့် နိဗ္ဗာန်ယာဉ်များကို လှူဒါန်းခဲ့ကြသည်ဟု သတင်းရရှိသည်။

ကားဂိုဒေါင်နှင့် အသင်းရုံး တည်ဆောက်မည့် မြေနေရာအား စစ်တွေမြို့ အာရှတံခွန် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးကျော်ဝင်းချေမှ လှူဒါန်းခဲ့ကြောင်း သိရသည်။

၎င်းမြေနေရာမှာ ပေါက်တောမြို့ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံတို့နှင့် တစ်စပ်တည်း တည်ရှိသည့် မြေနေရာ ဖြစ်ပြီး တန်ဖိုး သိန်းရာချီ ရှိကြောင်း သိရသည်။

နာရေးကူညီမှုအသင်း နာရေးကူညီမူ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ဦးလှစောအောင်(ကွယ်လွန်) ဇနီး ဒေါ်ကျော့မြဦး မိသားစု (ရန်ကုန်) စူပါကာစတင်(High Ace)တစ်စီးလှူဒါန်းခဲ့ပြီး ဆရာ ဦးစံမောင်နှင့် ဇနီး ဒေါ်ခင်မြတ်ဥာဏ် (စံပြမိသားစု – စစ်တွေ)ကနိဗ္ဗ္ဗ္ဗ္ဗာန်ယာဉ် (သုံးဘီးဆိုင်ကယ်) လှူဒါန်းခဲ့သည်ဟု သိရသည်။

ယခုအခါ ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှု အသင်းမှ အသင်းရုံးခန်းနှင့် နိဗ္ဗာန်ယာဉ်များ ထားရှိသည့် အခန်းဂိုဒေါင်(၂)ခုတို့ကို ပူးတွဲတည်ဆောက်နေသည်ဟု အသင်း ကော်မတီဝင် လူကြီး တစ်ဦးဖြစ်သူ ဦးမောင်ကျော်ဝင်းက နိရဉ္စရာကို ပြောသည်။

၎င်းအဆောက်အဦးမှာ အလျား (၄၅)ပေ၊ အနံ(၂၅)ပေ၊အမြင့်(၁၁)ပေ အသီးသီးရှိပြီး သွပ်မိုး၊အုတ်စီ အဆောက်အဦးဖြစ်ကြောင်း၊ ပျည်းကတိုး ခြံစည်းရိုးတိုင်များဖြင့်လည်း ယခုအခါ သံဆူးကြိုး ကာရံနေကြောင်း သူက ဆက်လက် ပြောဆိုသည်။

ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ ရုံးအဆောက်အဦး၊ ကားဂိုဒေါင်နှင့် လမ်းဖောက် လုပ်ခြင်း လုပ်ငန်းများမှာ (၉၅) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ယင်းက ထပ်မံ ပြောဆိုသည်။

ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေး ကူညီမူ အသင်းအနေဖြင့် ယခုအခါ ပေ(၁၅၀၀)ရှည်သော ကျောက်ချောလမ်း တစ်ခုကို ဖေါက်လုပ်နေပြီး ကျပ် (၄) သိန်း တန်ဖိုးရှိ အုတ်တံတားငယ်(၂)ခုနှင့် ကျပ်(၃)သိန်းခွဲ တန်ဖိုးရှိ အုတ်တံတား (၂)ခု အပါအ၀င် ကျောက်ချောလမ်းကို စုစုပေါင်း ငွေကျပ်သိန်း (၂၀၀)ကုန်ကျခံကာ ဖေါက်လုပ်နေသည်ဟု ဆိုသည်။

“ဒီလိုပြီးစီးနေတာကို တွေ့ရလို့ ကျွန်တော်တို့ သိပ်ကို ၀မ်းမြောက်ပါတယ်။ အခု ဖောက်ထားတဲ့ လမ်းဟာ နာရေး တစ်ခုတည်းအတွက် မဟုတ်ဘဲ ပေါက်တောမြို့က လူတွေနေ့စဉ်ဘ၀မှာ ပုံမှန်သွားလာမယ့် လမ်းတစ်ခုဖြစ်တဲ့ အတွက် တန်ဖိုးရှိပါတယ် ’’ ဟု ပေါက်တောမြို့ ပန်းသီးရပ်ကွက်နေ လူကြီးတစ်ဦးမှ ပြောသည်။

“ယခုပြီးသွားတဲ့ လုပ်ငန်းတွေလည်ပတ်ဖို့အတွက် ကျွန်တော်တို့ အသင်းတည်ထောက်စဉ်က ပါဝင်ကြတဲ့ အသင်းဝင်(၅၀)ဆီက မတည်ခဲ့တဲ့ ရန်ပုံငွေတွေနဲ့ အဓိက ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်၊ ကျန်ရှိနေတဲ့ လုပ်ငန်းတွေပြီးမြောက်ဖို့ အတွက်ကတော့ ငွေကျပ် သိန်းတစ်ရာလောက် အနည်းဆုံး လိုအပ်နေပါတယ်။ ဒါကြောင့် လှူဒါန်းလိုတဲ့ ပြည်တွင်း၊ပြည်ပက အလှူရှင်တွေကို တစ်ဦး တစ်ယောက်တည်းက ဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ ဆက်သွယ် လှူဒါန်းကြဖို့ ဖိတ်ခေါ်ပါတယ်’’ ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်း၊ပြည်ပ အလှူရှင်များအနေဖြင့် နာရေးကူညီမှုအသင်းမှကော်မတီဝင်များဖြစ်ကြသည့်၁။ဦးမောင်ကျော်ဝင်း (ဖုန်း-09421746257) ၂။ဦးကျော်ဝင်ကြီး(ဖုန်း-09421714920) ၃။ ဦးအောင်မြင့်(ဖုန်း-09421756222) ၄။ ဦးကျော်ဝင်း(ဖုန်း-09421746242) တို့ထံ မှ တဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ လှူဒါန်း ကူညီမူများကြောင့် ဘုန်းကြီးပင့်၊ လူနာတင်ခြင်းနှင့် အသုဘပို့ လုပ်ငန်းများကို ယခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့က စပြီး အဆင်ပြေချော့မွေစွာဖြင့် စတင် လုပ်ကိုင်လာနိုင်ပြီ ဖြစ်ကြောင်း သတင်းများ ရရှိသည်။

No comments: