Saturday, March 15, 2014

ယာကြီး-ကလေးဝ တောင်ပေါ်ကားလမ်း တစ်ပတ်အတွင်း ယာဉ်နှစ်စီးတိမ်းမှောက်

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ယာကြီးကျေးရွာနှင့် လာပို့ကျေးရွာအကြား မုံရွာ-ယာကြီး-ကလေးဝ တောင်ပေါ်ကားလမ်းတွင် တစ်ပတ်အတွင်း ယာဉ် နှစ်စီး ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ လူသေဆုံးမှုများ ရှိခဲ့သည်ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာတပ်ဖွဲ့ခွဲမှူး ရဲမှူးခင်ဇော်မြင့်က မတ်လ ၁၂ ရက်တွင် ပြောသည်။

ယခုလ ၁၀ ရက် ညနေ ၇ နာရီအချိန် တွင် အဆိုပါကားလမ်း၏ မိုင်တိုင် အမှတ် ၅၈၊ နတ်စင်ကုန်းအဆင်း နေရာရှိ ပေ ၁၅၀ ကျော်နက် သည့် တောင်ကမ်းပါးချောက်ထဲသို့ ၁၂ ဘီး ကုန်တင်ယာဉ်ကြီးတစ်စီး ထိုးကျ ခဲ့သည်ဟု ကနီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

လာပို့ နယ်ရဲကင်းစခန်းက အဆိုပါ ယာဉ်တိမ်းမှောက်ရာသို့ သွားရောက်စစ်ဆေးခဲ့ရာ တိမ်းမှောက်ယာဉ် သည် မန္တလေးမြို့မှကလေးမြို့သို့ ကုန်စည်များတင်ဆောင်လာသည့် နစ်ဆန်းဖြူနီကြား ၁၂ ဘီးအမျိုးအစား ယာဉ်တစ်စီးဖြစ်သည်ဟု ဆိုသည်။

ချောက်ထဲသို့ ယာဉ်တိမ်းမှောက် ထိုးကျခဲ့သည့်အတွက် ယာဉ်မောင်း ကိုမျိုးခိုင်နှင့် ကိုငြိမ်းချမ်းတို့နှစ်ဦးမှာ ကားပိ၍ နေရာ၌ သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ကိုစိုးမြင့်နိုင်မှာ ယာလက်ချောင်းများကြေမွပြီး နားမှ သွေးထွက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကနီ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသ ခံလျက် ရှိသည်။
ကနီမြို့မရဲစခန်းက မတ်လ ၁၁ ရက် မနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ယာဉ် (ပ)၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က)/ ၃၃၇ / ၃၃၈ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါကားလမ်းပိုင်းတွင် မတ်လ ၄ ရက်က သစ်ဝါးများ တင်ဆောင်လာသည့် ကုန်တင်ခြောက်ဘီးယာဉ် တစ်စီး အလားတူဖြစ်စဉ်ကဲ့သို့ ချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ လူနှစ်ဦးသေဆုံးခဲ့ပြီး ငါးဦး ပျောက်ဆုံးနေခဲ့သေးသည်။

အဆိုပါ ကားလမ်းပိုင်းတွင် ယာဉ်တိမ်းမှောက်မှု အများဆုံး ဖြစ်ပွားတတ်သည့် နေရာမှာ မိုင်တိုင်အမှတ် ၄၀ နှင့် ၅၈ မိုင် အကြားဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင် တွေ့ရသည်။

No comments: