Friday, March 14, 2014

ရခိုင်ပြည်က ရိုဟင်ဂျာတွေ ဆေးဝါး ကုသမှု အခက်အခဲ ဖြစ်လို့ဆို

ABC

မြန်မာနိုင်ငံ ​ရခိုင်ပြည်နယ်မှာ ​နယ်စည်းမခြားဆရာဝန်များအဖွဲ့ ​MSF ​အနေနဲ့ ​ကျန်းမာရေး ​ဝန်ဆောင်မှု ​လုပ်ငန်းတွေ ​မလုပ်ကိုင်နိုင်တော့တဲ့အတွက် ​လူနာတွေ ​ဒုက္ခရောက်နေကြတယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​ဖေဖော်ဝါရီလ ​တုန်းကပဲ ​MSF ​အဖွဲ့ ​အနေနဲ့ ​ရခိုင် ​ဗုဒ္ဓ ​ဘာသာ ​ဝင်တွေနဲ့ ​မွတ် ​စလင် ​တွေအပေါ် ​ဆေးကုသမှု ​ပေးရာမှာ ​ခွဲခြားမှုတွေ ​လုပ်တဲ့ ​အကြောင်း၊ ​ဒုချီရာတန် ​ကျေးရွာ ​ပဋိပက္ခ ​အတွင်း ​သတင်းမှားတွေ ​ပြောဆို ​ခဲ့တယ် ​ဆိုပြီး ​မြန်မာ ​ပြည်ထဲရေး ​ဌာနက ​ရခိုင် ​ပြည်နယ်မှာ ​လုပ်ကိုင်ခွင့် ​ပိတ်ထားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ​ကျန်းမာရေး ​စောင့်ရှောက်ခွင့် ​ပိတ်ပင် ​ခံရတာ ​နှစ်ပတ်သာ ​ရှိသေးပေမယ့် ​ခုအခါမှာ ​ဒုက္ခရောက် ​နေကြပြီလို့ ​United ​to ​End ​Genocide ​အဖွဲ့ရဲ့ ​အကြီးအကဲ ​Tom ​Andrews ​က ​ပြောပါတယ်။

အမေရိကန် ​ကွန်ဂရက် ​လွှတ်တော် ​အမတ်ဟောင်း ​Tom ​Andrews ​ရဲ့အဆိုအရ ​ရခိုင်နဲ့ ​ရိုဟင်ဂျာ ​တွေဟာ ​ခုချိန်ထိ ​ယာယီ ​တဲစခန်းတွေမှာ ​သီးသန့်စီ ​နေထိုင်နေရပြီး ​နေရာ ​ကျဉ်းကျဉ်း ​လေးမှာ ​လူပေါင်း ​ကိုးသောင်းလောက် ​စုပြုံနေထိုင် ​တာကို ​တွေ့ခဲ့ရတယ်လို့ ​ပြောပါတယ်။

ရိုဟင်ဂျာ ​တွေအနေနဲ့ ​စခန်းပြင်ပကို ​ထွက်ခွာဖို့ ​အတွက် ​ဂိတ်ကြေးတွေ၊ ​လာဘ်ပေးမှုတွေ ​လုပ်ရတာတွေ ​ရှိပေမယ့် ​လှေတွေနဲ့ ​တခြားနိုင်ငံကို ​ထွက်ခွာခွင့်တော့ ​လွတ်လွတ် ​လပ်လပ် ​ရှိကြတယ်လို့ ​ပြောပါတယ်။

ဒီလို ​အခြေအနေ ​ကြောင့် ​ပြီးခဲ့တဲ့ ​နှစ်ကပဲ ​လူအယောက် ​သုံးသောင်းလောက် ​လှေတွေနဲ့ ​ထွက်ခွာကြပြီး ​အများစုကတော့ ​လူကုန်ကူးသူရဲ့ ​လက်ထဲ ​ရောက်ရှိ ​သွားကြတယ်လို့ ​ဆိုပါတယ်။

ကျန်းမာရေး ​ကောင်းသူတွေ ​အတွက်တောင် ​နေထိုင်ရ ​ခက်ခဲတဲ့ ​နေရာမှာ ​ကျန်းမာရေး ​စောင့်ရှောက်မှုတွေ ​မရကြတဲ့ ​အတွက် ​နာမကျန်း ​ဖြစ်သူတွေ ​ပိုပြီး ​အတိ ​ဒုက္ခရောက်နေကြ ​တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံ ​ဆေးရုံတွေမှာ ​ဆေးကုသခွင့် ​ရှိပေမယ့် ​အဲဒီကို ​သွားနိုင်ဖို့ ​ငွေကြေးပေးရတာတွေ၊ ​စခန်းပြင်ထွက်ရင် ​တိုက်ခိုက်ခံရမှာ ​စိုးရိမ်တာတွေကြောင့် ​မသွားဖြစ်ကြဘူးလို့ ​ဆိုပါတယ်။

ဒါကြောင့် ​တချို့လူတွေမှာ ​သောက်စရာဆေးမရှိတာတွေ၊ ​သောက်ရမယ့်ဆေး ​ကုန်ခါနီးတဲ့ ​အခြေအနေမှာ ​ရှိနေတယ်လို့ ​ဆိုပါတယ်။

ဆေးရုံတက်ဖြစ်တဲ့လူတွေကလည်း ​ရန်ကုန်က ​အထူးကုတွေကို ​ပြသမှ ​ရမယ်လို့ ​ရခိုင်ပြည်နယ်က ​ဆရာဝန်တွေ ​ညွန်ကြားချက်ရလာရင်လည်း ​သွားရောက်ကုသဖို့ ​ငွေမရှိတာတွေ၊ ​တခြားနယ်ကို ​ခရီးသွားခွင့်လက်မှတ်ရဖို့အတွက် ​ငွေမတတ်နိုင်ကြတဲ့ ​အခြေအနေမှာ ​ရှိနေတဲ့အတွက် ​သေဆုံးခဲ့ရသူ ​တချို့ရှိနေပြီလို့ ​သတင်းတွေမှာ ​ဖော်ပြထားပါတယ်။

သူ့အနေနဲ့ ​ရခိုင်ပြည်နယ်ကို ​တစ်ကြိမ်ထက်မနည်း ​သွားရောက်ဖူးပေမယ့် ​ဒီတချီမှာတော့ ​တင်းမာမှုတွေ၊ ​သီးမခံနိုင်မှုတွေ၊ ​မုန်းတီးရေးစကားတွေကို ​ပိုမိုကြားခဲ့ရတယ်လို့လည်း ​သူက ​ပြောပါတယ်။

မြန်မာနိုင်ငံရေးမှာ ​လမ်းကြောင်းမှန်ဘက်ကို ​ရောက်လာနေပြီလို့ ​ယူဆနေကြပေမယ့် ​ရိုဟင်ဂျာအရေးမှာတော့ ​အခြေအနေပိုဆိုးဝါးနေတယ်လို့လည်း ​ပြောပါတယ်။

ဒေသတွင်းမှာ ​အကူအညီပေးနေတဲ့ ​တခြားအဖွဲ့အစည်းတွေရှိပေမယ့် ​ပွင့်ပွင့်လင်းလင်း ​ပြောဆိုဖို့ ​ကြောက်နေကြတဲ့အကြောင်း ​သူကိုယ်တိုင်တောင် ​ထောင်လှမ်းရေးတွေရဲ့ ​နောက်ယောင်ခံမှုကို ​ခံရတဲ့အတွက် ​အဲဒီကလူတွေဟာ ​အကြောက်တရားတွေနဲ့ ​နေနေရတယ်လို့ ​ပြောသွားခဲ့ပါတယ်။

No comments: