Friday, March 14, 2014

ခြင်ထောင်ထဲ ဆေးလိပ်သောက်သဖြင့်မီးလောင်

ဇော်ဇော်ထွေး

ခြင်ထောင်ထဲတွင် ဆေးလိပ်သောက်သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဆေးလိပ်သောက်ခဲ့သူ ကို မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်နယ်မြေရဲ စခန်းက မတ်လ ၁၀ ရက် တွင် အမှုဖွင့် အရေးယူ ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အမှုမှာ မြောက်ဒဂုံ (၅၁) ရပ်ကွက်၊ မြဝတီမင်းကြီး (၁)လမ်းနေ ဦးစောလွင် ၆၂ နှစ်သည် မီးလောင်ဒဏ်ရာများဖြင့်မြောက်ဥက္ကလာ ဆေးရုံသို့ ရောက်ရှိနေသည်ဟု ည ၈ နာရီသတင်းအရ ထားဝယ်ချောင် နယ်မြေရဲစခန်းက တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့သည်။

ထို့နောက် စစ်ဆေးရာ ညနေ ၅ နာရီခွဲအချိန်က ဦးစောလွင်သည် နေအိမ်ခြင်ထောင်ထဲတွင် ဆေးလိပ်သောက်ရန် မီးခြစ်စဉ် ခြင်ထောင်အား မီးစွဲလောင်ခဲ့ခြင်း ဖြစ်သည်ဟု ရဲထံတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် ခန္ဓာကိုယ်ဝဲလက်မောင်း၊ ဝဲဘက်ခန္ဓာကိုယ်၊ ကျောတို့တွင် မီးလောင် ဒဏ်ရာများ ရရှိပြီး ဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ) ဖြင့် ကုသခဲ့ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ပြင် ခြင်ထောင်တစ်လုံး တန်ဖိုး (၃ဝဝဝ)ခန့် ဆုံးရှုးခဲ့သည့်အတွက် ဦးစောလွင်အား မီးပေါ့ဆစွာသုံးစွဲသူ အဖြစ် ရေးယူပေးရန် ရဲအုပ် ဝင်းညွန့်က အမှုဖွင့် တိုင်တန်းလိုက်သည်။

ယင်းတိုင်တန်းမှုကို ထားဝယ်ချောင်နယ်မြေရဲစခန်းက (ပ)၁၂၃/၂ဝ၁၄ ဖြင့်အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၂၈၅/၃၃၇ တို့ဖြင့် အရေးယူရန် တရားစွဲတင်ပို့သွားမည် ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

No comments: