Wednesday, March 19, 2014

ရခိုင်ပြည်နယ်ခရီးစဉ်၏ နောက်ဆုံးမြို့အဖြစ် သံတွဲတွင် ဦးဝီရသူ တရားဟောမည်

ကေဇူး

ရခိုင်ခရီးစဉ် နောက်ဆုံးမြို့အဖြစ် သံတွဲတွင် မျိုးစောင့်တရားဟောမည်ဟု ဦးဝီရသူက မတ် ၁၇ ရက်တွင် မဇ္ဈိမကို မိန့်သည်။

ဦးဝီရသူသည် မတ်လ ၁၇ ရက်တွင် မြေပုံမြို့မှ တဆင့် သံတွဲမြို့သို့ ရောက်ရှိပြီး သံတွဲတွင် မတ် ၂၀ ရက်၌ မျိုးစောင့်တရားဟောမည်ဟု ဦးဝီရသူကမိန့်သည်။

“ပဋိပက္ခဖြစ်ကတည်းက သံတွဲကို ကြွမယ့်စိတ်ကူးရှိတယ်။ မရောက်ဖြစ်ခဲ့တာပေါ့။ အခုရောက်လာတော့ ဖြစ်နေတဲ့ကိစ္စတွေမှာ ဘုန်းကြီးက ဘုန်းကြီးအလုပ်ဖြစ်တဲ့ တရားဟောတဲ့အလုပ်လုပ်ရမှာပေါ့” ဟု ဦးဝီရသူက မဇ္ဈိမကို မိန့်သည်။

ရခိုင်ခရီးစဉ်နှင့်ပတ်သက်ပြီး ဦးဝီရသူက “ရခိုင်ခရီးမှာ ဆန္ဒထုတ်ဖော်တာတွေနဲ့ကြုံတယ်။ အင်မတန် ချီးကျူးစရာကောင်းတဲ့ စည်းလုံးမှုကိုတွေ့ရတယ်။ အစိုးရက ပြည်သူတွေရဲ့ဆန္ဒကို အလေးထားစေချင်တယ်”ဟု မဇ္ဈိမသို့ မိန့်သည်။

ဦးဝီရသူသည် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသအားလုံးကို ရောက်ရှိပြီး ရခိုင်ဒုက္ခသည်စခန်းများသို့ ကူညီမှုများပြုလုပ်ခဲ့ပြီး ယင်းဒေသများတွင် အမျိုးဘာသာစောင့်ရှောက်ရေးတရားများ ဟောကြားခဲ့သေးသည်။

သံတွဲမြို့သည် ၂၀၁၃ ဇွန်လ အတွင်းက ဘာသာမတူသည့် လူမျိုးစုနှစ်ခု ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးခဲ့သည်။

လက်ရှိတွင် ယင်းမြို့တွင် အစ္စလာမ်ဘာသာဝင်များနှင့် ရခိုင်ဒေသခံတို့၏ ဆက်ဆံရေးပြတ်တောက်လု အခြေအနေရှိသည်ဟု သံတွဲမြို့ ဒွါရာဝတီဈေးမှ ဦးဌေးအောင် က မဇ္ဈိမကိုပြောသည်။

“ဈေးထဲမှာ အစ္စလာမ်ဘာသာဝင်တွေဘက်က ဆိုင်ခန်းတွေကို ပိတ်ထားတုန်းရှိသေးတယ်။ ခုချိန်မှာတော့ ငြိမ်းချမ်းလိုတဲ့တရားပဲနာချင်တယ်” ဟု ဦးဌေးအောင်ကပြောသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ခဲ့သည့် သံတွဲပဋိပက္ခတွင် နှစ်ဖက်အဖွဲ့အစည်းမှ လူခုနစ်ဦး သေဆုံးခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၁၂ စု မီးလောင်ခဲ့ကာ လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

လက်ရှိတွင် သံတွဲမြို့ ပဋိပက္ခဖြစ်စဉ် နှင့်စပ်လျဉ်း၍ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး ဒီဇင်ဘာ ၃၀ ရက်တွက် သုံးနာရီလျှော့ချခဲ့သည်။

No comments: