Monday, March 10, 2014

အလုပ်သမားခေါင်းဆောင်များကို ဥပဒေမဲ့ အလုပ်ဖြုတ်မှုများ ရပ်တန့်ရန် ဆန္ဒပြ

နန်းမြင့်

ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံနှင့် တရားရုံးကြားတွင်အလုပ်သမား အခွင့်အရေး ဆုံးရှုံးခံရသူများဟုဆိုကာ လူအင်အား၂၀၀ ခန့်က မတ်လ ၉ ရက် နံနက် ၉ နာရီက ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါအလုပ်သမားများ ဆန္ဒဖော်ထုတ်ခြင်းမှာ အလုပ်သမားခေါင်းဆောင်များ ဥပဒေမဲ့ အလုပ်ဖြုတ်မှု ရပ်တန့်ရေး၊ အလုပ်သမား အဖွဲ့အစည်းဖြိုခွဲမှု ရပ်တန့်ရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေပြဌာန်းရေးနှင့် အလုပ်သမားသမားရုံး အမြန်ဆုံးပေါ်ပေါက်ရေးအတွက် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ယာယီ)၏ ဥက္ကဋ္ဌ ဦးအောင်လင်းက “အလုပ်ရှင် အလုပ်သမား ညီညွတ်မျှတရေး အတွက် အလုပ်သမားတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့အချိန်ရောက်ပြီလို့ ပြောချင်တယ်” ဟု ဆိုသည်။

ယင်းဆန္ဒဖော်ထုတ်ရာတွင် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မန္တလေးမြို့မှ အလုပ်သမားအခွင့်အရေး ဆုံးရှုံးသူများ၊ အလုပ်ဖြုတ်ခံခဲ့ရသည့် အလုပ်သမားဟောင်းများ၊ အလုပ်သမား ခေါင်းဆောင်များ ပါဝင်ကြသည်။

တရားလွတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက “အလုပ်သမားတရားရုံး ပေါ်ပေါက်ဖို့လိုပြီ။ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာလည်း လိုအပ်ရင်အလုပ်သမားတရားရုံးတွေ တည်ထောင်ပေးရမယ်လို့ ပါရှိတယ်” ဟု ထောက်ပြသည်။

လက်ရှိတွင် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရန် ကြိုးပမ်းနေစဉ် ခေါင်းဆောင်လှုပ်ရှားသူများ အလုပ်ထုတ်ခံရသည့် အဖွဲ့အစည်းမဖွဲ့ဖြစ်သည့် အဖြစ်အပျက် ၅ ခု၊ သမဂ္ဂဖွဲ့စည်းပြီးမှ အလုပ်ထုတ်ခံရသည့် အဖွဲ့ ၇ ခုနှင့် သမဂ္ဂတစ်ခုလုံးကို အလုပ်မှ ထုတ်ပယ်လိုက်သည့် အဖြစ်အပျက် ၁၅ ခုရှိကာ အလုပ်သမားသမဂ္ဂများဖြိုခွဲခံရမှု စုစုပေါင်း ၃၀ ကျော်ဖြစ်ပေါ်ခဲ့သည်ဟု ဒဂုံဆိပ်ကမ်းအလုပ်သမားသမဂ္ဂက အင်အားစုများအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ အဖွဲ့(ယာယီ)၏ ကောက်ယူ ထားသော စစ်တမ်းများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်းက လုပ်ခလစာနည်းပါးမှုကြောင့် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှု ၄၁ မှု ရှိပြီး မြို့နယ်အဆင့် တွင်မူ အမှု ၁၀၀၀ ဖြစ်ပွားခဲ့သည်ဟု အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ၏ စားရင်းများတွင်ဖော်ပြ ထားသည်။

No comments: